ဒီအကြောင်းကို နိုင်ငံတကာ မီဒီယာတွေမှာ ဆွေးနွေးနေကြတာ ပြီးခဲ့တဲ့လလောက်ထဲကပါ။ ဒါပေမယ့် Gunners’ Side အတွက်ရေးဖို့ရွေးချယ်တိုင်း လာကာဇက်အကြောင်းက ကျန်နေခဲ့တယ်။ အခြားသတင်းတွေကိုဦးစားပေးရင်းနောက်ကိုရွှေ့ထားရတဲ့ ခေါင်းစဥ်ကို ဒီနေ့တော့ စာဖတ်သူတွေအတွက် ညနေခင်းမှာတွေးလို့ကောင်းအောင်ရေးပေးလိုက်ပါတယ်။
လာကာဇက်သာ လက်ကျန်ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ရင် သူ့ကိုဆက်ပြီးခေါ်ထားဖို့သင့်လား ဆိုတဲ့မေးခွန်းပါပဲ။ ဒီမေးခွန်းကိုမဖြေခင် လာကာဇက်ရဲ့လက်ရှိအခြေအနေကိုပြန်ဆန်းစစ်ကြည့်ကြပါစို့။
“ လာကာတစ်ယောက်ကတော့ ဖြစ်တောင့်ဖြစ်ခဲရလာတဲ့အခြေအနေမှာ သူ့ဘဝသူပျော်ရွင်နေတာဗျ .. သူ့စိတ်ထဲမှာ ‘ငါ့ကိုဒီလို လူငယ်တွေနဲ့ ကြာကြာပေးကစားစမ်းပါကွာ’ ဆိုပြီးတော့ဖြစ်နေမှာအသေအချာပဲ ” ဒီစကားကို Daily Mirror နဲ့အတွေ့မှာ ချဲလ်ဆီးကစားသမားဟောင်း ဂျိုးကိုးက ပြောခဲ့တာပါ။
ကျွန်တော်ကတော့ ဂျိုးကိုးပြောတာကို သဘောတူပါတယ်။ လာကာဇက်ရဲ့ ဒီရာသီအာဆင်နယ်အသင်းမှာ ကစားနေပုံက အရင်နှစ်တွေနဲ့မတူပါဘူး။ တိုက်စစ်မှုးတစ်ယောက် ၊ ကစားသမားတစ်ယောက်ဆိုတာထက် လူငယ်တွေကို ဦးဆောင်နေရတဲ့တာဝန်ကိုလဲယူထားရပါတယ်။ အမှန်တကယ်က ဒီတာဝန်ဟာ အူဘာမီယန်းက ဆောင်ရွက်နေတယ်ဆိုရင် ပိုကောင်းမှာဖြစ်ပေမယ့် အာဆင်နယ်အသင်းဟာ ဦးဆောင်မှုဆိုတဲ့အရာကို အသင်းခေါင်းဆောင်ဆီကမရခဲ့ပါဘူး။
သို့သော် လာကာဇက်ဆီကနေခေါင်းဆောင်မှုတစ်ခုကိုရရှိလိုက်တာက အာဆင်နယ်အတွက် ထင်မှတ်မထားတဲ့အပိုဆုတစ်ခုဖြစ်ခဲ့တာပါပဲ။ ဒီတော့ အာဆင်နယ်အတွက်ရော၊ ပြင်သစ်သားကြီးအတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ အခုဆိုရင် ရာသီကုန်အထိ တရားဝင် အသင်းခေါင်းဆောင်လဲဖြစ်ခဲ့ပါပြီ။
နောက်ပြီး လာမယ့်ရာသီအပြောင်းအရွှေ့အတွက် လိုင်ယွန်အသင်းဥက္ကဌက လည်း သူတို့အသင်းက ပြင်သစ်သားကြီးကို ကြိုးစားနေကြောင်းထုတ်ပြောလာပါတယ်။ ဒါတွေဟာ အကြောင်းမဲ့တော့မဟုတ်ပါဘူး။ သူ့ရဲ့ကြိုးစားအားထုတ်မှု ၊ စီနီယာပီသမှုတို့ကနေတစ်ဆင့်မြစ်ဖျားခံလာခဲ့ကြတာပါ။
