အီဆက်ခ် ကိုရဲရဲခေါ်ယူဖို့ The Daily Mail တိုက်တွန်း
The Daily Mail သတင်းစာက အာဆင်နယ်အနေနဲ့ အီဆက်ခ် ကို အူဘာမီယန်နေရာမှာ တိုက်ရိုက်အစားထိုးမှုအဖြစ်ခေါ်ယူသင့်ကြောင်း တိုက်တွန်းရေးသားသွားခဲ့ပါတယ်။ အီဆက်ခ် ရဲ့ ကစားပုံဟာ အူဘာမီယန်ရဲ့ အကောင်းဆုံးအချိန်များက စွမ်းဆောင်ရည်နဲ့ တူညီကြောင်းကိုလဲနှိုင်းယှဥ်ရေးသားသွားပါတယ်။ ဒီသတင်းကို ကိုးကားဖော်ပြကြတဲ့ Weblog အများစုကလည်း အီဆက်ခ် ကိုခေါ်ယူဖို့ထောက်ခံနေကြပါတယ်။ အသက် ၂၂ အရွယ် အီဆက်ခ် ဟာ လာလီဂါမှာ ၃ ရာသီမြောက်ကို ဖြတ်သန်းနေတာဖြစ်ပြီး ၁၄၁ ပွဲကစား ၄၁ ဂိုးသွင်းထားနိုင်သူဖြစ်ပါတယ်။ ဒီအချက်က Daily Mail ရဲ့သုံးသပ်ချက်ဖြစ်ပြီး အာဆင်နယ်ဖက်ကတော့ ကဲဗက်လီဝင်ကိုပိုပြီးအလေးထားနေတယ်လို့ ဖော်ပြထားပါတယ်။
အာဆင်နယ်ရဲ့ အချက်အလက်ပညာရှင်ကို မေဂျာလိဂ်ကလပ်ခေါ်ယူ
အာဆင်နယ်အသင်းနဲ့အတူ ၈ နှစ်ကြာလက်တွဲခဲ့တဲ့ Director of Analytics (အချက်အလက်အခြေပြုကစားသမားလေ့လာရေးဒါရိုက်တာ) တိုင်လာကော့စ် ကို မေဂျာလိဂ်ကလပ် ဆီယက်တဲဆောင်းဒါး က ခေါ်ယူလိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။ ဆီယက်တဲ အသင်းဟာ သူတို့အသင်းရဲ့ ကစားသမားခေါ်ယူမှုတွေအတွက် Data Analysis နည်းပညာကိုအသုံးပြုနေပြီဖြစ်ပြီး တိုင်လာလို အတွေ့အကြုံရှိသူကို ခေါ်ယူအားဖြည့်လိုက်တာဖြစ်ပါတယ်။
ရှာခါကို လက်မလျှော့သေးတဲ့ မော်ရင်ဟို
ရိုးမားအသင်းဟာ ရှာခါကို ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲဖြစ်ပြီး ၊ ကွင်းလယ်လူ အမန်ဒို ဒီယာဝါရာကို လည်းရောင်းထုတ်ဖို့စီစဥ်နေတယ်လို့ ဆိုပါတယ်။ Corriere Dello Sport ရဲ့ဖော်ပြချက်အရ မော်ရင်ဟို ဟာမလိုအပ်တဲ့ ကစားသမားအချို့ကိုရောင်းချပြီး ရှာခါလို စိတ်ကြိုက်ကစားသမားနဲ့ သူ့ရဲ့ကွင်းလယ်ကို အင်အားဖြည့်တင်းလိုနေတာဖြစ်ကြောင်းသိရပါတယ်။
ခရူဝီကို အငှားနဲ့ထွက်တဲ့ လူငယ်နောက်ခံလူ
စီနီယာအသင်းကြီးနဲ့ လာရောက်လေ့ကျင့်နေတဲ့ အသက် ၂၀ အရွယ်နောက်ခံလူလေး ရိုက်ယန် အဘီယိုဆူး ဟာ ခရူဝီအလက်ဒန်းဇရား အသင်းကို ရာသီကုန်အထိ အငှားနဲ့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ အဘီယိုဆူး ဟာ ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဥ် ၊ ဘန်လေအသင်းနဲ့ ပရီးမီယားလိဂ်ပွဲစဥ်တွေ တုန်းကလဲ အရံခုံတန်းမှာ ရှိနေခဲ့တဲ့ကစားသမားဖြစ်ပါတယ်။
အူဘာနဲ့သေချာညှိဖို့ ပေါလ်မာဆင်တိုက်တွန်း
အာဆင်နယ်ဂန္တဝင်ကြီး ပေါလ်မာဆင်က နည်းပြအာတီတာအနေနဲ့ အူဘာမီယန်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးပြီး အဖြေရှာဖို့ Sky Sports ကနေတစ်ဆင့် တိုက်တွန်းခဲ့ပါတယ်။
“ အာဆင်နယ်ဟာ အူဘာနဲ့အတူ အစည်းအဝေးတစ်ခုလုပ်သင့်ပါတယ်။ ကစားသမားဖက်က သဘောထားကိုလဲ သိနေပြီးသားပဲမဟုတ်လား။ သူ့မှာလည်းသူ့အကြောင်းနဲ့သူပါ။ ဒါတွေဟာ အတွင်းရေးအဖြစ်ပဲဖြေရှင်းလို့ရတဲ့ကိစ္စမျိုးပါ။ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ကိုင်တွယ်လိုက်တာ အကောင်းဆုံးပါပဲ။ ကျွန်တော့်အတွက်တော့ အူဘာဟာ သူ့အချိန်မှာ အကောင်းဆုံးကစားပေးခဲ့ပြီး အခုထိ အာဆင်နယ်သမိုင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ပါပဲ “ လို့ မှတ်ချက်ပေးရင်းတိုက်တွန်းသွားခဲ့ပါတယ်။