ဒူဘိုင်းလေ့ကျင့်ရေးမှာ ပျော်ရွင်နေတဲ့ ရမ်းစ်ဒေးလ်
ဂိုးသမားတစ်ယောက်ဖြစ်ပေမယ့် ဂိုးကန်သွင်းတဲ့လေ့ကျင့်ခန်းတွေမှာပါ ပျော်ပျော်ပါးပါးဝင်ကစားနေတဲ့ ဂိုးသမားရမ်းဒေးလ်ရဲ့ Video တွေကို ပရိတ်သတ်တွေတော်တော်လေးသဘောကျနေကြောင်း သတင်းဌာနများက ရေးသားနေကြပါတယ်။ ဒူဘိုင်းလေ့ကျင့်ရေးအစီအစဥ်မှာ Video Footage အချို့အရ ရမ်းစ်ဒေးရဲ့ ကန်သွင်းချက်တွေဟာ သပ်သပ်ရပ်ရပ်ရှိနေပြီး ပရိတ်သတ်အချို့ဟာ ဗလာဟိုဗစ်ထက်ပိုကောင်းတယ်ဆိုပြီး မှတ်ချက်ပေးနေကြပါတယ်။
ပွဲဦးထွက် ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တဲ့ ဘာလိုဂန်
ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို အငှားသွားရောက်ကစားနေတဲ့ ဘာလိုဂန် ဟာ ကိုဗင်ထရီစီးတီးအသင်းကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တစ်လုံးထဲသောအနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘာလိုဂန်အတွက် တတိယမြောက်ပွဲမှာ စတင်ပြီး အသင်းအတွက် အကျိုးပြုနိုင်ခဲ့တာဖြစ်ပြီး ၊ ကစားပုံအရလဲ မဆိုးတဲ့အနေအထားမှာရှိနေတယ်လို့ နည်းပြက မှတ်ချက်ပေးထားခဲ့ပါတယ်။
ပြင်ပလိဂ် တစ်ခုခုကို အငှားထွက်ကစားမယ့် အကီနိုလာ
အာဆင်နယ်အသင်းဟာ လူငယ်ကွင်းလယ်ကစားသမားလေး တင်အကီနိုလာ ကိုပြည်ပနိုင်ငံအသင်းတစ်သင်းမှာ သွားရောက်ကစားဖို့ စီစဥ်နေတယ်လို့သိရပါတယ်။ U23 အသင်းနဲ့အတူ ပွဲပေါင်း ၄၀ ကျော်ကစားထားပြီးဖြစ်တဲ့ အကီနိုလာ ဟာ ပြည်တွင်းအသင်းများမှာ သွားရောက်ကစားနေခဲ့တာဖြစ်ပြီး ၊ နောက်ထပ်အငှားချနိုင်ဖို့အတွက် အသင်းကိုပြန်လည်ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။
မိုရာတာထံ တိုက်ရိုက် ဖုန်းဆက်တဲ့ အာတီတာရဲ့လက်ထောက်
စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်အရ အာတီတာရဲ့လက်ထောက်ဖြစ်သူ မီဂွယ်မိုလီနာဟာ မိုရာတာထံသို့ တိုက်ရိုက်ဖုန်းဆက်ပြီး အသင်းမှာလာရောက်ကစားဖို့ ဆွဲဆောင်ခဲ့တယ်လို့ သိရပါတယ်။ မိုလီနာဟာ အက်သလက်တီကို မက်ဒရစ်မှာတုန်းက မိုရာတာနဲ့အတူ အလုပ်တွဲလုပ်ခဲ့ဖူးပြီး ၊ ကစားသမားဖက်ကလည်း အမ်းမရိတ်ကိုလာဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အာဆင်နယ်အသင်း လူမခေါ်ရင်အခြေအနေမကောင်းဘူးလို့ ကစားသမားဟောင်း သုံးသပ်
အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ပက်ဒီကင်နီက အပြောင်းအရွှေ့မှာဖြစ်ပေါ်နေတဲ့ အာဆင်နယ်ရဲ့အခြေအနေကို Football Insider နဲ့တွေ့ဆုံရာမှာ အခုလိုပဲမှတ်ချက်ပေးခဲ့ပါတယ်။
“ သူတို့တစ်ခုခုလုပ်နေတယ် ၊ တစ်ယောက်ယောက်ကိုခေါ်လိမ့်မယ်လို့ ခင်ဗျားထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမယ့်အခုထိတစ်ခုမှဖြစ်မလာသေးပါဘူး။ ကျွန်တော်ကြတော့ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ရာသီဝက်အခြေအနေတွေကိုပဲ ပြန်တွေးနေမိတယ်ဗျာ .. အခြေအနေတွေက ဆိုးရွားသွားနိုင်ပါတယ်။ တကယ်လို့သာ တစ်ယောက်မှရောက်မလာခဲ့ရင်ပေါ့ “ ဆိုပြီးမှတ်ချက်ပေးသွားခဲ့ပါတယ်။