အသင်းရဲ့ လိုအပ်ချက်တွေကို ထင်သာမြင်သာ ရှိစေခဲ့တဲ့ အမ်းမရိတ်က အရှုံးရလဒ် (ပွဲပြီးသုံးသပ်ချက်)

အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာ‌ဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ‌တော့ အာဆင်နယ်ဟာ လီဗာပူးလ်ကို (၀-၂) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီရှုံးပွဲကြောင့် လီဗာပူးလ်နဲ့တွေ့တိုင်း ရလဒ်တွေမကောင်းတဲ့ မှတ်တမ်းဆိုးကို မချေဖျက်နိုင်ခဲ့သလို ဒီရာသီကိုလည်း ဖလားလက်မဲ့ဘ၀နဲ့ ဖြတ်သန်းဖို့ သေချာသွားခဲ့ပါတယ်။ 

ဒီပွဲစဉ်မှာတော့ အာဆင်နယ်ဟာ ရှာကာနဲ့ပါတေးမပါ၀င်နိုင်တဲ့ ကွင်းလယ်မှာ လိုကွန်ဂါနဲ့ စမစ်ရိုးတို့ကို အသုံးပြုခဲ့ပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ အာတီတာ အသုံးပြုနေကျ အဓိကကစားသမားတွေကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲစဉ်မှာ ဆာကာ၊ စမစ်ရိုး၊ တိုမီယာဆုတို့ဟာ ကြံ့ခိုင်မှု မပြည့်၀နေခဲ့တာ အတော်လေး သိသာခဲ့ပါတယ်။ အာတီတာအနေနဲ့လည်း အခြားအစားထိုးစရာ ကစားသမားမရှိတာကြောင့် မိနစ်ခုနစ်ဆယ်ကျော်အထိ လူစားမလဲနိုင်ပဲ ဒီတိုင်းပဲ ထိုင်ကြည့်နေခဲ့ရပါတယ်။ အာဆင်နယ်လူငယ်လေးတွေဟာ  စီနီယာတွေရဲ့ ဝန်းရံမှုနဲ့ တိုးတက်ခွင့်မရတဲ့အပြင်  ဝန်ပိုပါထမ်းနေရတာဟာ အာဆင်နယ်အတွက် ကောင်းတဲ့အလားအလာမဟုတ်ပါဘူး။

တိုမီယာဆု‌အနေနဲ့  ဒီရေဂိုဂျိုတာကို မထိန်းချုပ်နိုင်ဖြစ်ခဲ့သလို ကွင်းလယ်မှာလည်း လိုကွန်ဂါကလည်းကလည်း အားကိုးရလောက်တဲ့ ခြေစွမ်းမရှိ၊ စမစ်ရိုးကလည်း ကြံခိုင်မှုမပြည့်၀နေခဲ့တာကြောင့် အိုဒီဂတ်တစ်ယောက်တည်း ရုန်းကန်ခဲ့ရပါတယ်။ ပိုပြီးကံဆိုးသွားခဲ့ရတာကတော့   ပထမအကျော့တုန်းက ခြေစွမ်းပြနိုင်ခဲ့တဲ့  ဘန်ဝှိုက်ဟာ ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့တာပါပဲ။  ကွင်းလယ်အဖျက်ပိုင်းအားနဲနေချိန်မှာ သူကပါ ခြေစွမ်းပျက်နေချိန်နဲ့ကြုံခဲ့တဲ့နောက် အာဆင်နယ်နောက်တန်းနဲ့ ကွင်းလယ်အဖျက်ကြားမှာ  လီဗာပူးရဲ့  တိုက်စစ်ကစားသမားတွေကို စိတ်ကြိုက်ပေးကစားခဲ့သလိုဖြစ်နေခဲ့ပါတယ်။

လာကာဇက်ရဲ့ ရုန်းအားနဲ့  High Press လုပ်ပြီး ကစားထားနိုင်တဲ့ လူငယ်တွေကြောင့်  လီဗာပူးလ်တို့ဟာ  ခံစစ်ကနေတိုက်စစ်ပြောင်းတဲ့ Transition တွေမှာတော့အရမ်းအားမကောင်းခဲ့ပါဘူး။ ဒါပေမယ့်  ထိရောက်တဲ့ Direct Pass တွေကြောင့်  ပုံစံပျက်နေတဲ့ခံစစ်ပိုင်းဟာ ဖရိုဖရဲဖြစ်ခဲ့ရပါတယ်။

Advertisements

တိုက်စစ်မှာလည်း ကြံခိုင်မှု မပြည့်၀တဲ့ ဆာကာက ခြေမပေါ်ခဲ့သလို လာကာဇက်ကလည်း အပိုင်အခွင့်အရေးကို ဂိုးအဖြစ်အသုံးမချနိုင်ခဲ့ပါဘူး။ ဒီဂိုးသာရခဲ့မယ်ဆို ပွဲရဲ့ အလှည့်အပြောင်း ဖြစ်သွားနိုင်ပေမယ့် တကယ်တမ်း ဂိုးသွင်းယူနိုင်ခဲ့တာက လီဗာပူးလ်တိုက်စစ်မှူးဂျိုတာပဲ ဖြစ်ခဲ့ပါတယ်။ ဂျိုတာရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူခဲ့တဲ့ဂိုးကို ကွင်းလယ်အဖျက်တွေမတားဆီးနိုင်ခဲ့သလို အာဆင်နယ်ခံစစ်နဲ့ဂိုးသမားတို့ ထံမှာလည်းအားနည်းမှု ရှိခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကြောင့် လီဗာပူးလ်ဟာ ပိုမိုအသာရသွားခဲ့ပြီး နောက်ပိုင်းပွဲချိန်တွေမှာ အာဆင်နယ်ကို ထိန်းချုပ် ကစားသွားနိုင်ခဲ့ပါတယ်။ 

ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ  အာဆင်နယ်တိုက်စစ်အတွက် ခြေစွမ်းပြနိုင်ခဲ့တာကတော့ မာတင်နယ်လီပဲ ဖြစ်ပြီး ဒီရှုံးပွဲကြောင့် အားအနာသင့်ဆုံး ကစားသမားကို လက်ညှိုးထိုးပြပါဆိုရင် သူကလွဲပြီး အခြားသူမရှိပါဘူး။ ထိပ်တန်းတိုက်စစ်မှူး တစ်ဦးဟာ ပွဲရဲ့အဖြေဆိုတာကို ဂျိုတာက ပြသသွားခဲ့ပြီး အာဆင်နယ်မှာတော့ ပွဲရဲ့‌အဖြေကို ပြောင်းလဲနိုင်တဲ့ တိုက်စစ်မှူးကင်းမဲ့နေတဲ့ အခြေအနေဟာ ထင်ထင်ရှားရှားကြီး ပေါ်လွင်နေပါတယ်။ ဒီဇန်နဝါရီမှာ ထိပ်တန်းတိုက်စစ်မှူးနဲ့ ကွင်းလယ်လူတစ်ဦးကို မဖြစ်မနေ ခေါ်ယူရတော့မှာ ဖြစ်ပါတယ်။ လီဗားပူးလ်တို့ဟာ  မာနေး ၊ ဆာလာ ၊ ဖာမီနိုတို့အတွဲအကောင်းဆုံးဖြစ်နေချိန်မှာ Alternative Player အဖြစ် ဂျိုတာကို  သန်း ၄၀ ပေးပြီးခေါ်ခဲ့တာဖြစ်ပြီး ရလဒ်ကတော့  ပွဲပေါင်းများစွာမှာ သက်သေပြပြီးဖြစ်ပါတယ်။

လူစား၀င်လာတဲ့ ပါတေးကလည်း နှစ်ဝါတစ်နီ ထိခဲ့တာကြောင့် ဘန်လေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ရ‌တော့မှာ ဖြစ်ပါတယ်။ ဒီအရှုံးဟာ ဇန်နဝါရီမှာ တိုက်စစ်မှူးနဲ့ ကွင်းလယ်လူ ၀ယ်ဖို့ လိုနေတဲ့ အာဆင်နယ်ရဲ့ လိုအပ်ချက်ကို ပိုပြီး မြင်သာအောင် မီးမောင်းထိုးပြခဲ့တာပဲဖြစ်ပါတယ်။  လူငယ်တွေနဲ့တည်ဆောက်ထားတဲ့ အရှိန်တစ်ခုက ကောင်းနေပြီဆိုပေမယ့် ဒါဟာ လမ်းခုလတ်သာရှိသေးကြောင်း အာဆင်နယ နဲ့ပတ်သတ်သူအားလုံးကို မီးမောင်းထိုးပြလိုက်တဲ့ပွဲပဲဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: