အာဆင်နယ်တို့ ဂျက်စပန့်စ်ကို ကမ်းလှမ်းမယ်
Goal သတင်းဌာနရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ နော်တင်ဟမ်အသင်းမှာ အငှားကစားနေတဲ့ မစ်ဒယ်ဘရော့နောက်ခံလူ ဂျက်ဒ်စပန့် ကို လာမယ့် နွေရာသီမှာခေါ်ယူဖို့ကြိုးပမ်းမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါနောက်ခံလူဟာ ဆက်တိုက်ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်ကလပ် လက်စတာကို ၄-၁ နဲ့နိုင်တဲ့ FA Cup ပွဲမှာလည်းပုံစံကောင်းရခဲ့သလို BBC ရဲ့ ဝက်စ်မော်ဂန်ကလည်း တစ်ခုတ်တစ်ရ ချီးကျူးထားပါသေးတယ်။ ဂန္တဝင်ကြီး မာတင်ကီအွန်ကလည်း “ ရိုးရွိက်စ် ကားလိုမျိုးအဆင့်အတန်းနဲ့ ကစားသမား “ လို့ တင်စားခဲ့ပါတယ်။
အီဆက်ခ်ကို ကြိုးစားလာမယ့် မန်ချက်စတာယူနိုက်တက်
ပရီးမီးယားလိဂ်ပြိုင်ဖက် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမား အီဆက်ခ်ကို လာမယ့်နွေရာသီမှာခေါ်ယူဖို့ ပစ်မှတ်ထားနေကြပြီလို့ သိရပါတယ်။ အထူးသဖြင့် မန်ချက်စတာယူနိုက်တက်တို့ဟာ ရိုနယ်ဒိုကို ရေတိုဖြေရှင်းမှုအဖြစ်သာ ခေါ်ယူထားတာဖြစ်လို့ အီဆက်ကို အဓိကတိုက်စစ်ကစားသမားအဖြစ် ရည်ရွယ်ထားတာဖြစ်တယ်လို့ သတင်းများက ရေးသားနေကြပါတယ်။
ခြေစွမ်းတွေပြနေတဲ့ လူငယ်ကစားသမားဟောင်း
အာဆင်နယ်ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ဂျိုးဝီးလော့ခ်ရဲ့ညီ ခရစ်ဝီးလော့ခ် ဟာ QPR အသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကိုရော ၊ အကောင်းဆုံးသွင်းဂိုးဆုကိုပါရရှိခဲ့တယ်လို့ သိရပါတယ်။ ဝီလော့ခ် ဟာ ဇန်နဝါရီတစ်လထဲမှာပဲ တစ်ဂိုးသွင်းပြီး ငါးကြိမ်ဖန်တီးပေးနိုင်ခဲ့သလို ၊ ဘာမင်ဂမ်ဖက်ကိုသွင်းတဲ့ဂိုးကြောင့်လည်း ဒီဆုကိုရရှိစေခဲ့တယ်လို့ သိရပါတယ်။ အခုလို အကောင်းဆုံးဆုရတာဟာ သူ့အတွက် ဒီရာသီမှာ ဒုတိယအကြိမ်ဖြစ်ပြီး နိုဝင်ဘာလတုန်းကလည်း တစ်ကြိမ်ရရှိထားပြီးဖြစ်ပါတယ်။
အစွမ်းပြခဲ့ကြတဲ့ အာဆင်နယ်မရလိုက်သော ကစားသမားများ
အာဆင်နယ်အသင်းနဲ့ သတင်းကြီးခဲ့တဲ့ ဗလာဟိုဗစ် ၊ ဇာကာရီယာ နဲ့ မိုရာတာတို့ အားလုံးဟာ ဗီရိုနာအသင်းကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ကြပါတယ်။ ဂျူဗင်တပ်စ်အတွက် ပွဲဦးထွက်ကစားသွားကြတဲ့ ဗလာဟိုဗစ်နဲ့ ဇာကာရီယာတို့ဟာ ဂိုးတွေကိုယ်စီသွင်းယူနိုင်ခဲ့ကြသလို မိုရာတာကလည်း ဗလာဟိုဗစ်ရဲ့အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ နည်းပြ အယ်လီဂရီကလဲ ဗလာဟိုဗစ်ကို “ အကောင်းဆုံးကစားသမားတစ်ယောက် “ ဆိုပြီးချီကျူးခဲ့ပါတယ်။
ကိုဗစ်ကြောင့်အနားယူရမယ့် နယ်လ်ဆင်
ဖီယင်နုဒ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ တောင်ပံကစားသမား ရိစ်နယ်လ်ဆင်ဟာ ကိုဗစ်ကူးစက်မှုကြောင့် အနားယူရမှာဖြစ်ပါတယ်။ ရိစ်ဟာ ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ရချိန်မှာ အခုလိုမျိုးအနားယူရတာကြောင့် စိတ်ပျက်စရာအခြေအနေဖြစ်ကြောင်း သတင်းများက သုံးသပ်ရေးသားလာကြပါတယ်။ ဖိယင်နုဒ်နည်းပြကလည်း နယ်ဆင်ဟာ ခြေစွမ်းကောင်းသူဖြစ်ပေမယ့် အသင်းကို အကျိုးပြုဖို့ကြိုးစားရဦးမှာဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့ဖူးပါတယ်။