ဂျာမနီဂန္တဝင်ကြီး လိုသာမာသီးရပ်စ် က အာဆင်နယ်အသင်းရဲ့နောက်ခံလူ မာဗရိုပါနို့စ်ကို ရာသီကုန်မှာခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းကို ဆောင်းပါးကတစ်ဆင့် တိုက်တွန်းလာပါတယ်။ စတုဂတ်မှာအငှားကစားနေတဲ့ အဆိုပါ ဂရိနောက်ခံလူကို ၂၀၁၈ ခုနှစ်မှာ အာဆင်ဝင်းဂါးက စတင်ပွဲထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားတဲ့ ပွဲဦးထွက်အပြီးမှာ သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးထားခဲ့ကြပါတယ်။ ဒါပေမယ့် အူနိုင်းလက်ထက်မှာရော အာတီတာလက်ထက်မှာပါ ပထမအသင်းကြီးရဲ့ ကစားသမားဖြစ်မလာခဲ့ပါဘူး။
အငှားကစားသမားဘဝနဲ့တောက်ပနေတဲ့ နောက်ခံလူကို စတုဂတ်က ရာသီကုန်မှာခေါ်ယူလိုနေပေမယ့် လိုချင်တဲ့အသင်းတွေကတော့ အတော်ကလေးများနေပြီဖြစ်ပါတယ်။ မာသီးရပ်စ် ကတော့ နစ်ကလပ်စ်ဆူလီထွက်ခွာသွားခဲ့ရင် အစားထိုးဖို့ ဘိုင်ယန်အသင်းကို အကြံပြုထားတာပါ။
ဂန္တဝင်ကြီးက သူပုံမှန်ရေးသားနေတဲ့ Sky Deutschland သတင်းဌာနရဲ့ ကော်လံမှာ အခုလိုပဲသူ့ရဲ့အမြင်ကို ထုတ်ဖော်ခဲ့တာပါ။
“နစ်ကလပ်စ်ဆူလီ က ဂျာမနီချန်ပီယံရဲ့ ကမ်းလှမ်းမှုကိုလက်ခံမှာလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ သူတို့တွေ ဘာကြောင့်အခုထိသဘောတူညီမှုမရကြသေးတာလဲ။ ကျွန်တော်ကတော့ ဘိုင်ယန်အသင်းအတွက် တိုးတက်မှုတစ်စုံတစ်ရာမရှိသေးဘူးလို့ သုံးသပ်မိပါတယ်။ တကယ်လို့ ဆူလီသာ အသင်းကထွက်ခွာမယ်ဆိုရင် နောက်ခံလူကောင်းတစ်ယောက်က ကွင်းလယ်ဗဟိုလူတစ်ယောက်ထက်ပိုပြီးအရေးတကြီးလိုအပ်လာမှာဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ကစားသမားကောင်းတွေအများကြီးရှိပါတယ်။ ကျွန်တော်ကတော့ စတုဂတ်မှာအငှားနဲ့ကစားနေတဲ့ မာဗရိုပါနို့စ်နဲ့ လိုက်ဇစ်က ဂါဒီအို ဒါမှမဟုတ် ဘိုချန်က ဘယ်လာကိုချက် တို့ကိုပဲမြင်မိပါတယ်။ သူတို့အားလုံးဟာ ဘွန်ဒက်စ်လီဂါမှာ အဆင့်တစ်ခုနဲ့ကစားနေကြသူတွေဖြစ်ကြပြီး စျေးနှုန်းအရလဲ ဘိုင်ယန်အတွက် အဆင်ပြေကြပါတယ်။ နောက်ပြီး ဘယ်သူဖြစ်ဖြစ် နဂျယ်စ်မန်းရဲ့လက်အောက်မှာတိုးတက်လာနိုင်ပါတယ် ဆိုပြီးပြောသွားခဲ့တာဖြစ်ပါတယ်။
မာဗရိုပါနို့စ်ဟာ အာဆင်နယ်မှာ အခွင့်အရေးတောင်သိပ်မရပဲ အသင်းကနေအငှားထွက်ကစားခဲ့သူဖြစ်ပေမယ့် အခုအချိန်မှာတော့ ဘိုင်ယန်လိုအသင်းရဲ့ စိတ်ဝင်စားမှုကိုပါရရှိနေတဲ့ သဘောရှိပါတယ်။ တကယ်လို့သာ အခြေအနေမျိုးစုံကြားကနေ ဂရိသားတစ်ယောက် အလိုင်းယန့်ဇ် ကွင်းကြီးဆီရောက်သွားခဲ့ရင်တော့ နောက်ထပ် ဂနာဘရီ တစ်ယောက်ပေါ်ေပါက်လာတယ်ပဲပြောရပါလိမ့်မယ်။ အာဆင်နယ်ကတော့ နောက်ထပ် နောင်တရဖို့ အခြေအနေမှာရှိနေပါတယ်။
အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားနဲ့ စတုဂတ်ဆီကိုပို့ထားတာဖြစ်လို့ အကယ်၍သာ စျေးနှုန်းမြင့်မားစွာနဲ့ရောင်းထွက်ခဲ့ရင်လဲ အာဆင်နယ်တို့ ရဲ့ ခံစားခွင့်က အနဲငယ်သောပမာဏသာရှိထားတာဖြစ်ပါတယ်။