အာဆင်နယ်ပွဲစဥ်တွေကို သီတင်းပတ်အနည်းငယ်ကြာအောင် စောင့်မျှော်နေခဲ့ရတဲ့ ပရိသတ်တွေအတွက်တော့ ဝူဗာဟန်တန်နဲ့ အာဆင်နယ်ပွဲစဉ်ဟာ မကြာမီဟာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ကောင်းကောင်းအနားရထားတဲ့ ကစားသမားတွေ လန်းလန်းဆန်းဆန်းနဲ့ ပွဲထွက်လာမှာကို မြင်တွေ့ရမှာကတော့ ၀မ်းသာစရာပဲ ဖြစ်ပါတယ်။ ဒူဘိုင်းခရီးစဉ်မှာ ဘာတွေပြင်ဆင်လာလဲ၊ အူဘာမီယန်းအလွန် အာဆင်နယ်ဟာ ဘယ်လိုမျိုးလဲ၊ ဇန်နဝါရီမှာ လူမ၀ယ်ခဲ့တာ မှန်ကန်ရဲ့လားဆိုတဲ့အဖြေတွေကိုလည်း ဒီပွဲစဉ်မှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
ဒီပွဲစဉ်မှာ အာတီတာ ပြင်ဆင်လာနိုင်ချေရှိတဲ့ လူစာရင်းကို ခန့်မှန်းတင်ဆက်ရမယ်ဆိုရင်တော့
ဂိုးသမားနေရာမှာတော့ ရမ်စ်ဒေးလ်ပဲ သေချာပေါက်ပွဲထွက်လာဖို့ ရှိနေပါတယ်။
နောက်တန်းမှာတော့ တီယာနေး၊ ဂါဘရီယယလ်၊ ဘန်ဝှိုက်တို့က သေချာပေါက် ပါ၀င်လာမှာ ဖြစ်ပေမယ့် တိုမီယာဆုကတော့ ဒဏ်ရာပြဿနာကြောင့် ဒီပွဲမှာ ပါ၀င်နိုင်ဖို့ သိပ်တော့ မသေချာသေးပါဘူး။ မပါဝင်ဖို့ကတော့များပါတယ်။ ဒီတော့ ညာနောက်ခံလူ နေရာမှာ စီဒရစ်ပဲ ပွဲထွက်လာဖို့ များနေပါတယ်။ တကယ်လို့ အာတီတာအနေနဲ့ စီဒရစ်ကို အသုံးမပြုဖူးဆိုရင်တော့ ဘန်ဝှိုက်ကို နောက်တန်းညာအစွန်ကို ပို့ပြီး ဟိုးလ်ဒင်းကို ဗဟိုခံစစ်မှာ ကစားစေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ချွင်းချက်အနေနဲ့ တာဗာရက်စ်ကို ညာချမ်းပို့တာမျိုးလဲ ဖြစ်နိုင်ပါတယ်။
ကွင်းလယ်မှာတော့ ပွဲပယ်ပြစ်ဒဏ်တွေကနေ လွတ်မြောက်လာတဲ့ ပါတေး၊ ရှာခါတို့နှစ်ဦးစလုံးကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်တာကတော့ အားတက်စရာပါပဲ။ တိုက်စစ်မှာကတော့ အမြဲခြေစွမ်းပြနေတဲ့ အိုဒီဂတ်ကိုပဲ ပွဲထွက်လာမှာ ဖြစ်ပြီး ကွင်းလယ်ကတော့ အင်ပြည့်အားပြည့်ပါပဲ။
ရှေ့တန်းမှာလည်း ဆာကာ၊ လာကာဇက်၊ မာတင်နယ်လီတို့ကို သုံးယောက်တဲတိုက်စစ်ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ပေပေဟာ အာဖရိက ဖလားပွဲမှာ ခြေစွမ်းပြခဲ့ပေမယ့် အာတီတာကတော့ ဆာကာကို ကျော်ပြီး ပေပေကို ပွဲထုတ်နိုင်ချေမရှိပါဘူး။ ဇန်နဝါရီလအတွက် အသင်းရဲ့ အကောင်းဆုံးကစားသမားဆုရ မာတင်နယ်လီကတော့ ဖောဖော်ဝါရီလမှာကော သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
အရန်ခုံမှာတော့ အာဖရိကဖလားပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ပေပေ၊အယ်နီနီတို့ ရှိနေတာဟာ အားတက်စရာပါပဲ။ အူဘာမီယန်းထွက်ခွာပြီးနောက် အသင်းအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်တဲ့ အန်ကက်တီးယားကလည်း အရန်ခုံကနေ ကွင်းထဲကို ၀င်လာပြီး ခြေစွမ်းပြ၊ဂိုးတွေ သွင်းယူတာမျိုး (ဖြစ်နိုင်ချေ နည်းပေမယ့်) မြင်တွေ့ ရမလားဆိုတာလည်း စိတ်၀င်စားစရာပါပဲ။
စမစ်ရိုး၊ လိုကွန်ဂါတို့ကလည်း အရန်ခုံကနေ အသင်းအတွက် လိုအပ်လာချိန်မှာ အသင့်ရှိနေမှာ ဖြစ်တာကြောင့် အားတက်စရာပါပဲ။ ဝူဗာဟန်တန်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတာဟာ ခက်ခဲမှာ ဖြစ်ပြီး သရေရလဒ်ပွဲပေါ်နိုင်ချေများနေပေမယ့် ဂန်းနားလေးတွေ ဘာတွေ လုပ်ပြနိုင်မလဲဆိုတာကတော့ မြက်ခင်းစိမ်းပေါ်မှာပဲ ဆက်လက်စောင့်ကြည့်ကြတာပေါ့ဗျာ။