ဒီရက်ပိုင်း အာဆင်နယ်ပရိတ်သတ်တွေအစိုးရိမ်ဆုံးအကြောင်းအရာတစ်ခုကိုပြောရရင် ဆာကာ ကိုအသင်းကြီးတစ်သင်းထံဆုံးရှုံးရမယ်ကိစ္စပဲဖြစ်ပါလိမ့်မယ်။ ကစားသမားကိုယ်တိုင်က သူ့ရဲ့ ရည်မှန်းချက်ကို ထုတ်ပြောလာပြီးတဲ့နောက်မှာ အာဆင်နယ်အသင်းရဲ့ လက်ရှိအနေအထားကြောင့် ပိုပြီးစိုးရိမ်လာကြပါတယ်။ အကယ်၍ ကာလရှည်စာချုပ် ချုပ်ဆိုဖို့ကို မစည်းရုံးနိုင်ဘူးဆိုရင် စျေးကောင်းရအောင် စောစောဆီးဆီးရောင်းထုတ်ရနိုင်ချေလဲရှိနေပါတယ်။
ဒါပေမယ့် အာတီတာကတော့ ကစားသမားနဲ့ အသင်းကြားမှာဆွေးနွေးမှုတွေရှိနေပြီဆိုပြီး The Standard နဲ့တွေ့ဆုံရာမှာအတည်ပြုပေးခဲ့ပါတယ်။
“ ကစားသမား ၊ သူ့ရဲ့အေးဂျင့် ၊ မိသားစုဝင်တွေနဲ့အသင်းရဲ့အကြားဆွေးနွေးမှုတွေစတင်နေခဲ့ပြီးပါပြီ။ ဒါဟာတကယ်ကိုအရေးကြီးတဲ့ကိစ္စပါ။ အားလုံးက လုပ်ဆောင်ဆဲကိစ္စတွေပါ “ ဆိုပြီး ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးအာတီတာက
“ ဘူကာယိုကို အသင်းမှာ တတ်နိုင်သရွေ့အကြာကြီးဆက်ရှိနေဖို့ ဆန္ဒရှိပါတယ်။ သူကအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အသင်းရဲ့ DNA ကိုလဲပိုင်ဆိုင်ထားသလို ရင့်ကျက်တိုးတက်လာနေပါတယ်။ သူဟာအသင်းမှာဘယ်လောက်အရေးကြီးတဲ့ ကစားသမားဆိုတာကို မေးခွန်းထုတ်စရာမလိုပါဘူး “ ဆိုပြီးပြောဆိုလာတာပါ။
စာချုပ်သစ်မှာ ခံစားခွင့်တွေ ၊ လစာတွေပိုမိုမြင့်မားနေရုံမျှမက အသင်းကြီးတွေနဲ့ ယှဥ်ပြိုင်နိုင်ဖို့ကလဲ အရေးကြီးပါတယ်။ အာဆင်နယ်နဲ့ ကစားသမားကြားလွဲချော်မှုတစ်ချက်ရှိတာနဲ့ လီဗာပူးအပါအဝင်အသင်းကြီးတွေက ချက်ခြင်းကြားဝင်ကြိုးစားကြမှာဖြစ်ပါတယ်။ အာတီတာအနေနဲ့ကတော့ အသင်းရဲ့လူငယ်ကစားသမားအားလုံးကို ပိုမိုးတိုးတက်လာဖို့အတွက် အထူးအာရုံစိုက်နေတာကိုတွေ့ရပါတယ်။ အထူးသဖြင့် ပထမကစားသမားတွေဖြစ်နေကြတဲ့ ဆာကာ ၊ စမစ်ရိုးနဲ့ မာတင်နယ်လီတို့အပေါ်မှာဖြစ်ပါတယ်။
“ အဓိက အချက် ၂ ချက်ရှိပါတယ်။ အသင်းမှာ လူငယ်တွေကိုတိုးတက်စေမယ့် ပတ်ဝန်းကျင်တစ်ခုရှိဖို့ရယ် ၊ အသင်းမှာပြိုင်ဆိုင်မှုပြင်းထန်နေတဲ့အချိန်မှာလဲ ကစားသမားတွေပိုမိုတိုးတက်နေစေဖို့ပါပဲ။ ဆိုလိုတာက ထိပ်တန်းကစားသမား ၃ ယောက်လောက်ကိုခေါ်လိုက်တယ်ပဲထား .. လူငယ်လေးတွေအနေနဲ့ပွဲထွက်ခွင့်ကဆုံးရှုံးသွားနိုင်ပါတယ်။ ဒီတော့ နှစ်ခုလုံးအဆင်ပြေဖို့ကတော့ခက်ပါတယ်။ ကစားသမားကောင်းတွေကို ငွေကြေးအကုန်အကျခံပြီးခေါ်မယ်ဆိုရင် ကွင်းထဲမှာ ဒီငွေကြေးတွေကရှိနေပါလိမ့်မယ်။ ဒါဟာ လူငယ်လေးတွေကွင်းထဲမှာမရှိနိုင်တော့ဘူးဆိုတဲ့အခြေအနေပါပဲ။
ဒီတော့ မျှတတဲ့အနေအထားတစ်ခုကို ဖန်တီးရပါမယ်။ အသင်းအတွက်လိုအပ်တဲ့အဆင့်အတန်းတစ်ခုကို ဖန်တီးရပါမယ်။ ဒါဟာ ကျွန်တော်တို့ကြိုးစားလုပ်ဆောင်နေတဲ့အရာပဲဖြစ်ပါတယ် “
အာတီတာရဲ့ပြောဆိုမှုက စိတ်ဝင်စားစရာတော့ကောင်းနေပါတယ်။ သူ့အဆိုအရ ခေါ်ယူမယ့်ကစားသမားတွေက လက်ရှိလူငယ်တွေရဲ့အရံဖြစ်ရင်ဖြစ် ၊ မဖြစ်ရင်လဲ နောက်ထပ်လူငယ်လေးတွေပဲဖြစ်နေဖို့ရှိပါတယ်။ ဒါဟာ သူဖန်တီးနေတဲ့ အရာတစ်ခုလဲဖြစ်နိုင်ပါတယ်။