ဒီတော့ လာကာဇက်ရဲ့ Career က Secure ဖြစ်နေတယ်လို့ ပြောနိုင်ပါပြီ။ သူ့အနေနဲ့ အာဆင်နယ်နဲ့ လှပတဲ့လမ်းခွဲတစ်ခုဖြစ်အောင် အားထုတ်ဖို့ပဲလိုပါတော့တယ်။
လာမယ့်ရာသီဆိုရင် လာကာဇက်က အသက် ၃၁ ရှိလာမှာဖြစ်ပါတယ်။ သူ့ရဲ့အားထုတ်မှုတွေကအမြဲတန်းရှင်သန်လတ်ဆတ်နေမှာဖြစ်ပေမယ့် Output ကတော့ မေးခွန်းထုတ်ရပါလိမ့်မယ်။ စိတ်ဓါတ်နဲ့ ကြိုးစားအားထုတ်မှုဆိုတာ စွမ်းရည်ကိုတော့ တိုက်ရိုက်ကြီးမသက်ရောက်နိုင်ပါဘူး။ လာကာ ဆီမှာ အကန့်အသတ်တွေရှိလာပါပြီ။
သူ့ကိုပွဲပြည့်သုံးဖို့ဆိုတာလည်းမဖြစ်နိုင်တော့သလို ၊ စွမ်းဆောင်ရည်ကလည်း ခုထက်ပိုလာဖို့ခက်ပါတယ်။ အခုအတိုင်းထိမ်းထားနိုင်ရင်ပဲ လာကာကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ပရီတ်သတ်ကတော့ ချစ်ကြမှာပါပဲ။ ဒါပေမယ့် အလုပ်ကို စိတ်ခံစားချက်နဲ့လုပ်တာရတာကတော့ ခက်ပါလိမ့်မယ်။ နောက်ပြီး လာကာကို ဆက်ဆွဲထားချင်ရင်လစာတွေအများကြီးသုံးရပါလိမ့်မယ်။ ဒီအချက်က အိုဇေးလ် နဲ့ အူဘာမီယန်ကိစ္စကို ချက်ခြင်းပဲသတိရစေချင်မှာပါ။
တဖက်ကတွေးစရာရှိတာကတော့ ရှေ့ကကစားသမား ၂ ယောက်နဲ့ လာကာဇက်ကတော့ Attitude ခြင်းကွာပါတယ်။ အဆင်မပြေကြရင်တောင် အိုဇေးလ်တို့ဖြစ်ရပ်တွေနဲ့တော့ တူမှမဟုတ်ပါဘူး။ ဒါပေမယ့် ဘောလုံးကွင်းထဲကအချက်အလက်တွေအရတော့ လာကာကို အများကြီးစွန့်စွားဖို့မသင့်တော့ဘူးလို့ ညွန်ပြနေပါတယ်။ ဒါကြောင့် သက်ကြီးပိုင်းကစားသမားတစ်ယောက်ကို ထိန်းသိမ်းထားခြင်စိတ်နဲ့ စာချုပ်သစ်ချုပ်လိုက်တယ်ဆိုရင်တောင် ကာလရှည်ထက် ၂ နှစ်ထက်မပိုတဲ့သက်တမ်းတစ်ခုသာဖြစ်သင့်ပါတယ်။ ဒါပေမယ့် လာကာဇက် ဖက်က ဒီအခြေအနေကို လက်ခံပါ့မလားဆိုတာလဲရှိပါသေးတယ်။
အသင့်တော်ဆုံးကတော့ ခြေစွမ်းပြတယ်ဆိုရင်လည်း လစာတွေအများကြီးပေးပြီး ကာလရှည်ချုပ်ဆိုတာထက် သင့်တင့်တဲ့ ပမာဏ ၊ သင့်တင့်တဲ့စာချုပ်သက်တမ်းတစ်ခုနဲ့သာကမ်းလှမ်းပြီး အဆင်မပြေခဲ့ရင်လဲ အကောင်းဆုံးနှုတ်ဆက်ခြင်းတစ်ခုနဲ့သာ လမ်းခွဲလိုက်တာကောင်းပါတယ်။