အာဆင်နယ်က အငှားနဲ့လာကစားနေတဲ့ တိုက်စစ်မှုးလေး ဘာလိုဂန်ရဲ့ နှစ်ပွဲဆက်ဖန်တီးပေးမှုအပြီးမှာတော့ ဘိုရို နည်းပြဖြစ်သူက ထုတ်ဖော်ချီးကျူးလာခဲ့ပါတယ်။ ဒါဘီကောင်တီကို ၄-၁ နဲ့နိုင်ခဲ့တဲ့ အိမ်ကွင်းပွဲစဥ်မှာ ဘာလိုဂန်တစ်ယောက်တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့တယ်လို့လဲသိရပါတယ်။
နိုင်ဂျီးရီးယားနွယ်ဖွား အဂ်လန်သားလေးဟာ တဖက်အသင်းနောက်ခံလူနှစ်ယောက်ကို ကျော်ပြီးကစားဖော် ဒွန်ကင်းဝတ်မိုးရ် ဆီအရောက်ပို့ပေးခဲ့ရာမှာ ဖနောင့်ကိုအသုံးပြုပြီး လှလှပပဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲဟာ အသင်းဆီစရောက်ကတည်းက ၄ ပွဲလောက်အရံခုံကနေပဲ လူစားဝင်ကစားနေခဲ့ရတဲ့ ဘာလိုဂန်အတွက် ပထမဆုံးအကြိမ် မိနစ် ၉၀ ပြည့်ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ နာကျင်အချိန်ပိုအရောက်လူစားလဲချိန်မှာတော့ ဟေးအန်းသားလေးကို မစ်ဒယ်ဘရော့ပရိတ်သတ်တွေက လှိုက်လှိုက်လှဲလှဲအားပေးခဲ့ကြပါတယ်။
မစ်ဒယ်ဘရော့နည်းပြ ခရစ္စဝိုင်ဒါကတော့ ဒီတိုက်စစ်မှုးလေးရဲ့ ထူးခြားတဲ့ခြေစွမ်းတွေကို ဒါဘီနဲ့ပွဲအပြီးမှာ ထုတ်ဖော်ချီးကျူးလာပါတယ်။ “ ဒီပွဲမှာ ရှေ့တန်းကစားသမားနှစ်ယောက်ရဲ့ အားထုတ်မှုတွေဟာ တော်တော်လေးကိုကောင်းမွန်ခဲ့ပါတယ်။ ပွဲချိန်မိနစ် ၆၀-၇၀ လောက်ကို မနားတန်းကစားသွားခဲ့ကြပြီး ကွန်နိုလီ နဲ့ ဖလို (ဘာလိုဂန်)တို့ နှစ်ယောက်ကလဲ တစ်ကွင်းလုံးကို သိမ်းပိုက်ထားဖို့ ကြိုးစားသွားခဲ့ကြတာပါ။ သူတို့ နှစ်ယောက်အတွက် ဝမ်းသာမိပါတယ် “ ဆိုပြီးပြောဆိုခဲ့တာပါ။
ဆက်လက်ပြီး သူကပဲ “ တဖက်အသင်းရဲ့ကွင်းဖက်ခြမ်းမှာဆိုရင် ပြိုင်ဖက်ကို Press လုပ်ကစားတယ်။ ကစားကွက်ကို ပျက်စေတယ်။ နှစ်ယောက်စလုံးဟာ ထူးထူးချွန်ချွန်ကစားသွားခဲ့ကြတာပါ။ အံ့သြစရာလုပ်အားနှုန်းနဲ့အတူ ပွဲကိုထိမ်းချုပ်သွားခဲ့ကြတာပါ “ လို့ အထူးတလည်ထပ်မံချီးကျူးခဲ့ပါတယ်။
မစ်ဒယ်ဘရော့တို့ရဲ့ ရေးဗားဆိုက်ကွင်းကြီးဆီကို ပြောင်းမလာခင်မှာ ဘာလိုဂန်ဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလားတွေမှာ မိနစ်ပေါင်း ၁၃၀ ကျော်ကစားပေးထားပါသေးတယ်။
U23 အသင်းအတွက်ခြေစွမ်းပြနိုင်ခဲ့ပေမယ့် စီနီယာအဆင့်မှာတော့ လိုအပ်ချက်တွေရှိနေသေးတာကိုလဲမြင်ခဲ့ရတဲ့နောက် အာဆင်နယ်တို့ဟာ အငှားချဖို့စီစဥ်ခဲ့ရပါတယ်။ လက်ရှိအခြေအနေအရတော့ ပထမပွဲထွက်ကစားသမားဘဝနဲ့ ယဥ်ပါးစပြုလာတဲ့ ဘာလိုဂန်ဟာ ဘိုရိုအတွက်လည်း ခြေစွမ်းပြစပြုနေပါပြီ။
“ ဘာလိုဂန်အတွက် အသင်းကြီးမှာကစားရတဲ့ မိနစ်အရေအတွက်နဲ့ သူပြသထားတဲ့စွမ်းဆောင်ရည်အရ U23 မှာပဲကစားနေရတာလည်း သူ့အတွက်မမျှတပါဘူး “ လို့ အာတီတာကလည်းမှတ်ချက်ပေးခဲ့ဖူးပါတယ်။
Football London သတင်းစာကတော့ ဘာလိုဂန်ရဲ့ ခြေစွမ်းကြောင့် အာတီတာရဲ့ တိုက်စစ်မှုးခေါ်ယူရေးအစီအစဥ်တွေတောင် အပြောင်းအလဲရှိကောင်းရှိနိုင်တယ်ဆိုပြီး ခေါင်းစဥ်တပ်ရေးသားလာပါတယ်။ တကယ်လည်း ဘာလိုဂန်ရဲ့ ချိတ်ဆက်ကစားနိုင်စွမ်းဟာ အာတီတာ ထည့်စဥ်းစားရမယ့် အနေအထားတစ်ခုမှာတော့ရှိနေပြီဖြစ်ပါတယ်။