ဝူဗာဟန်တန်နဲ့ပွဲစဥ်ဟာ  လက်ကျန်ရာသီအတွက် အသက်တမျှအရေးကြီးပါတယ်

ဒူဘိုင်းခရီးစဉ်အပြီးမှာတော့ လန်ဒန်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ အာဆင်နယ်အနေနဲ့ လက်ကျန်ပွဲစဉ်တွေအတွက် ဘယ်လောက်ပြင်ဆင်ထားသလဲဆိုတာ စမ်းသပ်မယ့် စာမေးပွဲတစ်ခု နီးလာပါပြီ။အဲ့ဒီစာမေးပွဲကိုတော့ သောကြာနေ့ မနက်အစောပိုင်း မြန်မာစံတော်ချိန် ၂နာရီ ၁၅မိနစ် မှာ ဝူဗာဟန်တန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ဖြေဆိုရမှာ ဖြစ်ပါတယ်။ 

ဥရောပ၀င်ခွင့်လည်းမရထား၊ ကာရာဘောင်နဲ့ FAဖလားပြိုင်ပွဲတွေကိုလည်း  လက်ပြနုတ်ဆက်ထားရတဲ့အတွက် ပရီးမီးယားလိဂ်သာ အာဆင်နယ်အတွက် တစ်ခု‌တည်းသော အာရုံစိုက်စရာအဖြစ် ကျန်တော့တာဖြစ်ပါတယ်။ အသင်းရဲ့ လက်ကျန်ပွဲစဉ် ၁၇ပွဲအတွက် ရည်မှန်းချက်ပန်းတိုင်ကလည်း ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ အဆင့်လေးနေရာရရန် တစ်ခုတည်းသာ ရှိပါတယ်။ 

နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းရဲ့ရလဒ်တွေ ကောင်းမွန်ခဲ့ခြင်း မရှိခဲ့တာတောင် ဇန်နဝါရီမှာ ကစားသမားအင်အားဖြည့်တင်းခြင်းမရှိခဲ့တဲ့အပြင် ရှိတဲ့ကစားသမားအချို့ကိုပါ လက်လွှတ်ခဲ့တာက ပရိသတ်တွေအတွက် အနည်းငယ် စိတ်ပျက်စရာ ကောင်းလှပါတယ်။ ဒူဘိုင်းခရီးစဉ်ကနေရရှိခဲ့တဲ့ ပြင်ဆင်မှုလေးတွေ၊ စိတ်ဓာတ်ခွန်အားလေးတွေနဲ့အတူ ဒီလူစုနဲ့ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟန်ဟော့စပါးတို့ကို ကျော်ဖြတ်ဖို့ဆိုတာ အာတီတာဆိုတာ အာဆင်၀င်းဂါးလည်း မဟုတ်၊ ဂွာဒီယိုလာလည်း မဟုတ်ပါဘူး။ ဒီတော့ အာတီတာပဲ ယုံကြည်မှုပဲ လွန်ကဲနေတာလား၊ အာဆင်နယ်ဘုတ်အဖွဲ့ကပဲ ငွေထုတ်သုံးဖို့ ခေါင်းမာနေခဲ့တာလားဆိုတာကိုတော့ မကြာခင် ရှင်းရှင်းလင်းလင်း သိရဖို့ ရှိနေပါတယ်။ 

Advertisements

ဝူဗာဟန်တန်မှာ လက်ရှိမှာ ဥရောပ၀င်ခွင့်တစ်နေရာအတွက် စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း မန်စီးတီးရဲ့နောက်မှာ ခံစစ်အကောင်းဆုံး အသင်းအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ ဇန်နဝါရီမှာ သွင်းဂိုးတစ်ဂိုးတည်းသာ ရယူနိုင်ခဲ့တဲ့ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ရဲ့ ခံစစ်အကောင်းဆုံး အသင်းတစ်သင်းကို သူတို့ရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတာဟာ လုံး၀ခက်ခဲမှာ အသေအချာပါပဲ။ ဒီတော့ အူဘာမီယန်းလုံး၀ထွက်ခွာသွားပြီဖြစ်တဲ့ အာဆင်နယ်တိုက်စစ်ဟာ ဝူဗာဟန်တန်ကို ဘယ်လိုရင်ဆိုင်လာမလဲ၊ အာတီတာကကော အသင်းကို ဘယ်လိုပြင်ဆင်လာမလဲဆိုတာကို ဒီပွဲစဉ်မှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။ 

သင်္ချာနည်းအရ ကြည့်မယ်ဆိုရင်တော့ ဝုဗ် နဲ့ပွဲကို အနိုင်မကန်နိုင်တာနဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ လွဲချော်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲရဲ့ အရှုံးအနိုင်ရလဒ်ဟာ လက်ကျန်ပွဲစဉ်တွေရဲ့ ရလဒ်အပေါ်ကိုကော ၊ကစားသမားတွေရဲ့ စိတ်ဓာတ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ပြောရမယ်ဆိုရင် ဒီပွဲစဉ်ရဲ့ ရလဒ်ဟာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်၀င်ခွင့် အိပ်မက်ရဲ့ ကံကြမ္မာကို အလှည့်အပြောင်းဖြစ်စေနိုင်တဲ့ ပွဲစဉ်တစ်ခုလို့တောင်ဆိုလို့ရပါတယ်။ 

ဇန်နဝါရီလမှာ နိုင်ပွဲနဲ့ ဝေးကွာနေခဲ့တဲ့ ကစားသမားတွေအတွက် ယုံကြည်မှုတွေပြန်ရဖို့ ဒီပွဲကို အနိုင်ရဖို့ မဖြစ်မနေ လိုအပ်နေပါပြီ။ ဘန်လေနဲ့ ပွဲစဉ်မှာ သရေကျခဲ့ပြီးတဲ့နောက် ကစားသမားတွေက ဗိုလ်လုပွဲတစ်ခုကို ရှုံးနိမ့်ခဲ့သလိုမျိုး စိတ်ပျက်လက်ကျက်ဖြစ်သွားခဲ့တာကို မြင်တွေ့ ခဲ့ရပြီး သူတို့ရဲ့အနိုင်ရလိုနေတဲ့ စိတ်ဓာတ်ကို မြင်တွေ့ခဲ့ရပါတယ်။ 

ဝူဗာဟန်တန်နဲ့ပွဲစဉ်မှာတော့ ဂန်းနားတွေဟာ သူတို့ရဲ့နိုင်ပွဲဆာလောင်နေနဲ့ လောင်စာတွေနဲ့ အမြှောက်တွေကို အကျယ်လောင်ဆုံးဖောက်ခွဲပြီး ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ကံကြမ္မာကောင်းတစ်ခုကို အစပျိုးနိုင်မလားဆိုတာတော့ မကြာခင်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: