ဒူဘိုင်းခရီးစဥ်ကနေ  အာဆင်နယ် ဘာတွေမျှော်လင့်နိုင်မလဲ

ဆောင်းရာသီအားလပ်ရက်တွေမှာတော့ အာဆင်နယ်ဟာ လေ့ကျင့်ရေးခရီးစဉ်အဖြစ် ဒူဘိုင်းကိုရောက်ရှိနေပါတယ်။ ဒူဘိုင်းမှာ ဘာပွဲမှ ကစားမှာ မဟုတ်ပဲ လန်ဒန်ကို ပြန်ရောက်ပြီး ဖေဖော်ဝါရီ ၁၀ရက်နေ့မှသာ ဝူဗာဟန်တန်နဲ့ပွဲစဉ်ကို ပရိသတ်တွေမပါပဲ ကစားရဖို့ ရှိနေပါတယ်။ 

ဒီကစားသမား အစုအဖွဲ့ဟာ စည်းလုံးညီညွတ်ပြီးသား ဆိုပေမယ့် ရာသီကြိုပြင်ဆင်မှုတွေ၊ ခရီးစဉ်တွေကို လွဲချော်ထားရတဲ့ ကစားသမားတွေအတွက်တော့ ဒါဟာ ပထမဆုံးအတွေ့အကြုံဖြစ်နိုင်ပါတယ်။ ဥပမာဆိုရင် နွေရာသီအပြောင်းအရွှေ့ပိတ်ခါနီးမှ ရောက်လာတဲ့ တိုမီယာဆုလို သူမျိုးတွေအတွက်တော့ ဒီခရီးစဉ်ဟာ အသင်းနဲ့အတူ အားလပ်ရက်တွေမှာဖြတ်သန်းရတဲ့ ပထမဆုံးအတွေ့အကြုံပါပဲ။ 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ပွဲကစားဖို့ ကျန်နေသေးတဲ့ အာဆင်နယ်အတွက် ဒီအားလပ်ရက်ခရီးစဉ်ဟာ ရာသီ၀က်ပြင်ဆင်မှုလို့ ဆိုနိုင်ပါတယ်။ နှစ်သစ်မှာ နိုင်ပွဲမရသေးပဲ ရလဒ်တွေဆိုးနေခဲ့တဲ့ အာဆင်နယ်အတွက် ဒီခရီးစဉ်ဟာ ကောင်းကျိုးတွေ ဖြစ်ထွန်းလာစေနိုင်ပါတယ်။ 

အပြောင်းအရွှေ့ဈေးကွက်မှာ ထင်သလို မဖြစ်ခဲ့တာတွေအပေါ် အာတီတာကတော့ ကျေနပ်ဟန်မရှိပါဘူး။ ဒူဘိုင်းခရီးစဉ်မှာ အသင်းက အခုဆို ဒူဘိုင်းကို ရောက်နေပြီဖြစ်ပေမယ့် အာတီတာကတော့ အမေရိကန်မှာပဲ ရှိနေပါသေးတယ်။ အားမရခဲ့တဲ့ အပြောင်းအရွှေ့တွေ၊ စာချုပ်ကုန်ခါနီး ကစားသမားကိစ္စတွေနဲ့ ပတ်သက်ပြီး ခရွန်ကီနဲ့ တိုက်ရိုက်ပြောဖို့အတွက်ဖြစ်ပါတယ်။ 

Advertisements

ဒီခရီးစဉ်မှာတော့ အူဘာမီယန်းမပါ၀င်လာခဲ့ပါဘူး။ အသင်းဟာ ဂါဘွန်သားကို အငှားချနိုင်ဖို့ ဖေဖော်ဝါရီ နောက်ဆုံးရက်တွေအထိ ကြိုးစားသွားဖွယ်ရှိတာကြောင့် လန်ဒန်မှာပဲ ချန်ထားခဲ့တာ ဖြစ်ပါတယ်။ ပါတီနိုလို လူငယ်ကစားသမားတွေတော့ ပါ၀င်လာခဲ့ပါတယ်။ 

အသင်းကို ကစားသမားအသစ်တွေ ခေါ်ယူနိုင်ဖို့ကြိုးစားနေတဲ့ အသင်းရဲ့ဒါရိုက်တာတွေဖြစ်တဲ့ အီဒူး၊ ရစ်ချတ်ဂါးလစ်တို့ကတော့ ဒူဘိုင်းကို လိုက်ပါသွားခြင်းမရှိပဲ လန်ဒန်မှာပဲ ကျန်နေခဲ့ပါတယ်။ အီဒူးတို့ကတော့ ကစားသမားအသစ်ကို အမ်းမရိတ်ကိုခေါ်ဆောင် အပြောင်းအရွှေ့နောက်ဆုံးမိနစ်တွေအထိ ကြိုးစားသွားမယ်လို့ မျှော်လင့်ရပုံပါပဲ။ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ကစားသမားသစ်ခေါ်ယူနိုင်ရင်လည်း အသင်းနဲ့အတူ ဒူဘိုင်းမှာပူးပေါင်းနိုင်ဖို့ အီဒူးတို့က လန်ဒန်မှာ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ 

အီဒူးတို့အနေနဲ့ ဇန်နဝါရီမှာ ဗလာဟိုဗစ်ကိုသာခေါ်ယူဖို့ ကြိုးစားနေခဲ့ပြီး နောက်ဆုံးမှာတော့ ဖီအိုရင်တီးနား တိုက်စစ်မှူးအပေါ် လက်လျှော့ဖို့ပဲ ဖြစ်လာခဲ့ပါတယ်။ အရံပစ်မှတ်ထားတဲ့ တိုက်စစ်မှူးတွေကလည်း ခေါ်ယူဖို့ ခက်ခဲတဲ့ ကစားသမားတွေ ဖြစ်ပြီး ဒီတစ်ခါတော့ အီဒူးတို့ လိုအပ်ချက် ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီတိုင်းဆို အာဆင်နယ်အနေနဲ့ အသင်းအတွက် အလိုအပ်ဆုံး တိုက်စစ်မှူးကို မခေါ်ယူနိုင်ပဲ ချန်ပီယံလိဂ်၀င်ခွင့်အတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရနိုင်ချေရှိနေပါပြီ။ 

ဇန်နဝါရီ အပြောင်းအရွှေ့ကနေ အသင်းအနေနဲ့ ဘာမှမရခဲ့တင်အပြင် ကစားသမား ဆုံးရှုံးခဲ့တာပဲ အဖက်တင်ခဲ့ရပါတယ်။ ဒူဘိုင်းခရီးစဉ်ကနေတော့ ကစားသမားတွေအတွက် ရှေ့ဆက် တိုက်ပွဲ၀င်ဖို့အတွက် ခွန်အားတွေ၊ ယုံကြည်မှုတွေနဲ့ စည်းလုံးမှုတွေ မြင်ရဖို့ပဲ မျှော်လင့်စရာ ရှိပါတော့တယ်။ အသင်းမှာ ကာလရှည်ကြာ ရှိနေမယ့် အာတီတာအနေနဲ့လည်း အမေရိကန်ခရီးစဉ်ကနေ သူလိုချင်တဲ့ အရာတွေ ရလာခဲ့မယ်ဆိုရင်တော့ အဆိုးတွေထဲက အကောင်းလို့ ပြောရမှာပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: