အခြေအနေအရ အာတီတာ ဟာ ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ လိုကွန်ဂါကို ကွင်းလယ်မှာထည့်သုံးရမယ့်အနေအထားရှိနေပါတယ်။ လူမစုံ ၊ ကြံ့ခိုင်မှုမပြည့်ဝတဲ့အာတီတာရဲ့ အသင်းဟာ လီဗာပူးအသင်းရဲ့ ကျော်ဖြတ်မှုကိုခံခဲ့ရပြီး ဆုဖလားအိမ်မက်တွေအကုန်ဆုံးရှုံးသွားခဲ့တာလဲဖြစ်ပါတယ်။ ဒီအခြေအနေကနေ အမြန်ဆုံးရုန်းထလာဖို့အတွက် ဘန်လေနဲ့ပွဲမှာ ၃ မှတ်အပြည့်ရဖို့အရေးကြီးပါတယ်။ ထို့အတူပဲ အာတီတာအတွက်ပွဲထုတ်ဖို့ ကစားသမားတွေများများစားစားလဲရှိမနေခဲ့ပြန်ပါဘူး။
အသိသာဆုံးနေရာကတော့ကွင်းလယ်ပါပဲ။ အနီကတ်ကို အပြိုင်ယူထားကြတဲ့ စီနီယာ ကစားသမားနှစ်ယောက်ကြောင့် ပထမပွဲထွက်ကစားသမားမရှိသလို ၊ အရင်တုန်းက အရံအဖြစ်ဝင်ကစားနေကျ အယ်နီနီကလဲ အာဖရိက ဖလားပွဲရောက်နေပြန်ပါတယ်။ ဒီတော့ အခြေအနေအားလုံးက လိုကွန်ဂါ ဆီပဲရောက်သွားပြန်ပါတယ်။ ဒါ့အပြင် ဘန်လေတို့ဟာ ဇန်နဝါရီ ၈ ရက်နေ့ကတည်းက ပွဲမကစားရတော့ပဲ ၊ အာဆင်နယ်ကတော့ ၈ ရက်နေ့ကစပြီး အခုထိ ၃ ပွဲကစားထားရပါတယ်။ အာတီတာအတွက်က ကျဥ်းထဲကျပ်ထဲမှာဖြစ်ပါတယ်။
“ ကျွန်တော်တို့ တစ်ရက်ခြင်းစီကျော်ဖြတ်ရပါမယ်။ အသင်းမှာ ကစားသမားတိုင်းက သူ့အကြောင်းနဲ့သူ မကစားနိုင်ကြပါဘူး။ ဒီကိစ္စကို လည်းကျွန်တော် ကိုင်တွယ်နေပါတယ်။ ကစားသမားတိုင်းကလည်း အသင်းနဲ့အတူ အမြန်ပြန်ကစားချင်နေကြပါတယ်။ ဒါပေမယ့် တချို့ကတော့လည်း အသင်းနဲ့အတူမရှိနိုင်ကြပါဘူး။ လာမယ့်ပွဲအတွက် ထပ်ပြီးကစားသမားတွေမဆုံးရှုံးဖို့မျှော်လင့်မိပါတယ် “
“ ကျွန်တော်တို့အားလုံးက နိုင်ပွဲတွေလိုအပ်နေပါတယ်။ ဒါကတကယ့်ဖိအားတစ်ခုပါပဲ။ ထိပ်ဆုံးလေးသင်းဝင်ချင်ရင် ဘယ်လိုပွဲတွေအနိုင်ကစားရမယ်ဆိုတာ ကျွန်တော်တို့အားလုံးနားလည်ပါတယ်။ ဒါပေမယ့် အဝေးကြီးကိုမတွေးနိုင်သေးပါဘူး “
“ အခုအပတ်တွေထဲမှာပဲ ဖြစ်ပျက်သွားတာတွေကလည်းအများကြီးပါ။ အခြေအနေထွေကိုကိုင်တွယ်ဖို့က တကယ်ခက်ခဲပါတယ်။ ကျွန်တော်တို့အသင်းဟာ ကစားသမားတွေဆုံးရှုံးထားရတယ်။ တစ်စုတစ်စည်းထဲဖြစ်နိုင်ဖို့ကြိုးစားနေရတယ်။ တချိန်ထဲမှာပဲ အနီးဆုံးပွဲတွေကိုနိုင်ဖို့လိုနေတယ်။ဒါကြောင့်ကစားသမားတွေမြန်မြန်ပြန်ပါလာနိုင်ဖို့ မျှော်လင့်နေပါတယ် “ ဆိုပြီး အသင်းရဲ့ တရားဝင်ဝဘ်ဆိုက်ကနေ ဖြေကြားခဲ့တာပါ။ သူ့အခြေအနေတော့ သူသိပုံပါပဲ။
နောက်ဆုံးသတင်းအရတော့ တိုမီယာစုဟာလည်း လီဗာပူးနဲ့ပွဲမှာ ကြံ့ခိုင်မှုမပြည့်ဝပဲ ကစားခဲ့ရတာဖြစ်ပြီး အခုပွဲမှာတော့ ချိန်ဘာစ် ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။
ထိပ်ဆုံး ၄ သင်းအိမ်မက်အတွက် ဘန်လေနဲ့ပွဲဟာ အလွန်အရေးကြီးတယ်ဆိုတာ အာတီတာကောင်းကောင်းနားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆင်နယ်အတွက် အခက်အခဲတွေအပြည့်ပါပဲ။ ဒီရာသီအစောပိုင်းတုန်းက လိုကွန်ဂါဟာ အမှားများတဲ့ပွဲအပြီးမှာ ခြေစွမ်းဆက်တိုက်ပြန်ကောင်းလာခဲ့ဖူးတဲ့ သာဓကတော့ရှိပါတယ်။ ဒီတော့ ရွေးစရာမရှိတဲ့အခြေအနေမှာ သူကိုယ်တိုင်လဲ အစွမ်းပြဖို့ ကြိုးစားရင်းအသင်းအတွက် အထောက်အကူဖြစ်ဖို့ပဲ မျှော်လင့်ရပါတယ်။