ကမ္ဘာတလွှားက အာဆင်နယ်ပရိတ်သတ်တွေအတွက် ဇန်နဝါရီအပြောင်းအရွှေ့ဟာ ဒီရာသီရဲ့ စိတ်ပျက်စရာအကောင်းဆုံးအပိုင်းဖြစ်နိုင်ပါတယ်။ အသင်းရဲ့ အဓိက တိုက်စစ်မှုးတစ်ယောက်ဖြစ်တဲ့ အူဘာမီယန်ရဲ့နောက်ဆုံးမိနစ်ထွက်ခွာမှုအပြင် နေရာစုံက ကစားသမားတွေအသင်းကိုစွန့်ခွာသွားကြပေမယ့် ပြန်လည်ဖြည့်တင်းနိုင်မှုကတော့ မရှိဘူးလို့ပဲပြောရမှာပါ။ ဒါပေမယ့် AFCON မှာပြသွားတဲ့ ပေပေရဲ့ စွမ်းဆောင်ရည်တွေကတော့ အချိန်ကိုက်ပဲပရိတ်သတ်တွေအတွက် စိတ်ဖြေစရာတစ်ခုအဖြစ် ရောက်ရှိလာပါတယ်။
ကစားသမားအဝင်အဖြစ် မေဂျာလိဂ်က ကစားသမား ၂ ယောက်ကို ပြန်ခေါ်ထားပေမယ့် ဒီရာသီအတွက်မဟုတ်သေးပါဘူး။ ဘာတွေစီစဥ်ထားမှန်းမသိသေးပေမယ့် Trust The Process လို့ပဲပြောရမှာပါပဲ။ ဒါပဲရှိတော့တာကိုး။ အခြေအနေကတော့ရှိတဲ့လူနဲ့ပဲ လက်ကျန် ၁၇ ပွဲကိုတိုက်ပွဲဝင်သွားဖို့ဖြစ်ခဲ့ပါပြီ။
လာကာဇက် ၊ အန်ကတ်တီယာ ၊ ဆာကာ ၊ မာတင်နယ်လီ နဲ့ပေပေ တို့ဟာ တိုက်စစ် ၃ ယောက်ထားကစားတဲ့ အာတီတာအတွက်ရှိသမျှအကုန်ပဲဖြစ်ပါတယ်။ ဆာကာဟာ ညာတောင်ပံကစားသမားဖြစ်ပြီး လာကာဇက်က တိုက်စစ်အထောင် ၊ ဒါမှမဟုတ် ကွင်းလယ်နဲ့ချိတ်ဆက်ကစားသူပါ။ ဒီတော့ အာတီတာအတွက်နည်းဗျူဟာအရ လှည့်သုံးစရာ မာတင်နယ်လီ ၊ အန်ကတ်တီယာနဲ့ ပေပေတို့ပဲကျန်ပါတော့တယ်။
ဒီနေရာမှာ မာတင်နယ်လီနဲ့ အန်ကတ်တီယာကတော့ အခုနောက်ပိုင်းပွဲတွေမှာ သူတို့ရဲ့ကစားပုံတွေကိုမြင်နေရတာဖြစ်ပေမယ့် ပေပေကတော့ အသင်းနဲ့ဝေးကွာနေတာအတော်ကြာပါပြီ။ သူ့အခြေအနေဘယ်လိုရှိပါသလဲ။
ပေပေရဲ့ ကစားပုံမှာ ပြသနာရှိတာက သူ့ရဲံ ခန္တာကိုယ်လှုပ်ရှားပုံတွေကို ပရီးမီးယားလိဂ်နောက်ခံလူတွေက ရိပ်စားမိနိုင်ကြပြီး အလွယ်တကူတားဆီးနိုင်တဲ့အချက်ရယ် ၊ ကန်သွင်းမှုတွေလုပ်တဲ့အခါ စိတ်ကြိုက် Position ကို တည်ယူနေရတာရယ်ပဲဖြစ်ပါတယ်။ ဒီတော့သူ့ကစားပုံက မှန်းရလွယ်ပြီး နဲနဲလေးနေသလိုပါပဲ။ ဒါပေမယ့် ပေပေအနေနဲ့ အလိမ်အလှဲ့တွေလျှော့ပြီး အသင်းနဲ့ တွဲကစားတဲ့နေ့တွေဆိုရင် သူဟာတော်တော်လေးကောင်းတဲ့ကစားသမားဖြစ်ပါတယ်။
ကိန်းဂဏန်းအရကြည့်ရင် ပေပေကိုအဆင်မပြေပါဘူးလို့ ပြောဖို့သိပ်ခက်တဲ့အနေအထားပါ။ ပြီးခဲ့တဲ့ရာသီမှာတောင် ၄၇ ပွဲကစား၊ ၁၆ ဂိုးသွင်းပြီး ၊ ၅ ကြိမ်ဖန်တီးထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အခြားကစားသမားတွေနဲ့မတူတာက ပေပေကို အချက်အလက်တွေက ကိုယ်စားမပြုနိုင်ပါဘူး။ သူဟာ တစ်ပွဲထဲမှာတင် အမျိုးမျိုးပြောင်းလဲတတ်သူဖြစ်ပါတယ်။ Inverted Winger တစ်ယောက်အနေနဲ့သူ တကယ်ကောင်းအောင်ကစားနိုင်မယ်ဆိုရင်တော့ အာဆင်နယ်ရဲ့ လတ်တလောတိုက်စစ်အခက်အခဲကို တော်တော်လေးပြေလည်စေမယ့်သူပါ။
အာဖရိက ဖလားပွဲမှာတော့ ပေပေ ကတော်ေတာ်လေးခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဂိုးသွင်းတယ်၊ ဖန်တီးတယ် ၊ MOTM လဲရခဲ့တယ်။ ခြေစွမ်းလဲပြခဲ့တယ်ပေါ့။ ဒါပေမယ့် ပရီးမီးယားလိဂ်ဟာ ပိုခက်ခဲတဲ့ခရီးဖြစ်ပါတယ်။ အာတီတာမှာရွေးစရာမရှိတော့တဲ့နောက် ဒီ အိုင်ဗရီကို့စ်သားကို ကွင်းလယ်မှာ ဒါမှမဟုတ်တိုက်စစ်မှာ မြင်ကိုပြန်မြင်ရတော့မှာဖြစ်ပါတယ်။
အာတီတာအနေနဲ့ နည်းစနစ်ပိုင်းအရတော့အများကြီး အပြောင်းအလဲလုပ်ဖို့မလိုပါဘူး။ ပေပေက ဘယ်ရော ညာရောမှာ အဆင်ပြေအောင်ကစားနိုင်ပါတယ်။ အထောင်အဖြစ်လဲ သုံးလို့တော့ရပါတယ်။ ဒီတော့ Favorite အတွဲဖြစ်တဲ့ လာကာ ၊ ဆာကာ ၊ မာတင်နယ်လီ အတွဲအတွက် အရံထားမယ်ဆိုရင်တော့ နေရာစုံအတွက်အဆင်ပြေပါတယ်။ တစ်ခါတစ်လေ အန်တတ်တီယာရဲံ အလှုပ်အတိုးကလည်းအသင်းအတွက်အလုပ်ဖြစ်သေးတယ်ဆိုတော့ သူ့ကိုဘယ်ခြမ်းတင်တာမျိုးလုပ်ဦးမလားလဲ စောင့်ကြည့်ရပါမယ်။
ခြေစွမ်းမပြနိုင်ရင်လဲ ကိန်းဂဏန်းတွေမှာတော့ ဘောလုံးရာသီတိုင်းမှာ ထုံးစံမပျက်လှပနေတတ်တဲ့ ပေပေ အတွက် ဒီ ၁၇ ပွဲက သူ့အတွက်များလားလို့ တွေးရမယ့်အခြေအနေတစ်ခုပါပဲ။