ဆီနီဂေါနောက်ခံလူကို မျက်စေ့ကျနေတဲ့ အာဆင်နယ်
ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ ကူလာဘာလီရဲ့ နေရာမှာဝင်ကစားပြီး အာဖရိက ဖလားပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆီနီဂေါနောက်ခံလူ ပါပီဆစ်စီကို အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားနေကြတယ်လို့ The Sun သတင်းစာကဖော်ပြလာပါတယ်။ ဂရိကလပ် ပါနာသီနာကို့စ်မှာ ကစားနေတဲ့ အဆိုပါနောက်ခံလူကို နယူးကာဆယ်တို့က ပေါင် ၁၂ သန်းခန့်နဲ့ စာချုပ်ခေါ်ယူဖို့ကြိုးစားနေတယ်လို့ လည်းဆိုပါတယ်။
ကားလ်ဟိန်းကို အငှားနဲ့ခေါ်ယူချင်နေတဲ့ ရီဒင်း
အာဆင်နယ်လူငယ်ဂိုးသမားလေး ကားလ်ဟိန်းကို အငှားနဲ့ခေါ်ယူဖို့ ရီဒင်းအသင်းက ပစ်မှတ်ထားနေကြောင်း Talk Sport ရဲ့သတင်းထောက် Alex Crook က ဆိုပါတယ်။ ရီဒင်းတို့ဟာ လတ်တလောမှာ စီနီယာအဆင့်ဂိုးသမားမရှိသလောက်ဖြစ်နေပြီး အသက် ၃၁ နှစ်အရွယ် ဂိုးသမား ရာဖယ်ကာဘာရယ် နဲ့လည်း နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းထားပါတယ်။
ဗလာဟိုဗစ်အတွက် ပရီးမီးယားလိဂ်အသင်းများ ဆက်သွယ်လာကြတယ်လို့ ဖီအိုဖက်ကပြောလာ
ဖီအိုရင်တီးနား ဥက္ကဌဟာ ဗလာဟိုဗစ်အတွက် ပရီးမီးယားလိဂ်အသင်းတစ်သင်းထံကနေ ဆွေးနွေးမှုအချို့ရှိထားကြောင်းအတည်ပြုပြောဆိုခဲ့ပါတယ်။ “ အချို့ ပရီးမီးယားလိဂ် အသင်းတွေဟာ သူ့အတွက် ဖီအိုရင်တီးနားကို ဆက်သွယ်လာကြပါတယ်။ သဘောတူညီမှုတစ်စုံတစ်ရာတော့မရှိသေးပါဘူး “ လို့ ဆိုပါတယ်။ ကာယကံရှင်ကတော့ အဂ်လန်မြေထက် စီးရီးအေမှာ ပိုပြီးကစားချင်နေတယ်လို့ဆိုပါတယ်။
အာဆင်နယ်ရဲ့ အရံပစ်မှတ် ကဲဗက်လီဝင်
အာဆင်နယ်တို့ဟာ ထိပ်တန်းပစ်မှတ် ဗလာဟိုဗစ်ကို မခေါ်ယူနိုင်ခဲ့ရင် အဲဗာတန်ရဲ့ ကယ်ဗက်လီဝင်ကို အစားထိုးခေါ်ယူဖို့ လျာထားကြောင်း Express UK ကဖော်ပြလာပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိရထားတဲ့အရှိန်ကို ဆက်ပြီးမြှင့်တင်ဖို့ အတွက် တိုက်စစ်မှုးခေါ်ယူနိုင်ရေးဟာ အလွန်အခရာကျနေပြီး ပရိတ်သတ်တွေဖက်ကလည်းတောင်းဆိုမှုမြင့်မားနေပြီဖြစ်ပါတယ်။
အာတီတာကို သက်တမ်းတိုး ကမ်းလှမ်းမယ့် အာဆင်နယ်
စာချုပ်သက်တမ်း ၁၈ လ သာကျန်တော့တဲ့ နည်းပြအာတီတာကို ၂ နှစ်ထပ်မံပြီး သက်တမ်းတိုးဖို့ အာဆင်နယ်အသင်းက ပြင်ဆင်နေတယ်လို့ Daily Mail ကဖော်ပြလာပါတယ်။ အာတီတာဟာ အလားအလာအကောင်းဆုံးလူငယ်နည်းပြတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခံထားရပြီး မန်စီးတီးအသင်းဟာ သူတို့ရဲ့နည်းပြ ဂွာဒီယိုလာရဲ့နေရာမှာအစားထိုးဖို့အတွက် အာတီတာကို လျာထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။