မျှော်လင့်ချက်တွေအတွက်  အထိနာခဲ့ရတဲ့  သရေရလဒ် (ပွဲပြီးသုံးသပ်ချက်)

အသင်းကြီးတွေကိုရှုံးလို့ အမှတ်လျော့တဲ့ပွဲတွေထက်  ပိုပြီးနစ်နာခဲ့တဲ့ရလဒ်ဖြစ်ပါတယ်။  အာဆင်နယ်အသင်းဟာ အခြေအနေအရပ်ရပ်ကြောင့် ပွဲထွက်ကစားသမားတွေနဲပါးရတဲ့ကြားထဲမှာ  စီနီယာကွင်းလယ်လူတွေရဲ့  အနီကတ်ပွဲပယ်တွေကြောင့် ကွင်းလယ်မှာ လိုကွန်ဂါကိုသာ တာဝန်ကြီးကြီးတစ်ခုပေးခဲ့ရပါတယ်။ ဒါကပဲ ဒီနေ့ ပွဲအနိုင်မရခဲ့ခြင်းအတွက် အကြောင်းရင်းတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့  ကစားပုံဖြစ်တဲ့ တောင်ပံတွေကနေ တဖက်နောက်တန်းတွေကိုဖရိုဖရဲဖြစ်စေတဲ့တိုက်စစ်ဆင်ပုံနဲ့  လျှင်မြန်တဲ့ တန်ပြန်ကစားပုံကိုတုန့်ပြန်ဖို့  ဘန်လေအသင်းဟာ Block တွေလုပ်ပြီး ပိတ်ကစားဖို့ရွေးချယ်ခဲ့ပါတယ်။ ဒီနည်းဗျူဟာ  ဟာ အာဆင်နယ်အသင်းရဲ့ အားနည်းချက်ကို  တိတိကျကျသက်ရောက်ခဲ့ပြီး  တစ်ပွဲလုံးမှာ ဂိုးတစ်ဂိုးမှမရတော့တဲ့အဖြစ်ကိုရောက်ရှိစေခဲ့ပါတယ်။ ဘယ်လောက်ပဲ တိုက်စစ်ဆင်လာလာ ၊ ဘန်လေနောက်တန်းလူစုနဲ့တွေ့ရင် ကစားအားကျသွားပြီး ထိရောက်တဲ့တိုက်စစ်ဆင်မှု တွေဖြစ်မလာတော့ပါဘူး။  

ပွဲပန်းနေတာကြောင့် စွမ်းဆောင်ရည်အပြည့်ကိုမရခဲ့ပေမယ့်  မာတင်နယ်လီနဲ့ဆာကာတို့ဟာ သိသာတဲ့အားထုတ်မှုတွေ ၊ ဂိုးရလုနီးနီးထိုးဖောက်မှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်   တစ်သင်းလုံးနီးပါးပိတ်ဆို့ထားတဲ့ ဘန်လေနောက်တန်းဟာ သူတို့နဲ့အတူလိုက်ရွေ့ရင်း လူပေးရမယ့် လမ်းကြောင်းရော ၊ ကန်သွင်းဖို့အတွက် အခွင့်အရေးကိုပါ မရှိသလောက်နီးနီးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လာကာဇက်ရဲ့ ရုန်းအားတိုးအားတွေဟာလည်း  ဂိုးတစ်ဂိုးဖြစ်လာဖို့အထိ မလုံလောက်ခဲ့ပါဘူး။

ဒီပွဲမှာ ရုပ်အပျက်ဆုံး  ၂ ပိုင်းကို ပြရမယ်ဆိုရင်  လိုကွန်ဂါ နဲ့ လာကာဇက် တို့ပဲဖြစ်ပါတယ်။ လာကာဇက် ဟာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုကို လွဲချော်ခဲ့သလို  ၊  တစ်ပွဲလုံးမှာလဲ အားစိုက်ထုတ်မှုအပြည့်နဲ့ကစားတာကလွဲရင်  ဆုံးဖြတ်ချက်အချို့ဟာ မှန်ကန်မနေခဲ့ပါဘူး။ လိုကွန်ဂါကတော့  အမှားဖြစ်မှာစိုးရိမ်လွန်းပြီး  လုံးဝအန္တရာယ်မရှိ (ထိရောက်မှုလဲမရှိတဲ့ )  လူပေးမှုအချို့ကလွဲရင်  ကွင်းထဲမှာ လမ်းလျှောက်နေတာမျိုးကိုပါမြင်ခဲ့ရပါတယ်။  သိသိသာသာ ဖိအားများနေတဲ့ ကစားသမားတစ်ယောက်ရဲ့  လက္ခဏာဖြစ်ပြီး  အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့  သူ့ရဲ့ ယုံကြည်မှုရောခြေစွမ်းကိုပါ ပြန်လည်တည်ဆောက်ပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

Advertisements

ဒီပွဲအနိုင်ရဖို့ နည်းစနစ်ပိုင်းအရ အာတီတာအတွက် ကစားသမား ၂ မျိုးလိုအပ်ခဲ့ပါတယ်။​ ပထမတစ်မျိုးက တဖက်နောက်တန်း ဟန်ချက်ပျက်စေမယ့် ၊ ခန့်မှန်းရခက်စေမယ့် ပေးပို့မှုတွေပြုလုပ်ပေးနိုင်မယ့် ကွင်းလယ်လူဖြစ်ပြီး ၊ ဒုတိယတစ်မျိုးကတော့  အခွင့်အရေးရှားတဲ့ပွဲမှာ  တစ်ကြိမ်တိုက်စစ်ဆင်တာနဲ့ တစ်ဂိုးသွင်းပေးနိုင်တဲ့သူမျိုးဖြစ်ပါတယ်။ ဒီနှစ်မျိုးစလုံးအာဆင်နယ်မှာ ရှိမနေတာကြောင့် အခုလိုရလဒ်ဖြစ်ခဲ့ရတာပါ။  ဒီနေ့ပွဲမှာ အခွင့်အရေးအချို့ရခဲ့ပြီး ၊  စမစ်ရိုးရဲ့ တောင်ပံကနေဆွဲပြေးလာပြီးချပေးတဲ့ကန်ခွင့်မှာဆိုရင်  လာကာဇက်ရဲ့ အဆုံးသတ်ဟာ သိသိသာသာအားနဲလွန်းလှပါတယ်။

ဒါတွေက ကိုယ့်အသင်းဖက်ကိုပဲ ဦးတည်ပြီးပြောတဲ့အချက်တွေဖြစ်ပြီး  ၊ ဆာကာကို လူချချင်တိုင်းချနေတဲ့ ကစားသမားတွေကို ဘာမှပစ်ဒဏ်မယူတာ   တီယာနေ  ခြေသလုံးကျိုးသွားလောက်အောင်ကြမ်းတမ်းတဲ့ကစားသမားကလည်း ကွင်းထဲဆက်ရှိနေတာတွေကတော့ ကွင်းလယ်ဒိုင်ရဲ့ စိတ်ပျက်စရာစွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။

တဖက်ကကောင်းတဲ့အချက်တွေကိုရှာကြည့်ရင်တော့ အသင်းရဲ့ရလဒ်ကို  ကစားသမားတွေ စိတ်ပျက်လက်ပျက်ဖြစ်သွားကြတာကိုမြင်ရတဲ့အခါ  ဘယ်လောက်ထိ အောင်မြင်ချင်နေသလဲဆိုတာသိသာပါတယ်။ ဒီစိတ်ဓါတ်ဟာ ခရီးအဝေးကြီးသွားမယ့် အသင်းတစ်သင်းအတွက်အဓိက လိုအပ်ချက်ဖြစ်ပါတယ်။   နောက်တစ်ခုကတော့  တစ်ချက်ထိ အမြန်ပေးကစားဟန်ကို  အာဆင်နယ်လူငယ်တွေအတိအကျ အကောင်အထည်ဖော်နိုင်ပြီ ဖြစ်ပြီး ၊ ဒီနေ့ပွဲမှာ ရှုပ်ယှက်ခတ်နေတဲ့ ဘန်လေကစားသမားအစုအဖွဲ့လိုက်ကို ရှင်းထုတ်သွားပုံတွေကတော့ အားရစရာဖြစ်ပါတယ်။

အမှတ်ပေးဇယားမှာတော့  မျှော်လင့်ထားတာဖြစ်မလာတာကြောင့် ပရိတ်သတ်တွေအနေနဲ့ စိတ်ပျက်နေမှာဖြစ်ပါတယ်။ တကယ်လဲ  အသင်းကြီးတစ်သင်းကိုရှုံးလိုက်တာထက် ပိုနစ်နာခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒါပေမယ့်  ကစားသမားသစ်ဝယ်ကို ဝယ်ရတော့မှာကို မြင်သာစေတဲ့ပွဲဖြစ်ပြီး   ဒီရလဒ်က အာဆင်နယ်တာဝန်ရှိသူတွေအတွက်ဖိအားတစ်ခုဖြစ်မယ်ဆိုရင်ပဲ အမြတ်တစ်ခုအဖြစ် ကျေနပ်ရတော့မှာဖြစ်ပါတယ်။  ကစားသမားမရှိတာ ၊ အရံအင်အားနဲ့တာ  စတဲ့အားနည်းချက်တွေဟာ  အာဆင်နယ်အတွက် ဖန်တရာတေနေပြီဖြစ်သလို ၊ လူငယ်တွေရဲ့ တိုးတက်မှုကိုလည်း အရှိန်လျော့ကျစေပါတယ်။

ဒီဇင်ဘာကို ကျော်ဖြတ်နိုင်ခဲ့တဲ့  အာဆင်နယ်ဟာ  ဇန်နဝါရီမှာတော့ နလံကိုမထူနိုင်သေးပါဘူး။

Advertisements
Advertisement

Leave a Reply

%d bloggers like this: