စနစ်တစ်ခုကိုအသက်သွင်းခြင်းမှလွဲ၍ အာဆင်နယ်ကို ဘယ်သူမှမကယ်တင်နိုင်ပါ

အာဆင်နယ်အသင်းဟာ အားလပ်ရက်ကို ဒူဘိုင်းမှာသွားရောက်လေ့ကျင့်ကြမှာဖြစ်ပေမယ့် နည်းပြအာတီတာကတော့  အမေရိကန်နိုင်ငံ ၊ ဒန်ဗာမြို့ကိုရောက်ရှိနေခဲ့ပြီး   အသင်းပိုင်ရှင် ခရွန်ကီနဲ့ သွားရောက်တွေ့ဆုံနေပါတယ်။  Business Corporation ကြီးတွေရဲ့သဘောတရားအရ   ထိပ်ဆုံးကသူနဲ့တွေ့ဆုံဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ခုဖြစ်ပါတယ်။​ ဒါကြောင့် အာတီတာအပေါ်ထားရှိတဲ့ အသင်းဖက်ကသဘောထားကတော့ တော်ေတာ်လေးအရေးတယူရှိတာကိုမြင်ရပါတယ်​။  သူတို့ဘာတွေဆွေးနွေးကြသလဲကတော့ မသိနိုင်ပေမယ့် ​ရေရှည်အစီအစဥ်တွေအတွက်ရယ် ၊ လတ်တလောဖြစ်ပျက်နေတာတွေရယ်ကို ဆွေးနွေကြမယ်လို့တော့ယူဆရပါတယ်။

တစ်ခုခုကိုတည်ဆောက်ရင်သာ အဖက်ဖက်က ဝိုင်းဝန်းလုပ်ဆောင်ကြရပေမယ့်  ဖျက်ဆိးဖြိုချမယ်ဆိုရင်တော့ တစ်စုံတစ်ရာ  သို့မဟုတ်  တစ်စုံတစ်ယောက်ကပဲလုံလောက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ  မှားယွင်းတဲ့လမ်းကြောင်း ၊ ခေတ်မမှီတော့တဲ့လုပ်ဆောင်ပုံတွေနဲ့ နှစ်တွေကြာခဲ့တဲ့နောက်  ခေတ်သစ်ဘောလုံးလောကမှာ ဘယ်သူကမှ မလေးစားတော့တဲ့ အသင်းတစ်သင်းဖြစ်လုနီးပါးပါပဲ။ ဒီအသင်းဟာ တစ်ချိန်က ဖလားတွေရခဲ့ဖူးတယ်ဆိုတာကိုပြန်ပြောရင် ဘယ်သူကမှအလေးအနက်နားထောင်ကြမှာ မဟုတ်တော့ပါဘူး။

ငွေကြေးကို လိုတာထက်ပို စိစစ်သုံးစွဲခဲ့တယ်။ တစ်ပွဲတိုးခေါ်ယူမှုတွေများခဲ့တယ်။  အသင်းရဲ့နောက်ကို ကစားသမားက လိုက်ပြီးပြောင်းလဲရမယ့်အစား ကစားသမားတွေကိုပဲ အလိုလိုက်ခဲ့တယ်။ Global Brand တစ်ခုဖြစ်တော့ Commercial ဖက်ကိုရောက်လွန်းပြီး ကွင်းတွင်းကိစ္စရပ်တွေမှာအားနဲလာတယ်။ ခေတ်သစ်ရေစီးထဲက ဘောလုံးအားကစားနဲ့တဖြေးဖြေးဝေးလာခဲ့တယ်။  အခုဆယ်စုနှစ်တစ်ခုအကြာ  … နိုင်ပွဲတွေလိုချင်လာချိန်မှာတော့ အသင်းဟာ  ခေတ်နဲ့ကိုက်ညီတဲ့စီမံပုံတွေ ၊ လိုအပ်တဲ့လုပ်ဆောင်မှုတွေကို မလုပ်နိုင်တော့ပါဘူး။

Advertisements

ဒီနေရာမှာ အာဆင်နယ်အသင်းအကြောင်းကို  ငြင်းကြခုံကြတိုင်း  ပရိသတ်အမျိုးအစား ၂ မျိုးကိုမြင်ရပါတယ်။  ပထမတစ်မျိုးက အာဆင်နယ်ဟာ အလယ်အလတ်အဆင့်အသင်းတစ်သင်းဖြစ်ပြီး ထိပ်ပိုင်းကိုပြန်ရောက်ဖို့ရုန်းကန်နေရတယ်လို့ မြင်ကြသူတွေဖြစ်ပြီး ၊  အခြားတစ်ဖွဲ့ကတော့  အာဆင်နယ်မှာ အသင်းကြီးတစ်သင်းရဲ့ စရိုက်လက္ခဏာတွေရှိသေးပြီး ချို့ယွင်းချက်အချို့ကြောင့်/များကြောင့် သာရလဒ်မကောင်းတာလို့လက်ခံထားကြသူတွေဖြစ်ပါတယ်။  စာရေးသူကတော့ ပထမ အစုအဖွဲ့ထဲကဖြစ်ပါတယ်။ တိတိကျကျပြောရရင်  အာဆင်နယ်ကို အသင်းကြီးတစ်သင်းလို့  မခံယူထားသူဖြစ်ပါတယ်။  ဒီ Audience Type နှစ်ခုဟာ နိုင်ငံတကာမှာရော ဒီနိုင်ငံမှာပါ မြင်ရပါတယ်။ မတူညီတဲ့ Perspective တွေကြားထဲမှာ  ငြင်းခုံစရာကိစ္စကတော့ အာတီတာပဲဖြစ်ပါတယ်။  အသင်းကြီးလို့ ယုံကြည်နေဆဲပရိတ်သတ်တွေဟာ နည်းပြကောင်းတစ်ယောက် ၊ နည်းပြသစ်တစ်ယောက်ရောက်လာခြင်းက အာဆင်နယ်အတွက်အဖြေလို့ ယုံကြည်ထားကြပါတယ်။

စာရေးသူအနေနဲ့ပြောရရင် အာဆင်နယ်ဟာ လူစွမ်းကောင်းတစ်ယောက်မလိုအပ်ပါဘူး။  အာဆင်နယ်အသင်းကို ပြန်လည်ကယ်တင်နိုင်မယ့်အရာက စနစ်တစ်ခုပဲဖြစ်ပါတယ်။ အမှားတွေသိပ်မပါတော့တဲ့လုပ်ဆောင်မှုတွေ ၊  အချိန်ကာလ Time Frame တစ်ခုထဲမှာ  ဘာတွေဆက်လုပ်မယ်ဆိုတဲ့ လုပ်ငန်းစဥ်တွေကသာ အသင်းကို သူ့နေရာသူရောက်စေမှာပါ။

ဒီနေရာမှာ စနစ်ကိုဖန်တီးတာကလည်း လူတွေပဲဖြစ်လို့  နည်းပြကောင်းတစ်ယောက်မလိုဘူးလားလို့မေးရင်လိုအပ်တယ်လို့ဖြေရပါလိမ့်မယ်။ သို့သော် အာဆင်နယ်တက်နေတဲ့ပြသနာတွေဟာ နည်းပြတစ်ယောက်ဖြေရှင်းနိုင်တာတွေထက် ပိုပါတယ်။ ဒီအသင်းဟာ ချွတ်ခြုံကျနေတာပါ။  ပြီးခဲ့တဲ့နှစ်တွေကအခြေအနေတွေဆိုရင် ပိုပြီးတောင်ဆိုးပါသေးတယ်။  အသင်းသားတွေရဲ့ စိတ်ဓါတ်ရော ၊ ခြေစွမ်းရော ဘာမှအားရစရာမရှိခဲ့ပါဘူး။  ထွက်ချင်တဲ့ရလဒ်ထွက်  အားကြိုးမာန်တက်ကစားရင်ပဲ ကျေနပ်ပါပြီဆိုတဲ့အပြောတွေနဲ့ အာဆင်နယ်ပရိတ်သတ်တွေဟာ အဆင့်တစ်ဆင့်ဆင်းပြီး တောင့်တခဲ့ကြရတာပါ။

Advertisements

လက်ရှိ အာတီတာဟာ အခုအခြေအနေအတွက် သင့်တော်တဲ့နည်းပြတစ်ယောက်ဖြစ်ပါတယ်။ အသင်းရဲ့လူငယ်တွေကိုနေရာပေးမယ်။  လိုအပ်တဲ့နေရာတွေကိုဖြည့်မယ်။ မလိုချင်သူတွေကိုရောင်းထုတ်မယ်။ ဒီလိုနဲ့ ဘောလုံးရာသီတွေကိုကျော်ဖြတ်ရပါဦးမယ်။ ဒီနေရာမှာ နောက်ထပ်လာမယ့်မေးခွန်းတစ်ခုကတော့  အခုလောက်စောင့်တာတောင် မလုံလောက်သေးဘူးလားဆိုတဲ့မေးခွန်းပါ။

ဥပမာတစ်ခုနဲ့ပြောချင်ပါတယ်။  အဖျားဗိုင်းရပ်စ် ကူးစက်ခံရတာခြင်းတူရင်တောင်  ရောဂါအခံရှိသူ ၊ ကိုယ်ခံအားကောင်းသူ ၊  မကောင်းသူ စသည်ဖြင့် ရောဂါဝေဒနာကို ခံစားရတာခြင်းကွာပါသေးတယ်။ အာတီတာမှာလည်း အခြားနည်းပြများလိုပဲ  သူလိုကိုယ်လိုအမှားတွေရှိပါတယ်။  အသင်းသားတွေဟာလည်းရုန်းကန်နေရတဲ့အပိုင်းတွေရှိပါတယ်။ အာဆင်နယ်နည်းပြရော ကစားသမားတွေရောက  ဒီဖက်နှစ်တွေမှာ အမှားတွေရှိခဲ့တယ်ဆိုပေမယ့်   ကြီးမားတဲ့အမှားတွေထက်  နည်းပြတွေ ၊ ကစားသမားတွေဖြစ်လေ့ရှိတာတွေကိုပဲ သူတို့ကြုံနေရတာပါ။ ဒါပေမယ့် ရောဂါအခံကြီးတဲ့အာဆင်နယ်အတွက်တော့ ပိုပြီးအနာသည်းပါတယ်။ ဒါပေမယ့်ရောဂါသည်းလွန်းခဲ့တဲ့ အသင်းဖြစ်တာမို့ အချိန်စောင့်ကိုစောင့်ရပါလိမ်မယ်။

ဆောင်းပါးလည်းရှည်နေပြီမို့ အနှစ်ချုပ်ရရင်တော့  ..  အာတီတာဟာ အကောင်းဆုံးနည်းပြတစ်ယောက်မဟုတ်သေးပါဘူး။ သူ့မှာလည်းလိုအပ်ချက်တွေရှိပါတယ်။ ကစားသမားတွေဟာလည်း  Still so many rooms to develop ဖြစ်တာကြောင့် အခြားအသင်းတွေနဲ့ယှဥ်ရင်  ပြတ်ပြတ်သားသား သာလွန်ခြင်းမရှိသေးပါဘူး။  အသင်းရဲ့ ပြသနာများစွာကို တစ်ခုခြင်းဖြေရှင်းနေတာကတော့ မြင်သာနေပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ  ကစားသမားတစ်ယောက်ကိုခေါ်ပြီး အားလုံးပြောင်းလဲသွားဖို့ ၊ နည်းပြတစ်ယောက်နဲ့အတူ ချက်ခြင်းအဆင်ပြေသွားဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။  တကယ်လို့ အာတီတာနဲ့မဟုတ်ပဲ အခြားနည်းပြတစ်ယောက်နဲ့ဆိုရင်လဲ Trust The Process ဆိုတာရှိနေမှာဖြစ်ပါတယ်။ အကြောင်းကတော့ အာဆင်နယ်ကို ပြန်လည်ထူထောင်စေမှာက စွမ်းအားရှင်တစ်ယောက်မဟုတ်ပဲ  စနစ်ကောင်းတစ်ခုဖြစ်တာကြောင့်ပါပဲ။ 

Gunners’ Side အနေနဲ့တော့ လူပုဂ္ဂိုလ်ထက် စနစ်နဲ့လမ်းကြောင်းကိုသာ ပိုမိုယုံကြည်တာကြောင့်  အာတီတာ အစားအခြားနည်းပြတစ်ယောက်ရောက်လာချိန်မှာလည်း  တည်ဆောက်ခြင်းကိုဆက်လုပ်ရမှာဖြစ်ပြီး  အဖြေဟာ  လုပ်ငန်းစဥ်များပေါ်မှာသာ  မှီတည်နေတယ်လို့ ယုံကြည်ကြောင်းရေးလိုက်ပါရစေ။

Advertisements

Leave a Reply

%d bloggers like this: