အာဆင်နယ်နဲ့ သတင်းထွက်လာတဲ့ တိုက်စစ်မှုးနှစ်ယောက်

ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ ကစားသမားမဝယ်ဖြစ်ခဲ့တဲ့အခါ  လာမယ့်နွေရာသီမှာ  အာဆင်နယ်ရဲ့ လှုပ်ရှားမှုတွေကို ခပ်စိပ်စိပ်မြင်ရတော့မယ်ဆိုတာ အကြမ်းဖျင်းအားဖြင့် ခန့်မှန်းနိုင်ပါတယ်။  ထုံးစံအတိုင်း ဟိုလူ့ကိုခေါ်မယ် ၊​ ဒီလူ့ကိုခေါ်မယ်ဆိုပြီး သတင်းတွေအများကြီးထွက်လာပြန်တယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်ကိုပြန်ကြည်ရင် ၁၀ ဦးထက်မနဲတဲ့ ကစားသမားတွေနဲ့ နာမည်ထွက်ခဲ့ပေမယ့် တကယ်တန်းကြိုးစားခဲ့တာတော့ ဗလာဟိုဗစ် ၊ အီဆက်ခ်၊ ဒေးဗီးစ်နဲ့ မယ်လိုတို့လောက်သာရှိပါတယ်။ ပြန်ဆက်စပ်ကြည့်တဲ့အခါ ယုံကြည်ရတဲ့သတင်းဌာနတွေကဖော်ပြခဲ့တဲ့သူတွေကိုပဲ အာဆင်နယ်တို့ဟာ အမှန်အကန် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ အာဆင်နယ်အသင်းက ခေါ်ယူမယ်ဆိုပြီးရေးသားဖော်ပြလာကြတဲ့ တိုက်စစ်ကစားသမား ၂ ယောက်ရှိပါတယ်။ သူတို့က အန်ကန်ကူ  ( Four Four Two နဲ့ Mirror ) နဲ့ ဘရိုဂျာ ( The Athletic ) တို့ပဲဖြစ်ပါတယ်။ ဒီသတင်းဌာနတွေကလဲ ယုံကြည်ရတယ်လို့ ပြောလို့ မရပေမယ့် ချက်ချင်းမေ့ပစ်လိုက်ရမယ့် စာရင်းထဲမှာလည်းရှိမနေပြန်ပါဘူး။  ဒါကြောင့်  ဒီတိုက်စစ်မှုး ၂​ယောက်သာ အာဆင်နယ်အသင်းကို အမှန်တကယ်ရောက်လာရင် ၊ ဒါမှမဟုတ် ကြိုးပမ်းမယ်ဆိုရင် ဘယ်လိုရှိမလဲဆိုတာကို ရေးသားလိုက်ရပါတယ်။ ကြိုပြီးပြောလိုတာက   Analytic ဆောင်းပါးမဟုတ်ပဲ  မှတ်စုတိုများသာဖြစ်ကြောင်းအသိပေးလိုပါတယ်။

ခရစ္စတိုဖာ အန်ကန်ကူ

ဒီလိုက်ဇစ်တိုက်စစ်သမားကို တစ်ပွဲလောက်ကြည့်ဖူးတယ်ဆိုရင်ပဲ  အာဆင်နယ်အသင်းအတွက်ခေါ်ထားချင်မှာပါ။  ပွဲစပွဲဆုံးမမောတန်းကစားနိုင်တာ ၊  အလိမ်အလှဲ့ကောင်းတာ ၊ ဂိုးသွင်းသေချာတာ  .. စသည်ဖြင့် မက်မောစရာအစွမ်းအဆတွေအပြည့်နဲ့ပါပဲ။ အသက်ကလဲ ၂၄ နှစ်ပဲရှိသေးတဲ့အပြင် ဂိုးသွင်းမှတ်တမ်းကောင်းကိုလဲ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါ့အပြင် ကစားဖော်တွေအတွက် အခွင့်အရေးတွေဖန်တီးပေးနိုင်သလို ၊ ကစားကွက်ကိုလဲ သက်ရောက်မှုကြီးကြီးပေးနိုင်တဲ့ တိုက်စစ်မှုးပါပဲ။  လိုအပ်ချက်အရ တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်မှာလည်း ကစားနိုင်ပါသေးတယ်။

သူက အမ်မရီလက်ထက်ကတည်းက အာဆင်နယ်နဲ့သတင်းတွေရှိခဲ့ဖူးပေမယ့်  ထိုစဥ်က ပီအက်စ်ဂျီပလေယာဟာ ဂျာမန်လိဂ်ကိုပဲရောက်သွားခဲ့တယ်။ အခုလဲ လိုက်ဇစ်မှာပြနေတဲ့ခြေစွမ်းတွေအရ တိုက်စစ်မှုးလိုနေတဲ့အာဆင်နယ်နဲ့ သတင်းလုပ် ရေးသားနေကြတာဖြစ်ပါတယ်။

ငွေသုံးမှာသေချာနေတဲ့ အာဆင်နယ်အတွက် ဒီကစားသမားဟာ တကယ်ပဲ ကြိုးပမ်းဖြစ်မှာလားဆိုတာကိုတော့ ဒီရာသီကုန်ရင်သိရမှာဖြစ်ပါတယ်။

Advertisements

အာမန်ဒို ဘရိုဂျာ

အလတ်ဆတ်ဆုံးသတင်းတစ်ပုဒ်ပါပဲ။ 

ဆောက်သမ်တန်မှာ အငှားကစားရင်း အစွမ်းတွေပြနေတဲ့ ချဲလ်ဆီးကစားသမားလေးကို အားလုံးကစောင့်ကြည့်နေကြတာပါ။ ဒီရာသီ သွင်းဂိုး ၈ ဂိုးရရှိထားတဲ့အပြင်  ဧရိယာထဲမှာ အစွမ်းကောင်းတွေပြနိုင်တဲ့ တိုက်စစ်မှုးလေးကို စိန့်တို့ကလဲ အပြီးသတ်ခေါ်ထားချင်သလို ချဲလ်ဆီးပရိတ်သတ်တွေကလည်း မခေါ်ပေးရင် ဒါရိုက်တာအဖွဲ့တွေထွက်  ဆိုပြီးပြောတာမျိုးအထိရှိပါတယ်။

တချိန်က ချဲလ်ဆီးတိုက်စစ်မှုး ဒီယေဂို ကော်စတာကို ပြန်ပြီးသတိရစေတဲ့အထိ ခြေစွမ်းခြေစရှိတဲ့တိုက်စစ်မှုးလေးဟာ  Football London က ခရစ်စ်ဝီတလေ ရဲ့သတင်းတစ်ပုဒ်တက်လာ အပြီးမှာတော့ အာဆင်နယ်ပရိတ်သတ်တွေနဲ့တိုက်ရိုက်သက်ဆိုင်လာပါတော့တယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီးကြားမှာ အပြောင်းအရွှေ့တွေက အကျိုးပေးလေ့တော့မရှိပါဘူး။​ဒါပေမယ့်အဖြစ်အပျက်တွေက အမြဲတူညီနိုင်မှာမဟုတ်ပါဘူး။  အာမန်ဒိုဘရိုဂျာ ရဲ့ ခြေစွမ်းခြေစကို အာဆင်နယ်အသင်းရဲ့  Squad  ထဲကိုပစ်ထည့်လိုက်မယ်ဆိုရင် ဖြစ်လာမယ့်အရာတွေကတော့ စိတ်လှုပ်ရှားစရာတော်တော်ကောင်းပါတယ်။ အသက် ၂၀ ပဲရှိသေးတဲ့ကစားသမားလေးဟာ အာဆင်နယ်ရဲ့လက်ရှိအစုအဖွဲ့နဲ့ပေါင်းလိုက်မယ်ဆိုရင် အသင်းရဲ့ ကစားပုံရော ဂိုးသွင်းနှုန်းရောဟာ ပိုပြီးကောင်းလာမှာတော့အသေအချာပါပဲ။

တကယ်တမ်းလက်တွေ့မှာဖြစ်လာမလာကို ခန့်မှန်းကြည့်ရမယ်ဆိုရင်တော့  အန်ကန်ကူက ပိုပြီးလွယ်ကူဖွယ်ရှိတယ်လို့သိရပါတယ်။ ဘရိုဂျာကိုတော့ ချဲလ်ဆီးအနေနဲ့ သူတို့ကိုယ်တိုင်မှာလဲတိုက်စစ်မှုးလိုအပ်ချက်ရှိနေချိန်မှာ  မြို့ခံပြိုင်ဖက်ကို  သူတို့ရဲ့ လူငယ်ကစားသမားလေးကိုရောင်းချဖို့ဆိုတာ ဖြစ်နိုငိချေနဲပါတယ်။ ဘရိုဂျာအတွက် တစ်ခုထဲသောဆွဲဆောင်မှုကတော့ အာဆင်နယ်ရဲ့လူငယ်ဦးစားပေး အစီအစဥ်တွေသာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ဒီကစားသမားတွေကိုဆွဲဆောင်နိုင်မယ့် အချက်တစ်ချက်လဲဖြစ်ပါတယ်။ နောက်ဆုံးတက်လာတဲ့ Athletic ရဲ့သတင်းအရတော့ အန်ကန်ကူကို ချဲလ်ဆီးကလဲ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

Advertisements

Leave a Reply

%d bloggers like this: