အာဆင်နယ်အသင်း မျှော်လင့်ချက် မမဲ့သေးပါ

ဇန်နဝါရီအပြောင်းအရွှေ့ကာလအလွန်မှာတော့ အားပေးသူတွေရဲ့   အမုန်းမျက်လုံးတွေက တဖန်ပြန်လည်ရှင်သန်လာခဲ့ပြန်ပါပြီ။  သို့သော်လည်းပဲ အရာအားလုံးဟာ ပျက်စီးသွားပြီလို့တော့ စာရေးသူကမယုံကြည်ပါဘူး ဒါကြောင့် အာဆင်နယ်အသင်းမျှော်လင့်ထားတဲ့ အရာတွေဖြစ်လာနိုင်စေတဲ့  အခြေအနေတွေဆီကို တစ်ချက်လောက်လေ့လာကြည့်ရအောင်။

ထွက်သွားတဲ့ကစားသမားတွေအားလုံးဟာ  အသင်းအပေါ်သက်ရောက်မှုအားနဲနေတဲ့   ကစားသမားတွေချည်းပါပဲ။ မာရီ ၊ ချန်ဘာစ်၊ နိုင်းစ် ၊ ကိုလာစီနက် ၊ အူဘာမီယန်နဲ့  ဘာလိုဂန်တို့ဟာ လက်ရှိအာတီတာရဲ့အသင်းမှာတော့ အဖြည့်သုံးကစားသမားများသာဖြစ်နေပါပြီ။

အချို့ကတော့ အူဘာမီယန်နဲ့ ပတ်သတ်ပြီး  အငြင်းပွားကောင်းပွားကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ပြောနေကြတာက  အူဘာရဲ့ အာဆင်နယ် ကစားသမားဘဝတစ်လျှောက်စွမ်းဆောင်ရည်မှတ်တမ်းတွေ အကြောင်းပါ။ ဒီနေ့ခေတ်ဘောလုံးလောကမှာ  အတိတ်ကိုလွမ်းဆွတ်ခြင်းဆိုတာမရှိပါဘူး။  သူရဲ့လွှမ်းမိုးမှုဟာ  ဂျာမနီကနေအသင်းဆီကိုရောက်လာတုန်းက သိပ်ကိုကြီးမားခဲ့ပေမယ့်  အခုတော့ အမှတ်တရများသာဖြစ်ခဲ့ပါပြီ။  ပွင့်ပွင့်လင်းလင်းတွေးနိုင်တဲ့ ပရိတ်သတ်တွေကတော့  သူ့ရဲ့စည်းကမ်းပိုင်းနဲ့ နောက်ဆုံးနေ့ရက်ခြေစွမ်းတွေဆိုတာ  အသင်းအပေါ်ဘယ်လိုနည်းနဲ့မှ မသက်ရောက်နိုင်တော့ဘူးဆိုတာကို သိမြင်ကြမှာပါ။ ဒီတော့အသင်းရဲ့ဆုံးဖြတ်ချက်ကို သဘောတူကြမယ်လို့ ယူဆပါတယ်။

အသင်းအတွက်ကတော့  ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ရတာပါပဲ။ ဒါဟာ Professionalism နဲ့လဲပတ်သတ်နေပါသေးတယ်။   ပရိတ်သတ်တွေအတွက် ကစားသမားနဲ့စာချုပ်ဖျက်သိမ်းလိုက်တယ်ဆိုတဲ့သတင်းမျိုးဟာ အဆင်ပြေချင်မှပြေမှာပါ။ အခြေအနေအရ ပရီတ်သတ်တွေအသဲထဲထိမယ့်  ကိစ္စမျိုးကို အသင်းတွေက သွေးအေးအေးနဲ့လုပ်ရတာပါပဲ။  ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ဟာလည်း ရိုနယ်ဒိုနဲ့ မက်ဆီတို့ကို ဒီလိုပဲလုပ်ခဲ့ရတာပါ။ ပုံရိပ်ကမြင့်မြင့်၊ လစာကများများ ၊ လက်ရှိစွမ်းဆောင်ရည်  .. အသင်းတွေဟာ ဒီလိုပဲဆုံးဖြတ်ကြရတာပါပဲ။

Advertisements

တိုက်စစ်မှုးတွေနဲ့သွင်းဂိုးတွေ

အာဆင်နယ်တိုက်စစ်နဲ့  ချန်ပီယံလိဂ်ဝင်နိုင်ချေကို ချိန်ဆပြီး  ဆိုရှယ်မီဒီယာမှာတော့ မျက်ရည်မိုးတွေရွာနေကြပါပြီ။

ပထမရာသီဝက်မှာ တိုက်စစ်မှုးအူဘာမီယန်ရဲ့ သွင်းဂိုးစုစုပေါင်းက  ၄ ဂိုးဖြစ်ပါတယ်။ ဂိုးရှေ့ကလွဲချော်မှုတွေနဲ့  အဲ့ဒီလွဲချော်မှုတွေကို တုန့်ပြန်တဲ့သူ့ရဲ့ မျက်နှာအမူအရာတွေကိုလည်းအားလုံးမမေ့လောက်သေးပါဘူး။  လာကာဇက်က ၃ ဂိုးသာသွင်းထားနိုင်တယ်။ သို့သော် စိတ်နှစ်ထားတဲ့အပိုင်းနဲ့ ကစားကွက်အပေါ်သက်ရောက်မှုမှာတော့  အလွန်သာလွန်ပါတယ်။  ကျွန်တော်  (မူရင်းစာရေးသူ)  ရဲ့စံနှုန်းတွေအရ လာကာဇက်က အသင်းခေါ်င်းဆောင်တစ်ယောက်တော့မဟုတ်ပေမယ့် ကစားအားရယ်  လူငယ်တွေကို ဦးဆောင်မှုပေးတဲ့အပိုင်းမှာရယ်တော့ သိပ်ကောင်းတဲ့သူပါပဲ။  သူက ကွင်းထဲမှာ ဘာလုပ်ရမယ်ဆိုတာကောင်းကောင်းနားလည်တယ်။  သူ့ရဲ့ ကစားသမားဘဝကို ဘယ်လိုအဆုံးသတ်မယ်ဆိုတဲ့အပေါ်မှာ  ရည်မှန်းချက်မြင့်မြင့်ထားတယ်။ ဒူဘိုင်းခရီးစဥ်ကပုံတွေကိုပဲကြည့်စမ်းဗျာ။  ဒဏ်ရာရတာတွေ ၊  ဂိုးရှေ့မှာ လွဲချော်တာတွေကို ခနမေ့ထားလိုက်ဦး။ သူက  အူဘာမီယန်ထက် ပြီးခဲ့တဲ့ရာသီမှာ ဂိုးပိုသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးတော့ နိုင်လိုစိတ်လဲပြင်းထန်သူဖြစ်ပါတယ်။

ပရိတ်သတ်တွေက တစ်ရာသီကို  ဂိုး ၂၀ လောက်သွင်းပေးနိုင်တဲ့တိုက်စစ်မှုးတစ်ယောက်ရောက်လာဖို့ ဝိုင်းပြီးဖိအားပေးကြတယ်ဆိုတာကောင်းပါတယ်။  ဒီလိုထိပ်တန်းတိုက်စစ်မှုးတွေကသာ နိုင်ပွဲတွေကိုဆောင်ကျဥ်းနိုင်တာမဟုတ်လား။ အသင်းရဲ့ ထိပ်တန်းတိုက်စစ်မှုးအူဘာကလဲ ပြီးခဲ့တဲ့ရာသီတွေမှာ အဓိကကျတဲ့နေရာကစွမ်းဆောင်ခဲ့တာပဲ။ ဒါပေမယ့် သူ့အတွက်ကံဆိုးတာက အသင်းမှာ တိုက်စစ်မှုးမဟုတ်တဲ့ ရွေးချယ်စရာတွေရှိနေတာပါပဲ။   အခြားအသင်းကြီးတွေနဲ့ယှဥ်ကြည့်ကြပါစို့။

Advertisements

လီဗာပူးအသင်းရဲ့တိုက်စစ်မှုးတွေက အာဆင်နယ်ထက်သိသိသာသာကောင်းပါတယ်။ မန်စီးတီးကတော့  ဂိုးသွင်းဖို့တာဝန်ကို ကစားသမားတွေကြားမျှပြီးယူထားကြပါတယ်။  ချဲလ်ဆီးရဲ့ ထိပ်တန်းဂိုးသွင်းသူက ၇ ဂိုးဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့  ရိုနယ်ဒိုက ၈ဂိုး ၊  ဝက်စ်ဟမ်းက အန်တိုနီယိုကလဲ  တူညီတဲ့မှတ်တမ်းကိုရထားပါတယ်။  စပါးအသင်းမှာလဲ  ၈ ဂိုးသွင်းထားနိုင်သူရှိနေတယ်။ အာဆင်နယ်ရဲ့  ဂိုးသွင်းသမားကတော့  စမစ်ရိုးပေါ့ဗျာ..သူလဲ ၈ ဂိုးပါပဲ။   ပြောင်းလဲလာတဲ့ရေစီးကြောင်းအရတော့  အသင်းတွေမှာ ဂိုးသွင်းတာဝန်ကို ဝေမျှပြီးယူနေကြပါပြီ။  တိုက်စစ်မှုးတစ်ဦးထဲကနေဦးဆောင်နေတာမျိုးကရှားပါတယ်။  အာဆင်နယ်အသင်းပရိတ်သတ်အများစုဟာ ပြိုင်ဖက်တွေကို လျှော့တွက်ထားကြပါတယ်။ တကယ်တော့အသင်းကောင်းအရေအတွက်ဟာ ရာသီတိုင်းမှဦ တိုးပွားလာနေပါတယ်။  ဝက်စ်ဟမ်းဟာ ချဲလ်ဆီးနဲ့ လီဗာပူးလ်ကို ယှဥ်နိုင်ဖို့ကြိုးစားနေပါတယ်။  ဝုဗ်တို့  ပဲလေ့စ်တို့  ဗီလာတို့ ကိုလဲ လွယ်လွယ်ကူကူနိုင်လိမ့်မယ်လို့ မထင်ထားပါနဲ့။

ကံကောင်းတာက အာဆင်နယ်အသင်းမှာ ပွဲကျန် ၁၇ ပွဲအတွက် မှီခိုလို့ရလောက်တဲ့ ဂိုးသွင်းအားတွေရှိနေပါတယ်။   မာတင်နယ်လီဟာ  ပြိုင်ဖက်တွေအတွက်ပြသနာတစ်ခုပါပဲ။ ပုံမှန်ပွဲထွက်ခွင့်ရလာတဲ့နောက်ပိုင်းမှာသူဟာ ပိုပြီးကောင်းလာခဲ့ပါတယ်။  သူဟာ အရင်က အူဘာမီယန်ရဲ့နောက်ကနေသာ ပွဲထွက်ခဲ့ရတဲ့ကစားသမားဖြစ်ခဲ့တာပါ။  စမစ်ရိုး ၊  ဆာကာနဲ့ ပေပေတို့ဟာလည်း  ကိုယ်ပိုင် ဂိုးသွင်း မှတ်တမ်းကောင်းတွေရှိနေကြသူတွေပါပဲ။  နောက်ဆုံးလက်ကျန်အချိန်တွေမှာ လာကာဇက်ရဲ့ရုန်းအား ၊  နောက်ပြီး အန်ကတ်တီယာဆီကနေလဲ တစ်ချက်ကောင်းတွေမျှော်လို့ရပါသေးတယ်။

အမှတ်ပေးဇယားအနေအထား

အာဆင်နယ်ဟာ အဆင့် ၄ နေရာနဲ့ တစ်ပွဲလျော့ကစား  ၂ မှတ်အကွာမှာရှိနေပါတယ်။  စပါးကတော့  သူ့ထက် ၂ ပွဲလျှော့ကစားထားပါတယ်။  ချဲလ်ဆီးကလဲ အဆင့် ၃ မှာတည်ငြိမ်လှတယ်တော့ မဟုတ်ပါဘူး။  သူက အာဆင်နယ်ထက်ရော  စပါးထက်ပါ  ပွဲပိုတွေကစားထားပါတယ်။  သူ့ရဲ့ အဆင့် ၃ က ခြိမ်းခြောက်ခံအနေအထားဖြစ်ပါတယ်။  သူနဲ့   အဆင့် ၈ က ဝုဗ်နဲ့ကြားမှာလဲ သိပ်ပြီးကွာခြားလှတယ်မဟုတ်ပါဘူး။  အာဆင်နယ်တို့ဟာ အခုလိုအနေအထားကို အိမ်မက်ဆိုးကြီးထဲကနေရုန်းထလာခဲ့ကြတာပါ။

အားလုံးကိုခြုံပြီးပြောရရင်  ဒီနေ့အခြေအနေကိုပြန်ရောက်လာဖို့ ဘယ်အသင်းရဲ့ခြေချော်မှုကြောင့်မှ မဟုတ်ပါဘူး။  သူတို့ကိုယ်တိုင်တည်ဆောက်ခဲ့တာပါ။  ကျွန်တော်ကတော့  အာတီတာကိုယုံပါတယ်။ လုပ်ငန်းစဥ်ကိုယုံပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: