ပေါင်သန်း၁၈၀တန် ပုစ္ဆာကို မာတင်နယ်လီ သီအိုရီနဲ့  အဖြေရှာတော့မယ့် အာတီတာ

အာဆင်နယ်ဟာ လာမယ့်နွေရာသီမှာ တိုက်စစ်အတွက် ပေါင်သန်း၁၈၀လောက်သုံးစွဲဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ နွေရာသီမရောက်သေးခင်၊ တိုက်စစ်မှူးသစ်တွေ အသင်းဆီမရောက်သေးခင်မှာတော့ လိုအပ်နေတဲ့ အထောင်တိုက်စစ်နေရာမှာ အာတီတာအနေနဲ့ မာတင်နယ်လီကို အသုံးပြုဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ 

တိုက်စစ်မှူးသစ်မခေါ်နိုင်တဲ့အပြင် ရှိတဲ့တိုက်စစ်မှူးကိုပါ လက်လွှတ်ခဲ့ရတာကြောင့် လက်ကျန်ပရီးမီးယားလိဂ် ၁၇ပွဲမှာ  အထောင်တိုက်စစ်အတွက် အာတီတာ ရွေးချယ်စရာ ကစားသမားက လာကာဇက်နဲ့ အန်ကက်တီးယားတို့သာ ကျန်ပါတော့တယ်။လာကာဇက်ကလည်း အသင်းရဲ့ကစားကွက်မှာ အထောက်အကူပြုတာမှန်ပေမယ့် ရလာတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်အမြဲအဆုံးသတ်နိုင်စွမ်းရှိတဲ့၊ အသင်းကလိုအပ်နေတဲ့ တိုက်စစ်မှူးမျိုး မဟုတ်တာတော့ အမှန်ပါပဲ။ အန်ကက်တီးယားရဲ့ ခြေစွမ်းကလည်း အားကိုးရလောက်စရာ မရှိပါဘူး။ ဒီတော့ ဒီတိုက်စစ်မှူးနှစ်ယောက်နဲ့ ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲကို အာတီတာ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ပရိသတ်တွေအတွက် ရင်မောစရာပါပဲ။ 

ဒီပြဿနာအတွက် အာတီတာမှာ အဖြေတစ်ခုတော့ ရှိဟန်ပါပဲ။ ဟိုအရင်ကတည်းက အူဘာမီယန်းနဲ့ မာတင်နယ်လီနှစ်ဦးစလုံးဟာ အထောင်တိုက်စစ်မှူးတွေဖြစ်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒီတော့ အူဘာမီယန်းထွက်ခွာသွားချိန်မှာ မာတင်နယ်လီဟာ အထောင်တိုက်စစ်အတွက် အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။အသင်းရဲ့ ဂန္တ၀င်တိုက်စစ်မှူးကြီး အွန်နရီကလည်း တောင်ပံကနေ အထောင်တိုက်စစ်မှူးအဖြစ်  ပြောင်းလဲကစားခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် ဘရာဇီးလ်းသားလေးဟာလည်း ပြင်သစ်သားကြီးရဲ့ ခြေရာကို နင်းနိုင်မလားဆိုတာ တကယ်ပဲ စိတ်၀င်စားစရာ ကောင်းပါတယ်။ 

Advertisements

မာတင်နယ်လီကို အထောင်တိုက်စစ်မှာ ထားမယ်ဆိုရင် လစ်လပ်သွားတဲ့ တိုက်စစ်ညာတောင်ပံမှာ စမစ်ရိုးက ကစားနိုင်ပါတယ်။ အိုဒီဂတ်က No.10 Role အတွက် ဦးစားပေးကစားသမား ဖြစ်နေတာကြောင့် အရန်ခုံကနေ ကွင်းထဲကို ၀င်လာပြီး ဂိုးတွေ သွင်းယူနေတတ်တဲ့ စမစ်ရိုးအတွက် ပုံမှန်နေရာရဖို့ အခွင့်အရေးတစ်ခုဖြစ်လာနိုင်ပါတယ်။ 

ဒါပေမယ့် မာတင်နယ်လီနဲ့ အာတီတာတို့ နှစ်ဦးစလုံးဟာ ဒီအတွက် အဆင်သင့်ဖြစ်ပြီလားဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။ တောင်ပံကစားသမားနဲ့ အထောင်တိုက်စစ်ကစားသမားတို့ရဲ့ ကစားပုံက ကွဲလွဲမှုရှိပြီး မာတင်နယ်လီဟာ တိုက်စစ်ညာတောင်ပံမှာ ပြိုင်ဘက်တွေကို လိမ်ခေါက်၊ အရှိန်အဟုန်နဲ့ ဘောလုံးကိုဆွဲပြေးပြီး ကောင်းကောင်းကစားနိုင်တယ်ဆိုတာ ငြင်းစရာမရှိပေမယ့် အထောင်တိုက်စစ်မှူးကစားဖို့ လိုအပ်ချက်လေးတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဂိုးဧရိယာထဲမှာ ပြိုင်ဘက်က ပြစ်ဒဏ်ကျူးလွန်လာအောင် ဆွဲဆောင်ဖို့ ၊ခန္ဓာကိုယ်ကို အသုံးပြုပြီး ပြိုင်ဘက်ခံစစ်ကစားသမားတွေကို လှည့်ထွက်တတ်ဖို့၊ဘောလုံးကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ နေရာလွတ်မှာ အသင့်နေရာယူပြီး အခွင့်အရေးကောင်းတစ်ခုကို စောင့်နေတတ်ဖို့ဆိုတဲ့ အရည်အသွေးတွေမှာတော့ ဝါရင့်တိုက်စစ်မှူးကြီး လာကာဇက်ဟာ မာတင်နယ်လီထက် ပိုကောင်းမှာတော့ သေချာပါတယ်။ဒါပေမယ့် ဂိုးသွင်းနိုင်စွမ်း၊ဂိုးဖန်တီးနိုင်စွမ်းတွေမှာ လာကာဇက်ထက် မာတင်နယ်လီက အများကြီးပိုကောင်းတယ်ဆိုတဲ့ အချက်ကိုလည်း အာတီတာအနေနဲ့ မေ့မထားနိုင်ပါဘူး။ ဒီတော့ အာတီတာ ဘာကိုရွေးချယ်မလဲ၊ လာကာလား၊ မာတင်လား။ 

ဘောလုံးပွဲတွေ ပြန်စမှပဲ အာတီတာအနေနဲ့ ပေါင်သန်း ၁၈၀ကျော်သုံးစွဲရမယ့် တိုက်စစ်အတွက် မာတင်နယ်လီ အထောင်တိုက်စစ်မှုးဆိုတဲ့ သီအိုရီနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မလားဆိုတဲ့ မေးခွန်းရဲ့အဖြေကို ကျွန်‌တော်တို့ရှင်းရှင်းလင်းလင်း သိရတော့မှာ ဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: