မန်ချက်စတာယူနိုက်တက် ဂန္တဝင် ရီယိုဖာဒီနန်က အူဘာမီယန်ကို အသင်းကနေ ဝေးကွာစေခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကနေ လမ်းကြောင်းပြောင်းကောင်းပြောင်းသွားစေနိုင်တယ်လို့ ပြောဆိုလာပါတယ်။ လတ်တလောမှာတော့ ၂ ပွဲလျော့ကစားပြီး အဆင့် ၄ နေရာနဲ့တစ်မှတ်သာကွာနေတဲ့အခြေအနေကတော့ အာဆင်နယ်အသင်းအတွက်အခြေအနေကောင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မိုလီနော့ဇ် ကွင်းမှာ ၁ ဂိုးထဲနဲ့ကပ်နိုင်သွားခဲ့တဲ့ ဝုဗ်နဲ့ပွဲကြောင့် Top 4 အိမ်မက်က တော်တော်လေးအားကောင်းနေပါတယ်။
ဒါပေမယ့် အာဆင်နယ်ဟာ ဘောက်ဇင်းဒေးအလွန်မှာ ၂ ဂိုးသာသွင်းနိုင်သေးသလို ဝုဗ်အသင်းကိုအနိုင်ရတဲ့ပွဲမှာလည်းဂိုးသွင်းသူက နောက်တန်းက ဂါဘရီယယ်ဖြစ်နေပါတယ်။
ဖာဒီနန်ကတော့ အူဘာမီယန်ကို ထွက်ခွာစေခဲ့ပြီး ပြန်လည်အားဖြည့်မှုမလုပ်နိုင်ခဲ့တာဟာ မြောက်လန်ဒန်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်လမ်းကြောင်းမှာ ပြသနာရှိစေနိုင်တယ်လို့ BT Sports နဲ့တွေ့ဆုံရာမှာ သုံးသပ်သွားခဲ့ပါတယ်။
“ ဂိုးတွေဘယ်သူသွင်းမှာလဲ .. အူဘာမီယန်က မရှိတော့ဘူး။ သူအသင်းမှာ ရှိနေစဥ်မှာ ခြေစွမ်းမပြနိုင်ခဲ့ဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့် သူက အရေးပါတဲ့ကစားသမားပါ။ သူက အသင်းခေါင်းဆောင်ပါ။ အခုအချိန်ထိအာဆင်နယ်အသင်း ထိပ်ဆုံးလေးသင်းမှာရှိရမယ့် အကြောင်းပြချက်တစ်ခုခု ၊ တည်ငြိမ်မှုတစ်စုံတစ်ရာကို သူတို့မပြသနိုင်သေးပါဘူး “ ဆိုပြီးပြောခဲ့တာပါ။
သူပြောတာဘယ်လောက်ထိမှန်ပါသလဲ .. အာတီတာဟာ ဒီကိစ္စမှာ တာဝန်ရှိသူတစ်ယောက်ဖြစ်ပါသလား။
အမ်းမရိတ်မှာ တိုက်စစ်မှုးလိုအပ်နေတာ အူဘာမီယန် မထွက်ခွာခင်ကတည်းကပါ။ ဒီတော့ အသင်းရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ယောက်အသင်းကထွက်ခွာသွားချိန်မှာ ဘာကြောင့်အစားထိုးဖို့မကြိုးစားခဲ့သလဲဆိုတာက သေချာပေါက်မေးခွန်းထုတ်ရမယ့်ကိစ္စပါပဲ။
အာဆင်နယ်နဲ့ လီဗာပူးကစားသမားဟောင်း သောမတ်စ်ကတော့ အခုလိုပဲပြောဆိုထားပါတယ်။
“ အူဘာမီယန်ဟာ အတွေ့အကြုံရင့်ကစားသမားတစ်ယောက်ဖြစ်ပြီး ကွင်းတွင်း ကွင်းပြင်မှာ အသင်းကိုဦးဆောင်ရမယ့်သူဖြစ်ပါတယ်။ သူက အသင်းမှာအသင်းမှာ အရာအားလုံးကိုနားလည်ထားပြီး အကူအညီပေးရမယ့်သူဖြစ်သင့်တာပေါ့။ ဒါပေမယ့် ကံဆိုးစွာပဲ ဒီလိုအခြေအနေဖြစ်မလာခဲ့ပါဘူး။ အဆင်ပြေမယ့် အဖြေတစ်ခုကိုလည်း ပါဝင်ပတ်သတ်သူတွေအားလုံးဟာ ရှာဖွေနိုင်ခဲ့ပုံမပေါ်ပါဘူး။
ဒီတော့ လက်ရှိလူစာရင်းဟာ လုပ်စရာရှိတာဆက်လုပ်သွားနိုင်မယ်လို့ပဲမျှော်လင့်ရမှာပေါ့။ လက်ရှိကစားသမားအစုအဖွဲ့ကိုပဲ အာရုံစိုက်လိုက်တာပိုကောင်းပါတယ် “ ဆိုပြီးပြောသွားခဲ့ပါတယ်။
ဒီမေးခွန်းတွေကိုအဖြေပေးမှာက အချိန်ပဲဖြစ်ပါလိမ့်မယ်။ အားလုံးကတော့ ထင်မြင်ယူဆချက်တွေကိုပြောနေကြမှာပဲဖြစ်ပါတယ်။