Top 6 သာမဝင်ရင် အာဆင်နယ်အသင်းရဲ့ အထိုင်တစ်ခုလုံးပျက်သွားနိုင်ပါတယ်

အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်မှာ မြင်ချင်နေကြတယ် ၊ အသင်းဖက်ကလည်း အစွမ်းကုန်ကြိုးစားနေတယ်ဆိုပေမယ့် ဒီအချက်က အရေးအကြီးဆုံးအချက်ဆိုတာထက် အမြင့်ဆုံးရည်မှန်းချက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။  လက်ရှိရနေတဲ့ အရှိန်အဟုန်တစ်ခုဟာ  အာဆင်နယ်အသင်းကို  ခေတ်သစ်ဘောလုံးမှာလဲ ဆွဲဆောင်မှုရှိတဲ့အသင်းတစ်သင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ လုံလောက်တဲ့ အင်အားရှိပါတယ်။ ထိုနည်းတူစွာပဲ အရာအားလုံးပျက်စီးသွားနိုင်တဲ့ အခြေအနေတစ်ရပ်လည်းရှိနေပါတယ်။ ဒီမေးခွန်းရဲ့အဖြေက  အာဆင်နယ်အသင်းရဲ့  ရာသီကုန်ရပ်တည်မှုပါပဲ။

ဆာကာကို လီဗာပူးက ခေါ်ယူချင်နေတယ်ဆိုတဲ့ သတင်းတွေက ခပ်စိပ်စိပ်ကိုထွက်လာပါတယ်။ ဒီကစားသမားလေးဟာ  အာဆင်နယ်ရဲ့ အဆိုးရွားဆုံးအချိန်မှာ တူတူရုန်းကန်ရင်း အဖက်ဖက်က ရင့်ကျက်တိုးတက်လာတာပါ။ အခုနောက်ပိုင်းမှဦ ဂိုးသွင်းအားလဲ သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီအစွမ်းတွေအကုန်လုံးကို အာဆင်နယ်အတွက်ပေးဆပ်ထားဖို့ဆိုတာကတော့ အကန့်အသတ်ရှိနေပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့်မရရှိခဲ့ရင် အာဆင်နယ်အတွက်ဖြေသိမ့်လို့ရတဲ့အချက်တွေအများကြီးပါ။  ပြိုင်ဖက်တွေရဲ့တိုးတက်မှု ၊ ကိုယ့်အသင်းရဲ့ အားနဲချက် ၊ မရောက်သေးတဲ့ခရီး စသည်ဖြင့်ပေါ့။ ဒါပေမယ့်  မာတင်နယ်လီ ၊ ဆာကာ ၊ စမစ်ရိုးတို့လို ကစားသမားတွေကို  ဥရောပမှာကစားရမယ်၊ အခုထက်ပိုများတဲ့လစာတွေရမယ်ဆိုတဲ့မက်လုံးတွေနဲ့ ချဥ်းကပ်လာတော့မယ့် အသင်းတွေအများကြီးပါပဲ။ ဒီအရာအတွက် အာဆင်နယ်က ပြင်ဆင်ရပါတော့မယ်။  ပြင်ဆင်ရမယ်ဆိုတာကလည်း အဖြေကိုပြေးရှာနေစရာတော့မလိုပါဘူး။ ကစားသမားလေးတွေကို ဥရောပမှာ  ချန်ပီယံလိဂ်မဟုတ်ရင်တောင် ယူရိုပါလိဂ်မှာတော့ ခြေစွမ်းပြခွင့်ပေးနိုင်ရပါလိမ့်မယ်။  ချန်ပီယံလိဂ်ဟာ Goal ပါ။ ဒါပေမယ့် ဥရောပအဆင့်ပြိုင်ပွဲတွေကတော့ Minimum Requirement ဖြစ်ပါတယ်။ အကယ်၍ ခြေချော်လက်ချော်ဖြစ်စေ၊ တစ်စုံတစ်ရာသော ဖြစ်စဥ်ကြောင့် ဖြစ်စေ  အာဆင်နယ်အသင်း Top 6  နဲ့လွဲခဲ့ပြီဆိုရင် အမ်းမရိတ်မှာ မုန်တိုင်းကျပြီလို့  သေချာပေါက်ပြောနိုင်ပါပြီ။

Advertisements

ဒီရက်ပိုင်းသတင်းများအရ  လက်ကျန် ၁၇ ပွဲဟာ အာဆင်နယ်ဖောင်ဖျက်ရမှာဖြစ်ပါတယ်။ ကြိုက်ကြိုက်မ ကြိုက်ကြိုက် ပေပေကိုသုံးရပါလိမ့်မယ်။  လူငယ်တွေအနေနဲ့လည်း “ ငါတို့က စီနီယာတွေနဲ့တူတူ အတွေ့အကြုံမရှာရလေခြင်း “ ဆိုပြီ ငြိးလို့မရတော့ပါဘူး။ အာဆင်နယ်ဟာ သူတို့ကို အခြားလူငယ်တွေလိုရှင်သန်ခွင့်မပေးရုံသာမကပဲ   ရှိသမျှတာဝန်တွေကိုပါ ပုခုံးပေါ်ပစ်တင်လိုက်ပါပြီ။  နည်းပြ အာတီတာကလဲ  ငါလုပ်ပြမယ် ဆိုတဲ့ မာန်တစ်ခုရှိနေပုံရပါတယ်။ ဒီအရာတွေကို မှန်တယ်မှားတယ် ပြောဖို့ထက် ၊ အဆုံးမှာ ဘာဖြစ်ခဲ့သလဲဆိုတာကပဲ အဆုံးအဖြတ်ပေးတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ  ၃၃ ဂိုးသွင်းထားပါတယ်။  ၁၆ ဂိုးက မာတင်နယ်လီ ၊ ဆာကာနဲ့ စမစ်ရိုးတို့ဆီကလာတာပါ။ ဒီတော့ အသင်းမှာ ဒီလူငယ် ၃ ယောက်ရဲ့ အရေးပါမှုက မြင်သာလွန်းလှပါတယ်။  ပညာရှင်တွေ ၊ ပြိုင်ဖက်တွေ ၊ မီဒီယာတွေမှာ ဒီလူငယ်လေးတွေကို ချီးကျူးနေကြတယ်ဆိုတာ ကောင်းတဲ့အချက်ဖြစ်ပေမယ့်  ၊ တချိန်ထဲမှာပဲ  သူတို့အတွက် နေရာများစွာရှိတယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်းများလဲဖြစ်ပါတယ်။

လက်ရှိအမှတ်ပေးဇယားအနေအထားကတော့  ပွဲပို ပွဲလျော့တွေနဲ့ဖြစ်လို့  ဘာမှမှတ်ချက်ပေးလို့မရတဲ့အနေအထားတစ်ခုပါပဲ။  ဒါပေမယ့်  စပါးအသင်းနဲ့ပွဲကျန်ရယ် ၊ ဖေဖော်ဝါရီလမှာကန်ရမယ့်  ၅  ပွဲရယ်ကတော့ အာဆင်နယ်အတွက် အသဲပေါက်မတက်ရုန်းရတော့မယ့် ပွဲစဥ်တွေပါပဲ။ ဖြစ်ချင်တော့ ၅ ပွဲမှာ ချဲလ်ဆီးနဲ့ လီဗာပူးလ် လဲပါဝင်နေတာပါပဲ။

အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဆိုတာထက်  ဥရောပအဆင့်မှာ တစ်နည်းနည်းနဲ့ရပ်တည်ပြဖို့  ၊   ကောင်းပါတယ်ဆိုတဲ့ လူငယ်လေးတွေကိုဆက်ထိမ်းထားဖို့ကတော့ Top 6 ကအခရာပါပဲ။ ဒါမှမဟုတ်ရင်တော့ အာတီတာရဲ့နောက်က ထောက်ခံမှုတွေပါ  အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။ ဒီလောက်ခက်ခဲတဲ့အခြေအနေကိုတောင် ကစားသမားသစ်မဝယ်ပဲ​ ဒီလူတွေနဲ့ တိုက်ပွဲဝင်ဖို့ရွေးချယ်လိုက်တဲ့အာတီတာဟာလည်းပဲ​ အနာဂတ်ကိုပါ အလောင်းအစားလုပ်လိုက်ပြီလို့ ဆိုရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: