ဖိယင်နုဒ်အသင်းရဲ့နည်းပြ အန်းစလော့က အာဆင်နယ်အသင်းကနေ အငှားလာကစားနေတဲ့ နယ်လ်ဆင် အပေါ်မှာ သူ့ရဲ့ထင်မြင်ချက်ကို ရှင်းရှင်းလင်းလင်းပြောပြလာခဲ့ပါတယ်။ အမ်းမရိတ်ရဲ့ကြယ်ပွင့်လေးဟာ မျှော်လင့်ချက်အကြီးကြီးတွေထားခြင်းခံခဲ့ရသူဖြစ်ပါတယ်။ သူ့မှာ ထူးခြားတဲ့စွမ်းရည်တွေရှိတယ်။ အားလုံးကလည်း အလားအလာကောင်းသူတစ်ယောက်အဖြစ်သတ်မှတ်ခံခဲ့ရတယ်။ ဒါပေမယ့် ထိုအဆင့်မှာသာရပ်တန့်နေခဲ့ပြီး ထွန်းတောက်လာတဲ့အခြေအနေကိုရောက်မလာခဲ့သေးပါဘူး။
နယ်လ်ဆင် ဟာ ထိုက်သင့်တဲ့အခွင့်အရေးပေးမှုနဲ့အတူ စောင့်ကြည့်ခံခဲ့ရပေမယ့် ထင်သလောက်ဖြစ်မလာတဲ့အခါမှာ နယ်သာလန်ကလပ်ဆီကိုအငှားချခံခဲ့ရပါတယ်။ ဒါပေမယ့် အခုထိ သူရဲ့ပေါက်ကွဲမှုတွေကို မမြင်ရသေးပါဘူး။
ဖီယင်နုနည်းပြ က FR12 သတင်းဌာနနဲ့တွေ့ဆုံစဥ်မှာ နယ်ဆင်အကြောင်းကိုအခုလိုပဲ အလေးအနက်ပြောသွားခဲ့ပါတယ်။
“ သူကစားတာတကယ်ကောင်းပါတယ်။ ဒါပေမယ့် ထိရောက်တဲ့အခွင့်ကောင်းတွေကိုဖန်တီးပေးဖို့အတွက် သူရုန်းကန်နေရပါတယ်။ နယ်ဆင်က ဘောလုံးကျွမ်းကျင်မှုကောင်းတယ် ၊ မြန်နှုန်းမြင့်ပြီး လျှင်မြန်တဲ့အတိုးအလှုပ်တွေနဲ့တိုက်စစ်ဆင်နေတယ် .. ဒါပေမယ့် အဆုံးသတ်လုပ်ဆောင်ချက်တွေတော့ ပျောက်ဆုံးနေခဲ့တယ်။
ကစားသမားတစ်ယောက်ဟာ ဖန်တီးမှုတွေပြုလုပ်ပေးနိုင်ဖို့လဲ့ အဓိက မကျပါဘူး ။ ဂိုးသွင်းယူဖို့လဲ အမြဲမလိုအပ်ပါဘူး။ ကွင်းထဲမှာ လိုအပ်တဲ့အတိုင်းအကောင်းဆုံးကစားနေဖို့ဟာ ဘောလုံးကစားခြင်းရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဖိယင်နုဒ်လိုအသင်းရဲ့တောင်ပံမှာကစားရပြီဆိုရင် အဲ့ဒီကစားသမားဆီက မျှော်လင့်ထားတဲ့အရာတွေအများကြီးရှိနေပါတယ်။
နယ်ဆင်ရဲ့ ပုံစံက ဂိုးတွေအများကြီးသွင်းယူသူမျိုးမဟုတ်ပါဘူး။ လေ့ကျင့်ရေးမှာလည်း ဂိုးတွေသွင်းယူနေတာမျိုး မတွေ့ရပါဘူး။ ဒါပေမယ့် ဘွန်ဒက်စ်လီဂါမှာကစားတုန်းက တော့ ၇ ဂိုးသွင်းယူပေးခဲ့တယ်။ ဒါက သိပ်ကိုကောင်းမွန်ပါတယ်။
ကျွန်တော်ကတော့ သူက ဖန်တီးပေးတဲ့ ကစားသမားမျိုးပါ၊ သူအခုထက်ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ် “ ဆိုပြီး ရှင်းပြပြောဆိုသွားခဲ့ပါတယ်။
သူပြောပြသွားတဲ့စကားတွေကို ပြန်လေ့လာကြည့်ရင် နယ်ဆင်အနေနဲ့ စကေးတွေပြနေမယ့်အစား ထိထိရောက်ရောက်ကစားပြဖို့လိုနေပြီလို့ ယူဆရပါတယ်။ အသက် ၂၂ သား ဟေးအန်းသားမှာ အရည်အချင်းကောင်းတွေရှိတာအကုန်လုံးလက်ခံထားကြပြီးသားပါ။ ဒါပေမယ့် ၁၇ ပွဲကစားပြီး တစ်ဂိုးပဲ သွင်း ၊ တစ်ကြိမ်ပဲဖန်တီးမှုပြုလုပ်နိုင်ခဲ့တာဟာ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာမယ့်သူတစ်ယောက်ရဲ့ ရလဒ်မျိုးမဟုတ်ပါဘူး။ နည်းပြက ဂိုးမသွင်းလဲရပါတယ်ဆိုတဲ့ပုံစံမျိုးပြောပေမယ့် ရလဒ်ထွက်အောင်တစ်ခုခု လုပ်ပြဖို့လိုပါတယ်။
နယ်လ်ဆင်ဖက်တော့ သူ့အနေနဲ့ ၄ ပွဲပဲ First Line-up ကစားသမားအဖြစ်ပွဲထွက်ရသေးတယ်လို့ ပြန်ထောက်စရာရှိပေမယ့် နည်းပြဖြစ်သူက ဂိုးသွင်းအားနဲတယ် လို့ ထုတ်ပြောခံရတာက အဆင်ပြေတဲ့အနေအထားတစ်ခုမဟုတ်ပါ။ ဒီတောင်ပံကစားသမားလေးအတွက် အငှားစာချုပ်ပြီးချိန်ရောက်တဲ့အခါ အာဆင်နယ်နဲ့လည်း ၁ နှစ်ပဲ သက်တမ်းကျန်တော့တာဖြစ်ပါတယ်။ တကယ်လို့ လက်ကျန်ကာလလေးတွေမှာသာ ထူးချွန်တဲ့ရလဒ်တွေကို ပြသနိုင်ခြင်းမရှိတော့ရင် နယ်ဆင်ရဲ့ ရှေ့ဆက်ခရီးဟာ မှန်းထားသလောက် တောက်ပနိုင်ဖို့ မလွယ်တော့ပါဘူး။
နယ်ဆင်အတွက် အချိန်အများကြီးမရတော့ပါဘူး။