အူဘာမီယန် ကရော အာဆင်နယ်တိုက်စစ်အတွက်  ရွေးချယ်စရာ တစ်ခုလား

ဇန်နဝါရီအစမှာ “ဗလာဟိုဗစ် အာဆင်နယ်ရောက်လာမယ်၊ အူဘာမီယန်း အသင်းကနေထွက်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့ပေမယ့် ဇန်နဝါရီရဲ့ နောက်ဆုံးနေ့ရက်တွေ ရောက်ရှိလာချိန်အထိ ပိုနေမြဲ ကျားနေမြဲပါပဲ။‌ အူဘာမီယန်းလည်း ထွက်မသွားခဲ့သလို ဗလာဟိုဗစ်ကလည်း ရောက်မလာခဲ့ပါဘူး။ မိတ်လန့်နိုင်းစ် ၊ မာရီ နဲ့ ကိုလာစီနက်တို့ကို ဆုံးရှုံးလိုက်ရတာက လွဲလို့ အသင်းအနေနဲ့ ဘာမှ ပြန်မရခဲ့ပါဘူး။ 

အာဆင်နယ်ဟာ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ဖီအိုရင်တီးနား တောင်းလာမယ့် ဈေးကို စောင့်နေပေမယ့် ကစားသမားရဲ့ အိပ်မက်ကတော့ ဂျူဗင်တပ်မှာ ကစားဖို့ဖြစ်နေတာကြောင့်  ဒီအပြောင်းအရွှေ့ကိုတော့ မျှော်လင့်စရာ မရှိသလောက်ပါပဲ။ ဗလာဟိုဗစ်နဲ့ ပတ်သက်ပြီး ပြီးပါပြီလို့ ပြည်ဖုံးကား ချရတော့မယ် ထင်ပါတယ်။ 

အဲဗာတန်တိုက်စစ်မှူး ကဲလ်ဘတ်လီ၀င်းကို ခေါ်ယူဖို့ ပစ်မှတ်ထားပြန်တော့လည်း ကစားသမားဘက်က စိတ်၀င်စားပေမယ့် အဲဗာတန်ကတော့ လက်ရှိ အသင်းရဲ့အခြေအနေအရ သူတို့ရဲ့တိုက်စစ်မှူးကို ဈေးဘယ်လောက်ရရ ရောင်းချသွားဖို့ မရှိပြန်ပါဘူး။ 

ရီးရဲလ်ဆိုဆီဒက်တိုက်စစ်မှူး အီဆက် ကိုတော့ စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူခွင့် ရှိနေပေမယ့် ငွေကြေးပမာဏတော်တော်များများကို သုံးစွဲရဖို့ရှိနေတာက အာဆင်နယ်အတွက် လက်တွန့်စရာ ဖြစ်နေပြန်ပါတယ်။ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ သုံးရမယ့် ငွေကြေးထက်တောင် ပိုပြီး သုံးစွဲရနိုင်ချေရှိနေပါတယ်။ 

ဒီတော့ တစ်ပတ် ပေါင် ၃၅၀၀၀၀ ပေးချေနေရတဲ့ ဂါဘွန်သားကြီးကိုပဲ တိုက်စစ်မှာ ပြန်အသုံးပြုရနိုင်လား။ 

Advertisements

တနင်္လာနေ့က အာတီတာဟာ အသင်းပိုင်ရှင် စတန်ခရွန်ကီနဲ့တွေ့ဆုံပြီး အကြောင်းအရာအချို့ကို ဆွေးနွေးခဲ့ပြီး ဒီထဲမှာ အူဘာမီယန်းရဲ့ အနာဂတ်အကြောင်းလည်း ပါ၀င်ခဲ့ပါတယ်။ ခရွန်ကီနဲ့အတူ အသင်းနဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အာတီတာဟာ မကြာခင်မှာ အသင်းနဲ့ နှစ်နှစ်စာချုပ်သက်တမ်းတိုးတော့မယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ 

အူဘာမီယန်းကို အသင်းအနေနဲ့ ရောင်းချဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ဆော်ဒီအာရေးဘီးယားကလပ် AL Hilal တစ်သင်းတည်းကသာ အာဆင်နယ်ကပ္ပတိန်ဟောင်းကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်နဲ့ပီအက်စ်ဂျီတို့ကလည်း ဂါဘွန်သားကို စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြန်ပါတယ်။ အာဆင်နယ်အနေနဲ့ ဒီဇင်ဘာကတည်းက ပွဲထွက်ခွင့်မရထားတဲ့ အူဘာမီယန်းအတွက်ပေးချေနေရတဲ့ လစာငွေကို လျော့ချဖို့ ကြိုးစားနေတာ ဖြစ်ပေမယ့် ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက် ဂိုးပေါက်ပျောက်နေတဲ့ အသင်းရဲ့ တိုက်စစ်အတွက်လည်း တိုက်စစ်မှူး အသစ်ရှာမတွေ့ထားပြန်ပါဘူး။ 

အာတီတာနဲ့ ခရွန်ကီတို့ရဲ့ ဆွေးနွေးမှုကနေလည်း အူဘာရဲ့အနာဂတ်အတွက် အဖြေကိုတော့ အခုထိမသိရသေးပါဘူး။ 

အာတီတာကတော့ အူဘာကို အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပြန်ပြီး အသုံးပြုနိုင်ချေ တော်တော်နည်းပါတယ်။ လာကာနဲ့ အန်ကက်တီးယားတို့ကလည်း လာမယ့် နွေရာသီဆို စာချုပ်သက်တမ်းကုန်ပြီ။ တိုက်စစ်မှူးသစ်ကလည်း အခုထိ ရှာမတွေ့သေးသလို ဆုံးရှုံးထားတဲ့ ကစားသမားတွေရဲ့ နေရာကိုလည်း အခုထိ ပြန်မဖြည့်နိုင်သေးဘူး။ ဇန်နဝါရီအဆုံးမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ကျွန်တော်တို့စောင့်ကြည့်ရပါဦးမယ်။

Advertisements

Leave a Reply

%d bloggers like this: