တီယာနေကို ခေါ်ယူဖို့ ရီးရဲမက်ဒရစ် လျာထား
အာဆင်နယ်အသင်းရဲ့ အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ ကီရင်တီယာနေ ဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ ခါ်ယူဖို့ထည့်သွင်းစဥ်းစားတဲ့စာရင်းထဲမှာပါဝင်နေတယ်လို့ သိရပါတယ်။ စပိန်ဘီလူးကြီးဟာ မကြာခင်ထွက်ခွာတော့မယ့် သူတို့ရဲ့ အထင်ကရကစားသမား မာဆယ်လိုရဲ့နေရာအစားထိုးဖို့အပြင် မန်ဒီရဲ့နေရာကိုပါ အင်အားဖြည့်တင်းနိုင်ဖို့အတွက် ကစားသမားကောင်းတွေရှာဖွေနေတာဖြစ်ပါတယ်။ The Scotsman ရဲ့သုံးသပ်ချက်အရတော့ အသက် ၂၄ နှစ်အရွယ်ကစားသမားရဲ့ အာဆင်နယ် အသင်းမှာရရှိထားတဲ့အခြေအနေကောင်းတွေကြောင့် ဒီသတင်းဟာ ဆက်လက်အကောင်အထည် ပေါ်လာဖွယ်မရှိဘူးလို့ သုံးသပ်ရေးသားသွားခဲ့ပါတယ်။
တိုင်လ်ီမန်းစ် အသင်းပြောင်းမှာသေချာတယ်လို့ ရိုမာနိုပြော
အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖေဘရီဇီယို ရိုမာနိုက တိုင်လီမန်းစ်ဟာ လက်စတာအသင်းနဲ့စာချုပ်သက်တမ်းတိုးတော့မှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။ ဒါကြောင့် အသင်းကြီးများစွာဟာ လာမယ့်ဇွန်လမှာ ကစားသမားကို စတင်ချဥ်းကပ်ကြတော့မှာဖြစ်ပါတယ်။ လတ်တလောအနေအထားမှာတော့ မန်ယူ ၊ လီဗာပူး နဲ့အာဆင်နယ်တို့က စိတ်ဝင်စားမှုပြသထားကြပါတယ်။
မက်တာနာ အသင်းကိုလာဖို့သေချာနေပြီဖြစ်လို့ လီနိုလဲအသင်းပြောင်းဖွယ်ရှိ
ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာအသင်းကိုခေါ်ယူခဲ့တဲ့ ဂိုးသမားမတ်တာနာရဲ့အပြောင်းအရွှေ့ဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေအပြီးသတ်နိုင်ခဲ့ပြီဖြစ်လို့ နွေရာသီမှာ ဂန်းနားတို့ဆီရောက်ရှိလာမှာဖြစ်ကြောင်း သတင်းများက ဖော်ပြလာကြပါတယ်။ မတ်တာနာဟာလည်း အာဆင်နယ်အကျီဝတ်ဆင်ထားတဲ့သူ့ရဲ့ ပုံဟောင်းတစ်ပုံကိုလဲ ဆိုရှယ်မီဒီယာမှာ ပြသခဲ့ပါတယ်။ ဒီသတင်းတွေနဲ့အတူ လီနိုဟာ ရာသီကုန်မှာအသင်းကနေထွက်ခွာသွားတော့မှာဖြစ်တယ်ဆိုတဲ့သတင်းတွေကလဲ ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။
အသင်းအပေါ်အမြင်နဲ့သူ့ရဲ့ အနာဂတ်ရည်မှန်းချက်ကို ပွင့်ပွင့်လင်းလင်းပြောဆိုလာတဲ့ ဆာကာ
Sky Sports နဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဆာကာ ဟာသူရဲ့အနာဂတ်ရည်မှန်းချက်တွေနဲ့ လက်ရှိအာဆင်နယ်အသင်းအပေါ်မှတ်ချက်ပေးခဲ့ပါတယ်။
“ ချန်ပီယံလိဂ်ရဲ့ ညတွေဟာ အံ့သြစရာတွေနဲ့ပြည့်နေမှာပါ။ ကျွန်တော့်အတွက်တော့ အဲ့ဒီလိုခံစားချက်တွေကို ခံစားရဖို့ဆိုတာ အိမ်မက်တစ်ခုပါပဲ။ ဒီထက်ပိုပြီးလဲ ကြုံတွေ့ခံစားချင်တယ်ဗျာ “ လို့ပြောဆိုခဲ့တာပါ။ တဆက်ထဲမှာပဲအာဆင်နယ်အသင်းနဲ့ပတ်သတ်ပြီး “ ကျွန်တော်က ပိုပြီးတစ်ဆင့်မြင့်လာတဲ့ကစားသမားဖြစ်လာပြီလို့ထင်ပါတယ်။ ထို့အတူအသင်းကလဲ ပိုပြီးရှေ့ကိုရောက်လာပါတယ်။ ဘောလုံးဆိုတာ အသင်းလိုက်အားကစားတစ်ခုပါ။ တစ်ယောက်ခြင်းစီကအကောင်းဆုံးလုပ်ဆောင်ရင်း ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်လာခဲ့တာပါ “ ဆိုပြီးမှတ်ချက်ပေးသွားခဲ့ပါတယ်။
လာကာဇက်ကို ဆက်ဆွဲထားစေချင်တဲ့ ဒါရင်းဘန့်
အာဆင်နယ်ပရီတ်သတ်တစ်ဦးဖြစ်တဲ့ ဒါရင်းဘန့်က talkSPORT နဲ့တွေ့ဆုံရာမှာ အာဆင်နယ်အသင်းအနေနဲ့ လာကာဇက်ကို ဆက်ထိမ်းထားဖို့ သူ့ရဲ့အမြင်ကိုအခုလိုပဲ မျှဝေသွားပါတယ်။
“ သူ့ကိုစာချုပ်သစ်ချုပ်ချင်တယ်ဗျာ .. အသင်းမှာအင်အားတောင့်ဖို့လဲလိုပါတယ်။ တကယ်လို့အသင်းကို ကစားသမားသစ်ရောက်လာတယ်ဆိုရင်တော့ သူ့ကိုလိုနေပါသေးတယ်။ သူ့ကိုအသင်းကနေ အလွယ်တကူမထွက်ခွာခိုင်းသင့်ပါဘူး။ သူ့ကိုအရင်စာချုပ်ပါ။ ပြီးမှအသစ်ခေါ်ဖို့ကိစ္စဆက်လုံးပမ်းပါ။ အာဆင်နယ်အမှားတွေလုပ်လို့မဖြစ်ပါဘူး” ဆိုပြီး နောက်လူမလာခင် လက်ရှိလူကို အခိုင်အမာဆွဲထားဖို့အကြံပြုခဲ့ပါတယ်။