အာဆင်နယ်နဲ့ အာတီတာဟာ မာတင်နယ်လီကို မနိုင်၀န်တွေ ထမ်းခိုင်းနေပြီလား

ရာသီအစမှာ အသင်းရဲ့ လူငယ်ကစားသမားလေး စမစ်ရိုးကို သွားလေသူကြီး အိုဇေးလ်ရဲ့ ကျောနံပါတ် ၁၀ကြီး ပေးချလိုက်တော့ အင်္ဂလန်သားလေးကို မနိုင်၀န်တွေ ထမ်းခိုင်းတော့မှာလားလို့တွေးမိခဲ့ပါသေးတယ်။ ဒါပေမယ့် ကွင်းထဲကို ဘယ်နှစ်မိနစ်ပဲရောက်ရောက် ဘောလုံးနဲ့ ပိုက်ကွန်နဲ့ရအောင် မိတ်ဆက်ပေးနေတဲ့ စမစ်ရိုးကိုမြင်ရ‌တော့မှပဲ တော်သေးတာပေါ့ဆိုပြီး သက်ပြင်းချမိပါတယ်။ 

အခုလည်း အူဘာမီယန်းအာဆင်နယ် ကနေ ထွက်ခွာသွားပြီးတဲ့နောက် သတင်းတွေရဲ့ခေါင်းစီးတိုင်းမှာ ဘရာဇီးလ်သားလေးက မပါမဖြစ်ပါပဲ။ အသင်းအတွက် ဇန်နဝါရီလရဲ့ အကောင်းဆုံးကစားသမား၊ ပြိုင်ဘက်အသင်းမန်နေဂျာကတောင် ချီးကျူးရတဲ့ ကစားသမား၊ တိုက်စစ်မှာ အခြားဘယ်သူမှ ခြေမပေါ်ရင်တောင် တစ်ယောက်တည်း ကြိုးစားနေတတ်တဲ့ ကစားသမား ၊ တစ်နည်းအားဖြင့် သူဟာ မာတင်နယ်လီပါပဲ။ 

အခုလည်း ကျောနံပါတ်၁၄ရဲ့ပိုင်ရှင်အသစ်၊ အူဘာမီယန်းရဲ့ အရိုက်အရာကို ဆက်ခံသူ၊ အွန်နရီ ခြေရာကို နင်းနိုင်မယ့်သူဆိုပြီး သတင်းတွေမှာတော့ ကျယ်ကျယ်လောင်လောင်ပဲ ရေးသားနေကြပါတယ်။ ဒီ‌တော့ အသက်၂၁နှစ်အရွယ် တိုက်စစ်မှူးလေးအတွက် အာဆင်နယ်နဲ့ အာတီတာတို့သာ မရည်ရွယ်ပဲ ၀န်ပိုတွေ ထမ်းမိစေပြီလားဆိုတာ မေးခွန်းထုတ်ရမယ့် အချိန်ပါပဲ။ လူငယ်တိုက်စစ်မှုးတစ်ယောက်ကို  လိုတာထက်ပိုတဲ့အခင်းအကျင်းကို အခြေအနေအရပ်ရပ်က တွန်းပို့နေပါတယ်။

အသင်းဟာ အစားထိုးစရာ တိုက်စစ်မှူးမရှိပဲ အူဘာမီယန်းကို လက်လွှတ်လိုက်တာဟာ မာတင်နယ်လီကို ပိုပြီး ဖိအားများစေခဲ့တဲ့ အချက်ဆို ငြင်းပယ်စရာ မရှိပါဘူး။ အသင်းအတွက် အသက်တမျှအ‌ ရေးကြီးနေတဲ့ ချန်ပီယံလိဂ်၀င်ခွင့် တိုက်ပွဲရှည်အတွက်လည်း ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး ဇန်နဝါရီလ တစ်ခုလုံးကို မျှော်လင့်ချက်တွေနဲ့  စောင့်မျှော်နေခဲ့တဲ့ ပရိသတ်တွေအတွက်လည်း စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ 

Advertisements

လာကာဇက်နဲ့ အန်ကက်တီးယားတို့ဟာ လိုအပ်နေချိန်မှာ အပြည့်အ၀ အားကိုးလို့မရတဲ့ တိုက်စစ်မှူးတွေဆိုတာ ငြင်းနေစရာကိုမလိုပါဘူး။ဒီတော့ အာတီတာအတွက် အားကိုးရှာလိုက်တော့ ဘရာဇီးလ်သားကလွဲပြီး အခြားသူမရှိခဲ့ပါဘူး။ 

အချက်အလက်တွေအရ လက်ရှိရာသီမှာ မာတင်နယ်လီဟာ ၁၁၈မိနစ် ကစားပြီးတိုင်း သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ တိုက်စစ်ညာတောင်ပံမှာ မနားတမ်းပြေးလွှားလှုပ်ရှားပြီး ပြိုင်ဘက်ခံစစ်တွေက်ု ပွဲချိန်ပြည့် အလုပ်ရှုပ်စေတတ်သူဖြစ်ပြီး သွင်းဂိုးတွေကို ဖယ်ထားလိုက်ရင်တော့ သူ့ရဲ့ ပေးဆပ်မှု၊ ကြိုးစားမှုနဲ့ရုန်းအားတွေဟာ  အသင်းကို အများကြီး အကျိုးပြု‌ခဲ့ပါတယ်။ 

ဒီလို သူကစားတဲ့နေရာမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားလေးတစ်ယောက်ကို အသင်းတစ်သင်းလုံးရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးစေပြီး သူကျွမ်းကျင်တဲ့ နေရာ မဟုတ်တဲ့ အထောင်တိုက်စစ်မှာ ကစားစေမယ်၊ အသင်းအတွက်လိုအပ်နေတဲ့ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူစေမယ်ဆိုတာ မာတင်နယ်လီအတွက် အကောင်းဆုံးအခွင့်အ‌ရေးတစ်ခု ဖြစ်လာမလားဆိုတာတော့ သိပ်မသေချာလှပါဘူး။ 

အာတီတာအနေနဲ့ အစွမ်းကုန်တောက်ပနေတဲ့ ကြယ်ပွင့်လေးကို ၀န်ပိုတွေ၊ ဖိအားတွေကို သယ်ဆောင်စေပြီး အသင်းရဲ့ အမှားတွေကို တာ၀န်ယူရမယ့် ကယ်တင်ရှင်အဖြစ် ဇွတ်ပုံမသွင်းတာဟာ ပိုကောင်းပါလိမ့်မယ်။ 

ဒါမှမဟုတ်လည်း မာတင်နယ်လီဟာ တစ်ကမ္ဘာလုံးက အာဆင်နယ်ပရိသတ်တွေအတွက် ကယ်တင်ရှင်ပဲ ဖြစ်လာမလားဆိုတာ‌ကတော့ စိတ်ကူးယဉ်ဆန်ပေမယ့် ပရိသတ်တွေကတော့ မျှော်လင့်နေမိဦးမှာပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: