ခက်ခက်ခဲခဲကစားပြီး ၃ မှတ်ရခဲ့တဲ့ အာဆင်နယ် (Post Match Review – vs Wolve (A) )

ဒီပွဲအကြောင်းကိုသုံးသပ်ရမယ်ဆိုရင် အပိုင်း  ၃ ပိုင်းခွဲပြီးပြောရမှာဖြစ်ပါတယ်။ အာဆင်နယ်ဂိုးမရခင်အပိုင်း ၊  မာတင်နယ်လီ အနီကတ်မထိခင်အပိုင်းနဲ့ လက်ကျန်မိနစ်တွေဆိုပြီးခွဲပြောရမှာဖြစ်ပါတယ်။  ၃ မှတ်ရပြီး ချန်ပီယံလိဂ်အိမ်မက် ၊ ဥရောပအိမ်မက်တွေနဲ့ ပိုပြီးနီးစပ်လာတဲ့အတွက် အာဆင်နယ်တို့ ပျော်ရွင်ခဲ့ရသလို ၊ လက်ကျန် ၁၆ ပွဲအတွက် ပြင်ဆင်ရမယ့်အပိုင်းတွေလဲရှိနေပါတယ်။

ပွဲမစခင်ထဲက ကြိုတင်ခန့်မှန်းခဲ့ကြတဲ့အတိုင်း ကျစ်လစ်ပြီးကစားအားကောင်းတဲ့ အိမ်ရှင်ဝုဗ်တို့ဟာ အာဆင်နယ်ကို အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အစောပိုင်းတွေမှာဆိုရင် အာဆင်နယ်ဟာ ကြောက်နေခဲ့တယ်လို့တောင်ပြောရမှာဖြစ်ပါတယ်။ အာဆင်နယ်ကစားသမားတွေဟာ နေရာယူပုံမှာရော ၊ ပုံမှန် function တွေကိုလုပ်ဆောင်ရာမှာပါ အားနဲချက်အချို့ရှိခဲ့ပါတယ်။ ဝုဗ်ကလည်း ခံစစ်တန်းနဲ့ ကွင်းလယ်ကြားမှာ နေရာလွတ်မရှိသလောက်ကို စနစ်တကျ Block ကိုတည်ဆောက်ထားနိုင်ခဲ့လို့ အာဆင်နယ်တို့ဟာ ထိုးဖောက်ရခက်နေပါတယ်။ ဒါ့အပြင် Quality ပိုင်းမှာလဲ အားနဲချက်အချို့တွေ့ရပါတယ်။ ၁၀ မိနစ်ဝန်းကျင်မှာ မာတင်နယ်လီက  ဝုဗ်ဖက်က ၃ ယောက်လောက်ကို လှည့်ထွက်ပြီးဆွဲပြေးကာ လာကာဇက်ကို ချပေးနိုင်ခဲ့ပေမယ့် လာကာဇက်ကတော့ တူညီတဲ့အခြေအနေမှာပဲ ဘောလုံးပျက်ခဲ့ပါတယ်။ နောက်တန်းမှာလဲ ဘန်ဝှိုက်တစ်ယောက် အနဲငယ်ပုံစံပျက်နေခဲ့ပြီး ဂါဘရီရယ်က ကာကစားပေးနေရပါတယ်။ ဆာကာ နဲ့ အိုဒီဂတ်ရဲ့တွဲလုံးကနေ ဝုဗ်နောက်တန်းကို စတင်ထိုးဖောက်နိုင်တဲ့နောက်ပိုင်းမှာတော့အာဆင်နယ်တို့ပိုရဲတင်းလာခဲ့ပြီး ပွဲကအပြန်အလှန်ရှိလာခဲ့ပါတယ်။ အဖွင့်ဂိုးကိုတော့ ထောင့်ကန်ဘောကနေ လာကာဇက် ရဲ့အားထုတ်မှုကတဆင့် ဂါဘရီရယ်က သွင်းယူသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ပွဲကအပြန်အလှန်ရှိခဲ့တယ်ဆိုပေမယ့် အာဆင်နယ်တို့ကပိုပြီးအသာရယူနိုင်ခဲ့ပါတယ်။ ဝုဗ်ရဲ့  ပိုဒန့်စ် နဲ့ နီဗက်စ်တို့ရဲ့ ကွင်းလယ်ကလဲ ထိုးဖောက်နိုင်သလို အာဆင်နယ်နောက်တန်းကလဲ အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ဘန်ဝှိုက်ဟာ အစောပိုင်းတုန်းက ကစားပုံနဲနဲပျက်ခဲ့ပေမယ့် ပွဲချိန်များလာတာနဲ့အမျှ စွမ်းဆောင်ရည်တည်ငြိမ်လာခဲ့ပါတယ်။ ပွဲတိုင်းအနီကတ် တစ်ယောက်မဟုတ် တစ်ယောက်ရတဲ့ အာဆင်နယ်ဟာ ဒီပွဲမှာလဲ ရင်တထိတ်ထိတ်နဲ့ပဲကြည့်နေခဲ့ရပါတယ်။ အဝါကတ်တွေများခဲ့ပြီး၊ ဒီလိုကိစ္စမျိုးမှာ မပါမဖြစ် ရှာခါဟာလည်း လီဗာပူးနဲ့ပွဲတုန်းက အနီကတ်ထိတဲ့နေရာလောက်မှာပဲ ပစ်ဒဏ်ကျူးလွန်ခဲ့လို့ အဝါကတ်ထိခဲ့ပါသေးတယ်။ ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့်  သူတို့လဲ ဝုဗ်နောက်တန်းနဲ့ဂိုးသမားကိုမကျော်နိုင်ခဲ့ကြပါဘူး။  ၁ ဂိုးနဲ့ပဲ ဦးဆောင်ထားနိုင်တုန်းမှာ ပွဲရဲ့ အလှည့်အပြောင်းအဖြစ် မာတင်နယ်လီအနီကတ်ထိခဲ့ပါတယ်။  သူ့ကို ပစ်ဒဏ်ကျူးလွန်တာကို Action မယူခဲ့တဲ့အပေါ်  In Play မှာပြန်လည်တုန့်ပြန်ရင်း ၊ ဒိုင်လူကြီးမိုက်ကယ်အိုလီဗာရဲ့ ၂ ခါစာကို တစ်ကြိမ်ထဲပေါင်းပြီးအနီကတ်ပြမှုကိုခံခဲ့ပါတယ်။ ဒါဟာတော်တော်လေးထူးခြားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာလဲ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ ၁၀ ယောက်ထဲနဲ့ဆက်လက်ရင်ဆိုင်ဖို့အတွက် လာကာဇက် ၊ ဆာကာတို့ကိုထုတ်ပြီး ခံစစ်အသားပေးပြီးဆက်ကစားသွားခဲ့ပါတယ်။

Advertisements

အဲ့ဒီနောက်ပိုင်းမှာတော့  ရမ်းစ်ဒေလ်ရဲ့ အခန်းကဏ္ဏက ကြီးမားလာခဲ့ပါတယ်။ ဝုဗ်တို့ဟာ တစ်ယောက်အသာရသွားပြီးတဲ့နောက်မှာ ဆက်တိုက်ဖိကစားလာခဲ့ပြီး အကြိမ်များစွာထိုးဖောက်နေခဲ့သလို အာဆင်နယ်တို့ကလည်း ကြံ့ကြံ့ခံဖျက်ထုတ်နေခဲ့ပါတယ်။ တန်ပြန်တိုက်စစ်တွေကနေ အခွင့်အရေးအချို့ရခဲ့ပေမယ့် အာဆင်နယ်တို့ ဂိုးထပ်မရခဲ့သလို ၊ ဝုဗ်တို့လည်းဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ပွဲရဲ့နောက်ဆုံး ၁၀ မိနစ်မှာတော့ အာဆင်နယ်နောက်တန်းနဲ့ ဂိုးသမားရဲ့အစွမ်းကိုပဲကြည့်နေခဲ့ရပါတယ်။နောက်ဆုံးမှာတော့ အာဆင်နယ်တို့  ၃ မှတ်ရရှိသွားခဲ့ပါတယ်။  

အာဆင်နယ်အသင်းရဲ့အားသာချက်တစ်ခုဟာ တဖက်အသင်းကိုကြောက်နေစေတဲ့ Fear Factor ကစားသမားလေးတွေရှိနေတာဖြစ်ပြီး အားနဲချက်ကတော့ ဒီလိုကစားသမား အရေအတွက်အလွန်နဲပါးခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် တစ်ယောက်လျှော့နဲ့ ခံစစ်ကစားရချိန်မှာ  စမစ်ရိုးရှိနေခြင်းဟာ ဝုဗ်အသင်းအတွက်နောက်ဆံတင်းစရာအခြေအနေတစ်ခုကို ဖန်တီးပေးထားနိုင်ခဲ့တာကို တွေ့ရသလို  ၊ ကစားသမားကိုယ်တိုင်ကလဲ လှပတဲ့ပြေးထွက်မှုအချို့ကို လုပ်ဆောင်ရင်း ဝုဗ်တို့ကိုအရှိန်တန့်စေခဲ့ပါတယ်။ အန်ကတ်တီယာဟာ အကောင်းဆုံးထိုးဖောက်ပေမယ့် တဖက်နောက်တန်းကြောက်နေရတဲ့သူမျိုးမဟုတ်ခဲ့တာကြောင့် စမစ်ရိုးကိုသာ အားကိုးခဲ့ရပါတယ်။ ဆာကာဟာလည်း တဖက်နောက်တန်းကို အကြောက်တရားပေးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ စိတ်အားလျှော့စရာအခြေအနေကတော့ အဲ့ဒီလို ကစားသမားမျိုးက မာတင်နယ်လီ၊  ဆာကာနဲ့ စမစ်ရိုးတို့သာဖြစ်နေတဲ့ကိစ္စပါပဲ။ မာတင်နယ်လီဟာလည်း တောင်ပံကနေ အကြိမ်ကြိမ်ထိုးဖောက်နိုင်ခဲ့ပါတယ်။

နည်းဗျူဟာပိုင်းအရပြောရရင်တော့ အာတီတာအနေနဲ့ တဖက်အသင်းက အားကုန်ဖိနေချိန်မှာ တန်ပြန်တိုက်စစ်ဖန်တီးဖို့အတွက် အန်ကတ်တီယာထက် ပေပေကိုပိုသုံးသင့်တယ်လို့ ယူဆမိပါတယ်။

ဘယ်လိုပဲဖြစ်စေ အာဆင်နယ်တို့ဟာ အမှတ်ပေးဇယားမှာ အခြေအနေကောင်းနေဆဲဖြစ်ပြီး ဂိုးသမားလဲ Clean Sheet ထပ်ရခဲ့ပါတယ်။ ချီးကျူးမှုအထူးရခဲ့သူတွေကတော့ ဂါဘရီရယ် နဲ့ ရမ်းစ်ဒေးလ်တို့ဖြစ်ပြီး ကျန်ကစားသမားတွေလည်း ကိုယ်စီခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ချန်ထားလို့မရတဲ့ ကစားသမားတစ်ယောက်ကတော့ ဆဲဒရစ်ဖြစ်ပြီး ပရိတ်သတ်အသဲကျော် တိုမီယာစု မပါနိုင်ချိန်မှာ ပရိတ်သတ်တွေရဲ့ စိတ်ပူမှုကို ဖြေလျှော့ပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ဆဲဒရစ်ဟာ ခံစစ်မှာရော တိုက်စစ်မှာပါ အကောင်းဆုံးလိုက်ကစားခဲ့ပြီး အသင်းနောက်တန်းကို ဟန်ချက်ညီစေခဲ့ပါတယ်။  တစ်ယောက်လျှော့နဲ့ ၃ မှတ်ရပြီးတဲ့နောက် အာဆင်နယ်တို့ဟာ ဘရက်ဖို့ဒ် ၊ ဝုဗ်တို့နဲ့ဆက်တိုက်ကစားရဖို့ရှိနေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: