အာဆင်နယ်ကို အသင့်စောင့်နေတဲ့ မဟာရန်သူတော်သူကြီးများ

ချန်ပီယံလိဂ်၀င်ခွင့်နဲ့ဥရောပ၀င်ခွင့်တွေအတွက် နေရာ တစ်နေရာ ဆုပ်ကိုင်နိုင်ဖို့ အာဆင်နယ်ဟာ မကြာမီမှာ ပရီးမီးယားလိဂ် ရာသီ၀က်ကို ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ ပထမရာသီ၀က် ထက်ပိုပြီး ခက်ခဲလာမှာ ဖြစ်သလို အသင်းအတွက် အမှားခံလို့ မရတဲ့ အချိန်တွေကို စတင်ရောက်ရှိလာပြီဖြစ်ပါတယ်။ 

ဥရောပ၀င်ခွင့်အတွက် အာဆင်နယ် အဓိက ယှဉ်ပြိုင်ရမယ့် အသင်းတွေကတော့ ဝူဗာဟန်တန်၊ ၀က်စ်ဟမ်း၊မန်ယူနဲ့ တော့တင်ဟန်ဟော့စပါးအသင်းတို့ပဲ ဖြစ်ပါတယ်။ ဒီတော့ လာမယ့်ရာသီ၀က်မှာ အာဆင်နယ် အံတုရမယ့် ပြိုင်ဘက်တွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ..

ဝူဗာဟန်တန် 

ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ပွဲမှာ ၁၉ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အသင်းက ဘာလို့ ဥရောပ၀င်ခွင့်တစ်နေရာကို ခြိမ်းခြောက်နိုင်မှာလဲလို့ မေးခွန်းထုတ်စရာရှိပါတယ်။‌ မြေခွေးတွေထက် သွင်းဂိုးနည်းတဲ့ အသင်းဆိုလို့ ပရီးမီးယားလိဂ်မှာ နောဝှစ်နဲ့ဘန်လေတို့သာ ရှိပြီး အဲ့ဒီနှစ်သင်းစလုံးကလည်း တန်းဆင်းဇုန်တိုက်ပွဲကို ပဝါမကူ ရေမရှူတမ်း ပြိုင်ပွဲ၀င်ရမယ့် အသင်းတွေပါပဲ။ 

အဖြေကတော့ ရှင်းပါတယ်၊ ဝူဗာဟန်တန်ရဲ့ကျစ်လျစ်ရဲ့ ခံစစ်ကြောင့်ပါပဲ။ ပေးဂိုး ၁၆ဂိုးသာရှိခဲ့ပြီး သူ့ထက်ပေးဂိုးနည်းတဲ့ အသင်းဆိုလို့ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးပဲ ကျန်ပါတော့တယ်။တစ်ပွဲတည်းမှာ ပေးဂိုးနှစ်ဂိုးထက် ပိုပေးရတဲ့ ပွဲစဉ်ကလည်း သုံးပွဲသာရှိပြီး ဝူဗာဟန်တန်လိုအသင်းမျိုးအတွက်ကတော့ လက်ဖျားခါလောက်စရာ ခံစစ်စွမ်းဆောင်ရည်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ 

လက်ရှိမှာလည်း အာဆင်နယ်နဲ့ ပွဲစဉ်အရေအတွက်အတူတူ ကစားထားပြီး နှစ်မှတ်သာ ကွာဟနေတာကြောင့် အာတီတာအတွက် ဝူဗာဟန်တန်ဟာ ပြိုင်ဘက်စာရင်းထဲကနေ ဖယ်ထုတ်ထားလို့ မရတာက အသေအချာပါပဲ။

၀က်စ်ဟမ်း 

နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေမကောင်းဖြစ်ခဲ့ရတာကြောင့်သာ ၀က်စ်ဟမ်းဟာ အာဆင်နယ်အတွက် လိုက်မီလို့ ခက်ခဲတဲ့ ပြိုင်ဘက်မဖြစ်ခဲ့ရတာပါ။ လက်ရှိမှာ ၀က်စ်ဟမ်းဟာ အာဆင်နယ်‌ရဲ့ အောက် တစ်မှတ်‌ လျော့နဲ့ အဆင့်ခြောက်နေရာမှာ ရပ်တည်နေပြီး နောက်ဆုံးပွဲစဉ်ငါးပွဲမှာ တစ်ပွဲသာနိုင်ခဲ့ထားတာဖြစ်ပါတယ်။ 

ဇန်နဝါရီမှာ ကစားသမားအင်အား ဖြည့်တင်းမှု မလုပ်နိုင်ခဲ့တာကလည်း ဒေးဗစ်မိုရက်စ်အတွက်တော့ အဆင်မပြေလှပါဘူး။ အာဆင်နယ်ရဲ့လူစာရင်းမှာ တိုက်စစ်မှူးစစ်စစ်နှစ်ယောက်သာ ရှိသလို ၀က်စ်ဟမ်းရဲ့လူစာရင်းမှာလည်း ‌တိုက်စစ်မှူးစစ်စစ်တစ်ဦးသာ ရှိနေပြီး ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်တွေကို ဒီပုံစံနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီ၀က်မှာ ချဲလ်ဆီး၊လီဗာပူးလ်၊စပါးတို့ကို အနိုင်ယူပြနိုင်ခဲ့တဲ့ Giant Killer ‌တွေဟာ လာမယ့်ရာသီ၀က်မှာတော့ ဒီလိုမျိုးထပ်ပြီး စွမ်းဆောင်ပြနိုင်ဖို့တော့ မသေချာလှပါဘူး။ 

Advertisements

မန်ချက်စတာယူနိုက်တက် 

ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲမှာ လေးပွဲအနိုင်ရထားပြီး ရှုံးပွဲမရှိထားခဲ့တဲ့ သရဲနီတွေသာ လက်ရှိမှာလည်း အာဆင်နယ်ရဲ့ အထက် အဆင့်လေးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ တစ်ချိန်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို အပြိုင်လုခဲ့တဲ့ အာဆင်နယ်နဲ့မန်ယူတို့ဟာ လက်ရှိမှာတော့ အဆင့်လေးနေရာကိုပဲ အရယူနိုင်ဖို့ အပြိုင်ကြဲရဖို့ ရှိနေတာဖြစ်ပါတယ်။ 

အသင်းရဲ့ခြေစွမ်းက အားရစရာမကောင်းပေမယ့် နိုင်ပွဲတွေရယူထားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အားသာချက်ကတော့ သူတို့ရဲ့ဂိုးသမား ဒီဂီယာနဲ့ တိုက်စစ်အင်အားစုလို့‌ဆိုနိုင်ပါတယ်။ ဒီဂီယာဟာ မန်ချက်စတာသားတွေရဲ့ နိုင်ပွဲတွေမှာ အဓိက ကျခဲ့သူဖြစ်သလို ရော်နယ်ဒိုကလည်း ခုထိ အသင်းကို အကျိုးပြုနေနိုင်ဆဲပါပဲ။ ဖာနန်ဒက်စ်ကလည်း အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်သလို ဆန်ချိုကလည်း ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဆိုတာ မေ့ထားလို့မရပါဘူး။ 

ရက်ဂ်ရင်းနစ်ရဲ့ မန်ချက်စတာဟာ အာတီတာနဲ့အာဆင်နယ်အတွက် အဓိက ပြိုင်ဘက်ဖြစ်လာနိုင်ချေ အများဆုံး အသင်းလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ 

တော့တင်ဟန်ဟော့စပါး 

ခါးသီးတဲ့ မြောက်လန်ဒန်ပြိုင်ဘက်တွေဟာလည်း လာမယ့် ရာသီ၀က်မှာ အာဆင်နယ်အတွက် ပိုမိုခါးသီးတဲ့ ရန်သူတော်တွေ ဖြစ်လာဖို့ ရှိနေပါတယ်။ကွန်တီရဲ့လက်အောက်မှာ စပါးဟာ ခြေစွမ်းကောင်းတွေကို ပြသနေပြီး ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲမှာ ရှုံးပွဲလုံး၀မရှိပဲ လေးပွဲအနိုင်ရထားခဲ့ပါတယ်။ 

စပါးအသင်းရဲ့ လူစာရင်းဟာ ‌အတောင့်တင်းကြီး မဟုတ်လှပေမယ့် ဆွန်ဟောင်မင်၊ဟယ်ရီကိန်းတို့ အတွဲအဖက်ရဲ့ ရုန်းအားကြောင့်သာ နိုင်ပွဲတွေကို စုဆောင်းနေနိုင်တာဖြစ်ပါတယ်။ဒီအချက်ကို ကွန်တီကလည်း ကောင်းကောင်းနားလည်ပြီးသူ့အနေနဲ့ ဆွန်၊ကိန်းတို့ဆီနေ ရသမျှ ညှစ်ယူသွားမှာ အသေအချာပါပဲ။ 

အသင်းကိုမကြည့်ပဲ မန်နေဂျာရဲ့ အရည်အချင်းသက်သက်နဲ့ပဲ ကြည့်မယ်ဆိုရင်တော့ ကွန်တီဟာ အာတီတာအတွက် အန္တရာယ်အရှိဆုံး ပြိုင်ဘက်ပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: