ဝူဗာဟန်တန်ဟာ အိမ်ကွင်းမှာလက်ခံကစားခဲ့တဲ့ ပွဲစဉ်မှာ တစ်ယောက်အသာကစားခဲ့ရပေမယ့် ရှုံးနိမ့်ခဲ့ရပြီးတဲ့နောက် ကွင်းလယ်လူ ရူဘင်နီဗက်စ်က “အာဆင်နယ်ဟာ ချန်ပီယံ ဖြစ်သွားတဲ့အတိုင်း အောင်ပွဲခံခဲ့တယ်” လို့ ခနဲ့တဲ့လေသံနဲ့ ဝေဖန်ခဲ့ပါတယ်။
နီဗက်စ်က “သူတို့ရသွားတဲ့ ဂိုးကို ကျွန်တော်လက်ခံလို့တော့ရပါတယ်။ ဒါပေမယ့် ဒီလိုဂိုးမျိုးကို အချို့ ပွဲတွေမှာ ခွင့်ပြုပြီး အချို့ပွဲတွေမှာတော့ ခွင့်မပြုပါဘူး။ ဒီတော့ ဒိုင်လူကြီးတွေအနေနဲ့ ပွဲစဉ်တိုင်းမှာ တူညီတဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ချသင့်ပါတယ်”
“ပွဲပြီးတော့ သူတို့ရဲ့အနိုင်ရလဒ်အပေါ်အောင်ပွဲခံတဲ့ ပုံစံက်ု ကျွန်တော်တွေ့ခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အဆင့်ကို ပြသတာပါပဲ။ပြီးခဲ့တဲ့ ဆယ်နှစ်လုံး အာဆင်နယ် ဒီလို အောင်ပွဲခံတာ မတွေ့ခဲ့ဖူးပါဘူး။မသိရင် သူတို့က လိဂ်ချန်ပီယံတွေဖြစ်သွားသလိုပါပဲ” လို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။
ပြောချင်တာကတော့ မင်းတို့မနိုင်ဖူးဘူးလားဆိုတဲ့သဘောပါပဲ။ တဖက်မှာတော့ အာဆင်နယ်အတွက်လဲ နှစ်သစ်ရဲ့ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပါတယ်။ အမှတ်ပေးဇယားရပ်တည်မှုအတွက်အရေးပါတဲ့ပွဲလဲဖြစ်ခဲ့တယ်။
ဒါပေမယ့် စကားနိုင်လုပွဲက ဒီမှာတင်မပြီးခဲ့ပါဘူး။ အာဆင်နယ်အသင်းကိုအားပေးတဲ့ နာမည်ကျော် တင်ဆက်သူ ပီးယားစ်မော်ဂန်က ချက်ခြင်းပြန်လည်တုန့်ပြန်ပါတယ်။
“ ဒါဟာ အနိုင်ရလိုစိတ် လို့ခေါ်ပါတယ် မစ္စတာနီဗက်စ် ရေ .. ခင်ဗျားတို့မှာသာ အဲ့ဒီလိုစိတ်ဓါတ်မျိုးရှိခဲ့ရင် ၁၀ယောက်ပဲရှိတဲ့အသင်းကို အိမ်ကွင်းမှာ ရှုံးမှာမဟုတ်ပါဘူး။ ဒီတော့ စိတ်လျှော့လိုက်ပါဗျာ “
မော်ဂန်စ်ဟာ စကားကြွယ်ကြွယ်နဲ့ပြန်လည်တုန့်ပြန်သွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်တဲ့ အသက် ၅၆ နှစ်အရွယ် နာမည်ကျော်တင်ဆက်သူက အပြစ် ပြောစရာရှိရင်လဲ နုတ်ဆိတ်မနေတတ်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ အူဘာမီယန်ကိစ္စနဲ့ပတ်သတ်ပြီး အာတီတာကို တော်တော်လေး ပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့သူပါ။
“ အာတီတာက တော်တော်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာဗျ “ ဆိုပြီး Tweet လုပ်ခဲ့ပါတယ်။ “ ကိုယ်အမေအတွက် ခရီးလွန်သွားတဲ့သူတစ်ယောက် ၊ ပြီးတော့ အသင်းကလည်း သိလို့ ခွင့်ပြုထားတဲ့သူတစ်ယောက်ကို ဆက်ဆံတဲ့ပုံစံက ဒီလိုမျိုးတဲ့လားဗျာ “ ဆိုပြီးပြောသွားခဲ့တာဖြစ်ပါတယ်။ အာတီတာလဲ အခြေအနေတွေကို တော်တော်လေးထိမ်းသိမ်းပြီး အင်တာဗျူးဖြေဆိုခဲ့ရတာကို ပြီးခဲ့တဲ့အပတ်တွေမှာမြင်ရပါတယ်။
ဘာပဲပြောပြော ဝုဗ်နဲ့ပွဲဟာ အာတီတာအတွက်တော့ အဖက်ဖက်က အသက်ရှုချောင်သွားတဲ့ပွဲလို့ဆိုရပါလိမ့်မယ်။ မဟုတ်ရင် မကျေနပ်မှုများစွာ ၊ ဝေဖန်စရာ ခေါင်းစဥ်များစွာနဲ့အတူ အတိုးချပြီးထိုးနှက်ခံရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကိုအားပေးကြတဲ့သူတွေရဲ့ စိတ်ခံစားချက်ပြင်းထန်မှုကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့ကတော့ ရာနှုံးပြည့်နိုင်ပွဲနဲ့ ဆုဖလားတွေကို အမြန်ရှာဖွေပေးနိုင်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။