ခြေစွမ်းမပြနိုင်ခဲ့ကြပေမယ့် ပရိတ်သတ်ရင်ထဲရောက်ခဲ့ကြသူနှစ်ယောက်

ပရိတ်သတ်တွေရဲ့ရင်ထဲကို ကစားသမားတစ်ယောက်က ဝင်ရောက်နေရာယူဖို့အတွက် ခြေစွမ်းတစ်ခုထဲလိုအပ်တာတော့မဟုတ်ပါဘူး။ သူ့ရဲ့အမူအကျင့် ၊ ပြောပုံဆိုပုံ ၊ အသင်းအပေါ်ထားတဲ့စိတ် ၊ အားကစားစိတ်ဓါတ် .. ကွင်းပြင်နေထိုင်မှု စတာတွေအကုန်လုံးနဲ့ဆက်စပ်နေပါတယ်။ ကွင်းထဲကခြေစွမ်းက မက်မာစရာရှိပေမယ့်လည်း အခြားအချက်တွေမှာ ကျရှုံးတာကြောင့် ပရိတ်သတ်နဲ့အဝေးဆုံးရောက်ခဲ့ရတဲ့ကစားသမားတွေက ကိုယ့်အားပေးတဲ့အသင်းမှာရော ၊  အခြားအသင်းတွေမှာပါ ထုနဲ့ထေးပါ။

ဒီနေ့မှာတော့ အမ်းမရိတ်မြေမှာ ခြေစွမ်းအရ မအောင်မြင်ပေမယ့်  ဂန်းနားပရိတ်သတ်တွေထဲမှာ ခိုင်ခိုင်မာမာရှိနေတဲ့ ကစားသမားများစွာထဲက ၂ ယောက်အကြောင်းကိုရေးသားချင်ပါတယ်။

အမြဲတန်းအသင့်ရှိနေတဲ့ အယ်နီနီ

အရံကစားသမားတစ်ယောက်ဖြစ်လို့လဲ စောဒကမတက် ၊  အသင်းပြောင်းဖို့ဆိုလဲ တောင်းဆိုတာမျိုးတွေမကြားရသလောက်။ ဒါ့အပြင်အသင်းရဲ့လိုအပ်ချိန်တိုင်းမှာလည်းကျရာနေရာက ကစားပေးတဲ့သူဖြစ်ပါတယ်။  အားနဲချက်တွေရှိပေမယ့် ကြိုးစားအားထုတ်မှုကတော့ ပြောစရာမလိုတဲ့သူပါ။ ဒါပေမယ့်မကြာခင်အချိန်မှာပဲ ဂန်းနားတစ်ယောက်အဖြစ်ကနေ နှုတ်ဆက်တော့မယ့်သူဖြစ်ပါတယ်။   ရှိတဲ့လူစာရင်းကိုအားပြုပြီး  လက်ကျန် ၁၇ ပွဲကိုရုန်းကန်မယ့် အာတီတာရဲ့ခရီးမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ရုန်းပေးမယ့်ကစားသမားဖြစ်ပါတယ်။

၂၀၁၅-၁၆ ရာသီကတည်းက အသင်းကိုရောက်နေတဲ့ အယ်နီနီဟာ အာဆင်နယ်အတွက်ပွဲပေါင်း ၁၄၀ ကစားပေးခဲ့ပြီး  ၅ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ  အိုးထရက်ဖို့ဒ်မှာ  မန်ချက်စတာယူနိုက်တက်ကို အနိုင်ကစားနိုင်တဲ့ပွဲမှာ  ပါတေးနဲ့တွဲပြီး မမေ့နိုင်စရာခြေစွမ်းကို ပြသနိုင်ခဲ့သူဟာ ပါဝင်ရတဲ့ပွဲတိုင်းမှာ အကောင်းဆုံးကြိုးစားကစားတဲ့သူဖြစ်ပါတယ်။  လျှင်မြန်မှုအားနဲတာရယ် ၊ တိုက်စစ်လိုက်ပါမှုမှာ လုံလောက်မှုမရှိတာရယ်အပြင် ဒဏ်ရာလဲရတတ်တာကြောင့်  သူ့ရဲ့အမ်းမရိတ်ခရီးစဥ်ဟာ မအောင်မြင်ခဲ့ပါဘူး။ ဘောလုံးသမားတစ်ယောက်အဖြစ် မှတ်တိုင်တွေမစိုက်ထူးနိုင်ဘူးဆိုပေမယ့်  ပရိတ်သတ်တွေရဲ့ ချစ်ခြင်းကိုတော့အတိုင်းအတာတစ်ခုထိရယူနိုင်သူပါဖြစ်ပါတယ်။

အခု အာဖရိကဖလားပွဲမှာ ခြေစွမ်းပြပြီး အကောင်းဆုံး  ၁၁ ယောက်ထဲပါလာတော့ အားလုံးကဝမ်းသာကြပါတယ်။ ဒါဟာ သူနဲ့ ဂန်းနားပရိတ်သတ်တွေကြားက ချည်ထားတဲ့ကြိုးပါပဲ။ အာဆင်နယ်မှာ အဆင်မပြေပေမယ့် အီဂျစ်ပီယာလိုတစ်ယောက် နောက်အသင်းမှာတော့ အကောင်းဆုံးကစားနိုင်ဖို့ကို မျှော်လင့်ပါတယ်။

Advertisements

အရည်အသွေးရှိသော်လည်း အံမဝင်ခဲ့သူ

တော်ရဲရားအကြောင်းပြောရင် သိပ်နှမြောဖို့ကောင်းပါတယ်။ တိုက်ပွဲဝင်စိတ်ရှိတယ်။ ကစားအားကောင်းတယ်။ ခြေစွမ်းလဲမဆိုး။ ဒါပေမယ့် ခန္တာကိုယ်သေးပြီး ဒဏ်ရာမကြာခနရတတ်မှုက သူ့ရဲ့တိုးတက်မှုအရှိန်တွေကို လျှော့ချတယ်။ ပရီးမီးယားလိဂ်ကို သူ့ခြေစွမ်တွေသယ်ဆောင်မလာနိုင်ခဲ့။ ဒါပေမယ့် မြောက်လန်ဒန်ဒါဘီမှာသွင်းတဲ့ဂိုး ၊ လီဗာပူးအသင်းဖက်ကို သွင်းတဲ့ချေပဂိုးတွေဟာ ပွဲကြီးတွေမှာသွေးမကြောင်တဲ့ သူ့ရဲ့ ဇကို ပြသနေခဲ့တယ်။ ဒါပေမယ့်လည့် သူ့ရဲ့လင်းလက်မှုက ရံဖံရံခါသာဖြစ်ခဲ့တယ်။

လန်ဒန်မြေမှာအဆင်မပြေတဲ့အခါ အက်သလက်တီကို ကိုသွားကစားပေမယ့် သူ့ကိုယ်သူရှာဖွေမတွေ့နိုင်သေးဘူး။ သို့သော် အီတလီမြေက သူ့အောင်မြေဖြစ်တယ်။ စီးရီးအေဆီကို တစ်ခေါက်ပြန်ရောက်ချိန်မှာတော့ တော်ရဲရားဟာ  တော်ရဲရားပြန်ဖြစ်သွားခဲ့တယ်။

ရရှိတဲ့သတင်းတွေအရတော့ အခုရက်ပိုင်းမှာပဲ အာဆင်နယ်တာဝန်ရှိသူတွေနဲ့  ဖီအိုရင်တီးနားဖက်ကသူတွေ တွေ့ဆုံပြီး  သူ့ရဲ့အပြောင်းအရွေ့ကိစ္စကို ဆွေးနွေးကြတော့မှာပါ။  အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်အရ အာဆင်နယ်တို့ဟာ ၁၅ သန်းလောက်တော့ငွေပြန်ပေါ်မှာပါ။  ခေါ်ယူစဥ်တုန်းကထက်တော့ ထက်ဝက်လောက် ရှုံးခဲ့တာပေါ့။

သူတို့နှစ်ယောက်စလုံးဟာ  ခံယူချက်နဲ့  အသင်းပေါ်ထားတဲ့စိတ်ဓါတ်တွေကြောင့်  အားကစားသမားတစ်ယောက်အနေနဲ့ အမ်းမရိတ်မှာအဆင်မပြေခဲ့ကြပေမယ့်  ပရိတ်သတ်တွေကတော့ နှမြောတသစွာပဲ ရာသီကုန်မှာလက်လွှတ်ကြရမယ့်သူတွေဖြစ်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: