အားလုံးဟာ ကပ္ပတိန်လက်ပတ်က စတင်ခဲ့ပါတယ်

တူညီတဲ့စွမ်းဆောင်ရည် ၊ တူညီတဲ့အမူအကျင့်တွေကိုပဲ  မတူညီတဲ့ခေါင်းစဥ်တွေတပ်လိုက်တဲ့အခါမှာတော့  ရလဒ်တွေဟာ ကပြောင်းကပြန်ဖြစ်လာပါတော့တယ်။  တိုက်စစ်မှုးတစ်ယောက်က ဂိုးသွင်းအားကျတယ် ၊ ပျော်ပျော်နေတတ်တယ်။  ဒိုင်လူကြီးကို စောဒကတက်တာအားနည်းတယ်ဆိုရင် ညှိနှိုင်းလို့ရတဲ့အမှားတွေအဖြစ် သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့်  အသင်းခေါင်းဆောင်တစ်ယောက်ဆိုရင်တော့ ဆွေးနွေးရမယ့် ကိစ္စတွေများသွားပါပြီ။ 

ဒီနေရာမှာ ပြောစရာနှစ်ခုရှိပါတယ်။  ပထမတစ်ခုက  အူဘာရဲ့ပြသနာက ဘယ်လောက်ထိနက်ရှိုင်းသလဲဆိုတာဖြစ်ပြီး ၊ ဒုတိယအချက်ကတော့ ဒီလိုရှင်းမှပဲ ရမှာလား ဆိုတာပဲဖြစ်ပါတယ်။

ဒီလပိုင်းမှာ ကစားသမားနဲ့နည်းပြကြားပြသနာတက်တာဟာ အာဆင်နယ်တသင်းထဲတော့မဟုတ်ပါဘူး။ အာတီတာအနေနဲ့ ချဲလ်ဆီးမန်နေဂျာ တူချယ်ကို အတုယူပြီးဖို့ အကြံပေးစကားဆိုလာတဲ့သူတွေ ရှိလာခဲ့ပါတယ်။ Sky Sport နဲ့ အင်တာဗျူးတစ်ခုမှာ ချဲလ်ဆီးတိုက်စစ်မှုး လူကာကူဟာ အသင်းဟောင်းဆီကို  ပြန်ချင်တယ်လို့ ဖွင့်ဟခဲ့တဲ့အတွက် တူချယ်က သူ့ကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ပြီး အပြစ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အသင်းနဲ့ ကစားသမားကြား ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး လူကာကူက သူ့ရဲ့ လုပ်ရပ်အပေါ် လူသိရှင်ကြားတောင်းပန်ခဲ့ပါတယ်။  တူချယ်ကလည်း ဘယ်လ်ဂျီယံသားကို ပြန်လည်နေရာပေးခဲ့ပါတယ်။  အူဘာမီယန်ရဲ့ ပြသနာကရော အဲ့ဒီလိုရှင်းလို့မရဘူးလားလို့ မေးခွန်းထုတ်သူတွေအများကြီးရှိခဲ့ပါတယ်။ ဂန္တဝင်ကြီး ပေါလ်မာဆန်ကလည်း အာဆင်နယ်အနေနဲ့ အူဘာမီယန်းကို အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ထည့်သွင်း အသုံးပြုသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။  ဒါပေမယ့် အာဆင်နယ်တို့ဟာ အခြားလမ်းကိုပဲရွေးခဲ့ကြပါတယ်။

အခုတော့ပြီးခဲ့ပါပြီ။  အာဆင်နယ်အသင်းမှာ ဂန္တဝင်ဖြစ်ချင်ပြီး  နောက်ထပ်ရာသီတစ်ခုလောက်ကို ပုံမှန်ဖြတ်သန်းရင်ပဲ  ထိပ်တန်းဂိုးသွင်းသူဖြစ်လို့အလားအလာကောင်းနေတဲ့အူဘာမီယန်ဟာ  အလွတ်နဲ့ပဲ အသင်းကနေထွက်ခွာသွားခဲ့ပါတယ်။ ရုပ်ပျက်တာကတော့ အသင်း ၂ သင်းဆွေးနွေးနေဆဲမှာပါပဲ အူဘာဟာ ကြိုရောက်နေခဲ့ပါတယ်။  သတင်းအချို့ကတော့ အူဘာမီယန်ဟာ ကြိုပြီးအောင်ပွဲခံနေခဲ့တယ်ဆိုပြီးရေးသားခဲ့ကြပါတယ်။  ရုပ်မပျက်ပေမယ့် သိပ်လှပတဲ့အဆုံးသတ်တော့မဟုတ်ခဲ့ဘူး။  အချို့သတင်းတွေရဲ့ အာဘော်ဖြစ်တဲ့  ကစားသမားဆန္ဒကိုလိုက်လျောပြီး  အလွတ်နဲ့ပေးပြောင်းခဲ့တယ်ဆိုတာလေးကိုပဲ အမှန်ဖြစ်ဖို့ဆုတောင်းရပါတယ်။

Advertisements

ပြသနာအားလုံးရဲ့ အစဟာ ကပ္ပတိန်လက်ပတ်လို့ပဲထင်ပါတယ်။

အူနိုင်းအမ်မရီလက်ထက်မှာ  အသင်းခေါင်းဆောင်ရှာခါပြသနာတက်ပြီးနောက် ၊ ဦးဆောင်သူအသစ်ရွေးတဲ့အခါ မဲပေးစနစ်နဲ့ရွေးခဲ့ကြတယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။  ဒီစနစ်ဟာ  အခြေအနေတစ်ရပ်မှာတော့အဆင်ပြေနိုင်ပေမယ့်  ၊ အာဆင်နယ်နဲ့တော့ မသင့်တော်ခဲ့ပါဘူး။ လူချစ်လူခင်များတဲ့အူဘာဟာ  မဲအများဆုံးရပြီးနောက်  ပျော်ပျော်ကြီး တက်ပြီး ကပ္ပတိန်လုပ်ပါတော့တယ်။  အာဆင်နယ်ရဲ့ ကံကြမ္မာပဲပေါ့လေ။

အဲ့ဒီနောက်တော့ အကောင်းတွေဖြစ် ၊  ဆုတွေယူ ၊ ပြီးတော့ စာချုပ်သစ်ချုပ်ဆိုခဲ့။ သို့သော် လူပျော် အူဘာ ကို ကပ္ပတိန်လက်ပတ်က ရင့်ကျက်မှုတွေမပေးစွမ်းနိုင်ခဲ့ပါဘူး။ သူဟာ  ကွင်းထဲမှာ စောဒကတက်ဖို့ထက် ခပ်အေးအေးနေလိုတယ်။ ဂိုးသွင်းရင် အကြီးအကျယ်အောင်ပွဲခံမယ်။ ဆံပင်တွေမျိုးစုံပြောင်းမယ်။  အူဘာဟာ  ချစ်စရာကောင်းတဲ့  စီနီယာကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင်မဟုတ်ပါဘူး။ ဒါဟာ အူဘာကို ချစ်သည်ဖြစ်စေ ၊ မုန်းသည်ဖြစ်စေ လက်ခံရမယ့် အမှန်တရားပါပဲ။  ဒီလိုနဲ့  မှားယွင်းတဲ့ အသင်းခေါင်းဆောင်သတ်မှတ်ချက်ဟာ တိုက်စစ်မှုးကောင်းတစ်ယောက်ကို ဆုံးရှုံးရဖို့ဖြစ်လာပါတယ်။

ဒုတိယအပြစ်တင်ရမှာကတော့ အသင်းရဲ့ စီမံပုံပါ။  ဒီနေရာမှာ အခြေအနေ ၂ ခုရှိပါတယ်။  ပထမတစ်ချက်က ညှိနှိုင်းပြီး နေရာပြန်ပေးဖို့ပါ။  လုပ်ဆောင်ပုံသာမှန်ကန်ရင် ကမ္ဘာ့အဆင့်တိုက်စစ်မှုးတစ်ယောက်ပြန်ဖြစ်လာမှာပါ။ တဖက်မှာလည်း ထူးမခြားနားဖြစ်ခဲ့ရင်ဆိုတဲ့အတွေးကရှိပါတယ်။  ဒီတော့  အာဆင်နယ်တို့ဟာ အူဘာကို Risk မယူချင်တော့တဲ့ပုံပါပဲ။ ဒါတွေကတော့ အပြင်ကနေခန့်မှန်းကြည့်ရတာပေါ့ဗျာ။ နောက်ကွယ်မှာ ဘာတွေရှိလဲကတော့ ကိုယ်လဲမသိနိုင်ပါဘူး။ ထားပါတော့။

ဘယ်လိုပဲဖြစ်ဖြစ် အူဘာမီယန်ဟာ အသင်းရဲ့ သမိုင်းထဲကတိုက်စစ်မှုးတစ်ယောက်ဖြစ်ခဲ့ပါပြီ။  ပွဲပေါင်း  ၁၂၈ ပွဲ ကစားခဲ့တယ်  ..   ၆၈ ဂိုးသွင်းခဲ့တယ်။  ဇန်နဝါရီမှာရောက်လာပြီး ဇန်နဝါရီမှာပဲ ပြန်ထွက်သွားခဲ့ပါတယ်။ အသင်းကိုရောက်လာတဲ့ ကျောနံပါတ် ၁၄ တွေဟာ အမှတ်တရတွေထားခဲ့တတ်ကြတာပဲ။ 

Advertisements
Advertisement

One thought on “အားလုံးဟာ ကပ္ပတိန်လက်ပတ်က စတင်ခဲ့ပါတယ်

Leave a Reply

%d bloggers like this: