The Sun သတင်းစာရဲ့ဖော်ပြချက်အရ အာတီတာတို့အဖွဲ့ဟာ ရီးရဲမက်ဒရစ်ရဲ့ တိုက်စစ်မှုး လူကာဂျိုဗစ်ကို ဇန်နဝါရီမှာခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ဖော်ပြလာပါတယ်။ ထိပ်တန်းပစ်မှတ် ဒူဆန်ဗလာဟိုဗစ်နဲ့လွဲခဲ့ပြီးတဲ့နောက်မှာ မက်ဒရစ်မှာခြေစွမ်းပျောက်နေတဲ့ ဆာဘီးယားသားကိုပဲ ရာသီကုန်ထိအငှားနဲ့ခေါ်ယူပြီး ရေတိုဖြေရှင်းသွားမှာလားဆိုတာကို စဥ်းစားစရာဖြစ်ပါတယ်။
အဂ်လန်မီဒီယာတွေမှာတော့ စပိန်မှာမအောင်မြင်တဲ့ကစားသမားဟာ ပရီးမီးယားလိဂ်ကိုပြောင်းရွေ့ပြီးသူ့ရဲ့တန်ဖိုးတစ်ခုကို ပြသလိုနေတယ်လို့ ဆိုပါတယ်။ အသက် ၂၄ အရွယ်ရှိတိုက်စစ်မှုးဟာ ကလပ်ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း ၆၀ ထိသွင်းယူထားနိုင်ပေမယ့် နောက်ဆုံး ၃ ရာသီမှာတော့ ၇ ကြိမ်ပဲ ပိုက်ထဲရောက်ခဲ့တဲ့အထိခြေစွမ်းပျက်ယွင်းနေခဲ့တာပါ။
အာတီတာဟာ ဗလာဟိုဗစ်ကို မရခဲ့ဘူးဆိုပေမယ့် ဒီလိုကစားသမားကို မရမကခေါ်ဖို့ကြိုးစားခဲ့တာကိုကြည့်ခြင်းအားဖြင့် သူ့အသင်းရဲ့ အခြေအနေကို ပြောင်းပြန်လှန်ချချင်နေပုံရပါတယ်။ ဒီတော့ လူကာဂျိုဗစ်ကို ခေါ်ယူတယ်ဆိုတာ အငှားနဲ့ဆိုရင်တောင် စွန့်စားခန်းတစ်ခုလို့ ဆိုရပါလိမ့်မယ်။ ဖရန့်ဖတ်မှာပြသခဲ့တဲ့ခြေစွမ်းနဲ့ ကစားပုံအရ ဆာဘီယားသားဟာ သံသယဖြစ်စရာ လုံးဝမရှိပေမယ့် အဲ့ဒီလို အကောင်းဆုံးအခြေအနေကနေ ဝေးကွာနေခဲ့တာ ကာလအတော်ကြာခဲ့ပြီဖြစ်ပါတယ်။
ဒီရာသီမှာ အန်ဆယ်လော့တီအတွက် ၁၁ ကြိမ်လူစားထိုးဝင်ကစားပေးထားပြီး ၁ ဂိုးသွင်း ၂ ကြိမ်ဖန်တီးပေးထားနိုင်တဲ့မှတ်တမ်းတစ်ခုတော့ရှိပါတယ်။ ချန်ပီယံလိဂ်မှာ ၁ ကြိမ်ပွဲထွက်ခွင့်ရထားပြီး ကိုပါဒယ်ရေးဖလားမှာလည်း တကြိမ်သာကစားထားခဲ့တာဖြစ်ပါတယ်။
HITC ရဲ့ဆောင်းပါးရှင် ဆပ်ဟန်ကာ မွန်ဒယ် ကတော့ လတ်တလောပြသနာတက်နေတဲ့ တိုက်စစ်ကိစ္စကိုဖြေရှင်းချင်တာတစ်ခုထဲနဲ့ ဂျိုဗစ်ကို ခေါ်ရင်တော့ ဒါဟာရွေးချယ်မှုကောင်းမဟုတ်ဘူးလို့သုံးသပ်ထားပါတယ်။ သူ့က ဂျိုဗစ်ဟာ အာဆင်နယ်ကို ပြောင်းလဲပေးနိုင်စွမ်းမရှိဘူးလို့ ယုံကြည်နေပါတယ်။
ဂျိုဗစ်ဟာ ဘယ်လိုကစားသမားလဲဆိုတာ ကျွန်တော်တို့အားလုံးသိပြီးသားပါ။ သူဟာ ဂျာမနီကနေ စပိန်ကို သန်း ၅၀ ဆိုတဲ့ ပမာဏနဲ့ပြောင်းလာခဲ့တာပါ။ ယခု မိုချန်ဂလာဘတ်နည်းပြ ၊ တချိန်က လူကာဂျိုဗစ်ကို ကိုင်တွယ်ခဲ့တဲ့ အဒီဟတ်တာက သာလွန်ကောင်းမွန်တဲ့အရည်အသွေးတွေနဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှုး လို့ သူ့ကို တင်စားခဲ့တာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ ရာသီတွေဆက်တိုက် ခြေစွမ်းပျောက်နေတဲ့ ကစားသမားတစ်ယောက်အပေါ်ကို သူတို့ရဲ့ ထိပ်ဆုံး ၄ သင်းအိမ်မက်အတွက် ပုံအပ်ရဲပါသလား။ ဒါကို အားလုံးက စောင့်ကြည့်နေကြပါတယ်။
REPORT SUGGESTS ‘WORLD-CLASS STRIKER’ WANTS TO JOIN ARSENAL IN JANUARY – Subhankar Mondal (HITC)