ဒီရက်ပိုင်းမှာ အာဆင်နယ်လူငယ်လေးတွေရဲ့ သတင်းတွေကို ခပ်စပ်စပ်မြင်ရပါတယ်။ သူတို့ရဲ့အကြောင်းတွေကို တစုတစည်းထဲ များများစားစားတွေ့ချင်ရင်တော့ ဆောင်းပါးရှင် Jeroge Bird ရဲ့ www.arsenalyouth.wordpress.com ဝက်ဘ်ဆိုဒ်မှာ သေချာသွားဖတ်လို့ရပါတယ်။ တစ်ခုရှိတာက ကစားသမားအားလုံးရဲ့နာမည်တွေနဲ့တော့ရင်းနှီးဖို့ခက်မှာဖြစ်ပါတယ်။
ဆာကာ ၊ စမစ်ရိုးတို့ တစ်သိုက်ရဲ့အောင်မြင်မှုအပြီးမှာတော့ ဟေးအန်း လူငယ်တွေအပေါ်မှာ မျှော်လင့်ချက်တွေရော ၊ စိတ်ဝင်စားမှုတွေပါ မြင့်တက်လာခဲ့ပါတယ်။ အသင်းဖက်ကလည်း အကယ်ဒမီလူငယ်တွေအပေါ်ဘယ်လောက်ထိတန်ဖိုးထားကြောင်း မကြာခနပြသနေပါတယ်။ ကစားသမားလေးတွေအကြောင်းကိုလည်း သတင်းတွေမှာလည်း မကြာခနမြင်တွေ့လာရပါတယ်။
အခုဆောင်းပါးမှာတော့ ဒီရက်ပိုင်း လူငယ်လေးတွေနဲ့ပတ်သတ်ပြီး ရရှိသမျှသတင်း အသစ်တွေရော ၊ ဖော်ပြပြီးသားတွေရာကို ပြန်လည်စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
လိနိုဆိုဆာ
အာဆင်နယ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ဝက်စ်ဘရွန်းအသင်းက လူငယ်လေးကို အစောဆုံးခေါ်ယူခဲ့ပါတယ်။ အဲ့ဒီနောက် ခေါ်ယူပြီးအငှားပြန်မချခဲ့တဲ့ တစ်ယောက်ထဲသောကစားသမားဖြစ်တဲ့ U18 ကစားသမားလေး လီနိုဆိုဆာ ဟာ ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အလားအလာကောင်းများကို ပြသနိုင်ခဲ့တယ်လို့ Daily Cannon သတင်းဌာနက ရေးသားဖော်ပြသွားပါတယ်။ လက်စတာအသင်းနဲ့ ၁-၁ သရေကျတဲ့ပွဲမှာ ဆိုဆာ ဟာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်သွားခဲ့တာဖြစ်ပါတယ်။ ညာခြမ်းခံစစ်မှာတော်တော်လေး အစွမ်းပြသွားတယ်လို့ဆိုပါတယ်။ လူငယ်တွေကို ခပ်ရဲရဲနေရာပေးနေတဲ့ အာတီတာရဲ့အသင်းမှာ ဆိုဆာဟာ အချိန်ဘယ်လောက်ယူပြီး အသင်းကြီးကိုရောက်ရှိလာမလဲဆိုတာကတော့ ခုချိန်မှာပြောဖို့စောနေပါသေးတယ်။
ဖလိုရက်စ်
သူ့ကိုတော့ နိုင်ငံအသင်း ၂ သင်းလုကြတာရယ် ၊ လက်ရွေးစင် အဆင့်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပွဲထွက်ခွင့်ရတာရယ်ကနေ ပရိတ်သတ်တွေစပြီးစိတ်ဝင်စားလာကြပါတယ်။ အခုတော့ အာဆင်နယ်မှာ U18 အဆင့်ကနေ U23 အဆင့်မှာ စတင်ခြေစွမ်းပြကစားနေပြီဖြစ်ပါတယ်။ ဒီနေရာမှာလဲ တာထွက်ကောင်းတယ်ဆိုရပါမယ်။ ခြေစွမ်းပြနိုင်တဲ့အပြင် ဂိုးတွေလဲသွင်းယူနေနိုင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ထုံးစံအရဆိုရင်တော့ အငှားထွက်ကစားရဦးမယ်လို့ ယူဆရပါတယ်။ အသင်းကြီးလူစာရင်းမှာ မြင်ရဖို့ကတော့ အချိန်အနဲငယ်ယူရဖို့ရှိပါတယ်။
ဘီရက်နဲ့ မိုလာ
ဒီတိုက်စစ်မှုးနှစ်ယောက်ကိုတော့ အသင်းကြီးအဆင့်မှာမြင်ရဖို့သိပ်မလိုတော့ဘူးလို့ပြောရမယ်ထင်ပါတယ်။ အထူးသဖြင့် တိုက်စစ်မှုးလိုအပ်နေတဲ့ အာဆင်နယ်ရဲ့အနေအထားကြောင့်ဖြစ်ပါတယ်။ ဘယ်လိုပဲထိပ်တန်းတိုက်စစ်မှုးခေါ်တယ်ဆိုဆို အရံကစားသမားနေရာနဲ့ လိဂ်ဖလားပွဲတွေအတွက် ကစားသမားလိုအပ်ချက်ကရှိပါတယ်။ တကယ်လို့ ဥရောပဖလားပွဲတွေကိုသာ သွားကစားရမယ်ဆိုရင် ပိုပြီးတောင် လိုအပ်လာမှာဖြစ်ပါတယ်။
ဘီရတ်ဟာ လူငယ်အဆင့်မှာ ဂိုးသွင်းအားကောင်းတဲ့လူငယ်လေးဖြစ်ပါတယ်။ ဖူဟမ် U18 နဲ့တုန်းက ၃၇ ပွဲကစား ၊ ၂၅ ဂိုးသွင်းယူနိုင်ခဲပြီး အာဆင်နယ် U23 နဲ့မှာတော့ ၈ ဂိုးသွင်းထားနိုင်သူဖြစ်ပါတယ်။ အရပ် ၆ပေ ၁လက်မ မြင့်မားတဲ့တိုက်စစ်မှုးလေးကို လာမယ့်ရာသီမှာတော့ အသင်းကြီးနဲ့အတူ စတင်မြင်တွေ့ရမယ်လို့ ခန့်မှန်းရပါတယ်။
သူ့ထက်အရပ်ပိုမြင့်တာက မိုလာဖြစ်ပါတယ်။ ဇလာတန်လက်သစ်လေးလို့ တင်စားထားခံရသူဖြစ်ပါတယ်။ သူကလည်းပဲ အာဆင်နယ်အသင်းကြီးဆီကို ရောက်လာဖို့ တော်တော်လေးနီးကပ်နေတဲ့ ကစားသမားဖြစ်ပါတယ်။ လောလောဆယ် FC ဒမ်ဘို့ချ် (တချိန်က ဗန်နစ္စတဲလ်ရွိုင်းကစားခဲ့တဲ့အသင်း) မှာ အငှားသွားရောက်ကစားနေပါတယ်။ သူကတော့ ဘီရတ်လောက်ဂိုးသွင်းရာမှာ ကိန်းဂဏန်းမများသေးပေမယ့် အတွေ့အကြုံကတော့ပိုရင့်ကျက်နေပြီလို့ဆိုရပါမဘ်။ ဂျာမနီ ၊ ဘိုလော့နာ ၊ နယ်သာလန် စသည်ဖြင့် နိုင်ငံတော်တော်များများမှာ သွားရောက်ကစားခဲ့ပြီးပြီဖြစ်ကာ ရောက်လေရာအသင်းမှာလဲဂိုးသွင်းနိုင်ခဲ့ပါတယ်။ လာမယ်ရာသီ အကြိုခြေစမ်းပွဲတွေမှာ သေချာပေါက်မြင်ရမယ့် ကစားသမားဖြစ်ပါတယ်။
ဟတ်ချီဆန်
လောလောလတ်လတ်ကစားခဲ့တဲ့ပွဲမှာ ချဲလ်ဆီးအသင်းဖက်ကို ကွင်းတဝက်ကနေဆွဲပြေးပြီး တဖက်နောက်ခံလူတွေကိုလှည့်စားသွင်းယူခဲ့တဲ့ဂိုးဟာ သူ့အသက်အရွယ်တန်းအတွက်တော့ အံ့သြစရာပဲဖြစ်ပါတယ်။ ဒီလူငယ်လေးရဲ့နာမည်ကို အသင်းကြီးကစားသမားတွေနဲ့အတူ မကြာခနစတင်မြင်နေရပြီဖြစ်ပြီး နောက်ထပ်ဆာကာတစ်ယောက်ဖြစ်လာမယ်လို့ အားလုံးက ဝိုင်းဝန်းထင်ကြေးပေးထားပြီဖြစ်ပါတယ်။ ခြေစွမ်းခြေစအရတော့ ပွဲကြီးတွေမှာ နဲနဲချင်းစီစတင်ပွဲထုတ်ဖို့သင့်နေပြီလို့ဆိုရပါမယ်။
ဆာလာအက်ဒိန်း
သူလည်းပဲ ပရိတ်သတ်တွေမျှော်နေတဲ့ကစားသမားဖြစ်ပါတယ်။ ချဲလ်ဆီးနောက်တန်းကို အစွမ်းပြပြီးသွင်းသွားတဲ့ဂိုးဟာ နောက်ထပ်တစ်ဆင့်ကိုတက်လာဖို့ မျှော်လင့်လို့ရနေပြီဖြစ်တဲ့ခြေစွမ်းမျိုးဖြစ်ပါတယ်။ ပရိတ်သတ်ကလဲ တချိန်မှာထွန်းတောက်လာဖို့ မျှော်လင့်ချက်ထားနေတဲ့ကစားသမားလေးဖြစ်ပါတယ်။
ပါတီနို နဲ့ အဇီး
သူ့တို့အကြောင်းကတော့ ထပ်ပြောဖို့မလိုတော့ပါဘူး။ ပါတီနိုဟာ အသင်းကြီးဆီရောက်နေပြီလို့တောင်ပြောရမှာ ဖြစ်ပြီး အဖွင့်ဂိုးလဲသွင်းပေးပြီးခဲ့ပါပြီ။ လောလောဆယ် U23 နဲ့အတူ ကစားနေပေမယ့် ဒီရာသီ ပွဲကျန် ၁၇ ပွဲထဲမှာတောင်သူ့ကိုမြင်ရဖို့ရှိပါတယ်။ အဇီးဟာလည်း မနှစ်က ယူရိုပါလိဂ်ပွဲတွေမှာတောင် မြင်တွေ့နေရပြီဖြစ်ပြီး နောက်ထပ်တိုးတက်မှုအနဲငယ်ရှိတာနဲ့ အသင်းကြီးလူစာရင်းမှာမြင်ရဖို့ရှိနေပါပြီ။
ထွန်းတောက်လာမယ့်ကစားသမားလေးတွေဟာ အသက် ၂၀-၂၁ ထက်နောက်မကျပဲ အသင်းကြီးလူစာရင်းမှာ မြင်ရရတတ်တာမို့ ဒီကစားသမားလေးတွေရဲ့ အဆုံးအဖြတ်အချိန်ရောက်နေပြီလို့တော့ဆိုရပါလိမ့်မယ်။ နာမည်ထွက်ပြီး နောက်ထပ်တစ်ဆင့်ကိုရောက်မလာတဲ့ကစားသမားတွေလဲအများကြီးဖြစ်ပါတယ်။ ဆာကာ ၊ စမစ်ရိုးတို့တသိုက် ပြီးတဲ့နောက် ဘယ်သူတွေက ကြယ်ပွင့်အဆင့်ထိတက်လာနိုင်မလဲဆိုတာကိုတော့ နောက်ထပ် ၃ ရာသီအတွင်းမှာမြင်ရတော့မှာဖြစ်ပါတယ်။ ဘာလိုဂန်ကတော့ အာဆင်နယ်အသင်းနဲ့ သူနဲ့ကြားဘယ်လောက်ထိခရီးဆက်နိုင်မလဲဆိုတာ မကြာခင်အဖြေပေါ်တော့မယ်လို့ ယူဆရပါတယ်။