အာဆင်နယ်အသင်းရဲ့ တကယ့်ပစ်မှတ်က ဘယ်သူလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါ။ ဘယ်သူမှလဲ သိမယ်မထင်ပါဘူး။ ဒါပေမယ့် အခြေအနေအရပ်ရပ်က ညွန်ပြနေတာကတော့ ဗလာဟိုဗစ် ပေါ့လေ။ ကျန်တာတွေက အရံတွေပါပဲ။ ဒီနေရာမှာ ဗလာဟိုဗစ် ဆိုတာကိုမေ့ပြီး စဥ်းစားမယ်ဆိုရင် ပရိတ်သတ်တစ်ယောက်အနေနဲ့ဖြစ်ချင်တာ တစ်ခုပဲရှိပါတယ်။ အဲ့တာကတော့ ခေါ်ချင်သူကို မရရင် အစားထိုးမခေါ်ဖို့ပါပဲ။ အနီးစပ်ဆုံးကောင်းပါတယ် တို့ .. တိုက်စစ်မှုးတစ်ယောက်ရောက်လာပါတယ် တို့ စသည်ဖြင့်အခြေအနေတစ်ခုကို မလိုချင်တော့ပါဘူး။
အာဆင်နယ်ဟာ ပြသနာတွေအပ်ကြောင်း ထပ်နေခဲ့ပါပြီ။ လိုချင်တဲ့ကစားသမားကို ရခြင်းနဲ့ လိုချင်သူမရလို့ အနီးစပ်ဆုံးအစားထိုးခြင်းဟာ ခံစားမှုကိုသာ သက်တောင့်သက်သာ ရှိစေပြီး တကယ့်ပွဲကစားတဲ့အခါမှာ အသုံးမတည့်ပါဘူး။ တကယ်လိုနေတာ ကွင်းထဲက အရည်အသွေးပါပဲ။ ပရိတ်သတ်ကိုချွေးသိပ်တဲ့ကိစ္စတွေကို ထပ်ပြီးမကြုံချင်တော့ပါ။
ဗလာဟိုဗစ် နဲ့ပတ်သတ်တဲ့သတင်းက ကျွန်တော့်အနေနဲ့ တတ်နိုင်သရွေ့မတင်တော့တာများပါတယ်။ သတင်းဌာန ၅ ခုလောက်ကို Subscribe လုပ်ထားရင်ပဲ မမြင်ချင်မှအဆုံး every hours မှာတက်နေတာပါ။ အားလုံးကလည်း ထူးမခြားနားတွေ။ စာဖတ်သူတွေကို သတင်းပေးချင်ပေမယ့် သူ့အကြောင်းတစ်ခု တင်မယ် လုပ်တိုင်း ဘယ်တုန်းကနောက်ဆုံးရေးထားလဲဆိုတာ အရင်ပြေးကြည့်ရ သေးတယ်။ အခုနောက်ဆုံး သိရတဲ့ အီတလီသတင်းဌာနရဲ့ အဆိုအရ ဂျူဗင်တပ်စ်အသင်းနဲ့ကြားမှာ ရှိထားတဲ့ သဘောတူညီမှုကြောင့် အခြေအနေတွေက ရှုတ်နေတယ်လို့နားလည်ရပါတယ်။
စက်တင်ဘာလလောက်တုန်းက သတင်းထွက်ခဲ့တဲ့ အယ်နာဆရီကစလို့ အာဆင်နယ်နဲ့ အတူဖော်ပြလာတဲ့ တိုက်စစ်မှုးက ဒီလတွေထဲမှာ ၁၀ ဦးလောက်ရှိပါတယ်။ Gunners’ Side စာဖတ်သူတစ်ယောက် Comment လာပေးသလိုပဲ ၊ အာဆင်နယ်အားပေးရတာ ဂျောင်ကြိုဂျောင်ကြားက ပလေယာအကြောင်းကအစသိရပါတယ်။ နာမည်ထွက်လိုက် ပြေးဖတ်လိုက်နဲ့ပါ။ ဒါတောင် ချန်ထားခဲ့တဲ့သတင်းတွေအများကြီးရှိသေးတယ်။ ဒါက သတင်းကိစ္စ။ ကွင်းထဲက အကြောင်းပြန်သွားကြစို့။
အာတီတာ ဆီမှာ ဘယ်ကစားသမားနဲ့ ဘယ်လိုကစားဟန်ကို ကစားမယ် ၊ စီမံမယ်ဆိုတာ Plan ရှိပြီးသားပါ။ ဒီ Plan ဖြစ်ထွန်းတာ ၊ မဖြစ်ထွန်းတာက တစ်ပိုင်းပါ။ ဒီတော့ ကစားသမားခေါ်ယူရေးမှာတော့ သူလိုချင်တဲ့ ကစားသမား ရမှကိုဖြစ်ပါလိမ့်မယ်။ ဒါကသာ အသင်းအတွက် သူပုံဖော်ချင်တာကို ရပါလိမ့်မယ်။
အခုလေ့လာရသလောက်အာဆင်နယ်မှာ Traditional Number 9 ကစားသမားလိုအပ်နေပါတယ်။ လာကာဇက် ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လူငယ်တွေရဲ့ရုန်းအားကို ညှစ်ထုတ်သုံးစွဲနေပေမယ့် ဒီအရာတွေက အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် လောလောဆယ် မျှော်လင့်ချက် ခိုင်ခိုင်မာမာရှိနေချိန်မှာ အသင်းကို သိသိသာသာ အားကောင်းစေမယ့် ကစားသမားလိုပါတယ်။ ဗလာဟိုဗစ် ဖြစ်ဖြစ် ၊ ဘယ်သူဖြစ်ဖြစ်ပါ။
ကိုယ်ပိုင်အမြင်အရဆိုရင် ဂျိုနသန် ဒေးဗစ် ကို ကျွန်တော်မကြိုက်ပါ။ ဘာလိုဂန်ကို Upgrade လုပ်ထားတဲ့ကစားသမားလို့ပဲမြင်မိပါတယ်။ အီဆက်ကိုလည်း အရမ်းမကြိုက်လှပါဘူး။ တောင်ပံဆန်တဲ့တိုက်စစ်မှုး က မာတင်နယ်လီရှိနေသလို ၊ ရောင်းမထုတ်နိုင်ခဲ့ရင် အူဘာမီယန်ကိုလည်း သုံးလို့ရပါသေးတယ်။ (သူအချိုးပြေမယ်ဆိုရင်လဲ လုပ်အားတစ်ခုခုထွက်မယ် မျှော်လင့်လို့ရမယ်ထင်ရဲ့)
ဒါပေမယ့် ဘီးကုပ်စက်ဝိုင်းထိပ်နဲ့ ဧရိယာထဲမှာ ပြိုင်ဖက်တွေကြောက်လန့်နေရမယ့် ကစားသမားတစ်ယောက်ရှိနေတယ်ဆိုတဲ့ အခင်းအကျင်းကို အာဆင်နယလိုအပ်နေပါတယ်။ ဒီအချက်ကို ထောက်ပြတဲ့ Pundit တွေလဲမနဲတော့ပါဘူး။
ကျွန်တော့်အနေနဲ ဘယ်တိုက်မှုးဖြစ်ရမယ် ၊ ဘယ်သူဘယ်ဝါက အာဆင်နယ်အတွက်သင့်တော်တယ်လို့ နာမည်တပ်မပြောလိုပါဘူး။ ကဲဗက်လီဝင်ဖြစ်ဖြစ် ၊ ဗလာဟိုဗစ်ဖြစ်ဖြစ် ၊ ဝက်စ်ကင်ဖြစ်ဖြစ် ၊ ဘယ်သူဖြစ်ဖြစ်ပါ။ တစ်ယောက်ယောက်တော့ရောက်လာမှဖြစ်မယ်။ ပြီးတော့ အာတီတာ လိုချင်သူဖြစ်ရပါမယ်။ ဗလာဟိုဗစ်မရလို့ ကဲဗက်လီဝင်ခေါ်တာဖြစ်စေ ၊ ဝက်စ်ကင်မရလို့ ဒေးဗစ် ခေါ်တာဖြစ်စေ အဆင်မပြေပါဘူး။ သူလိုချင်တဲ့သူ စစ်စစ်ကိုရ ရပါလိမ့်မယ်။
နောက်ပြီး အခုအချိန်ထိ အာဆင်နယ် ရဲ့ Line Up ဟာ အထိမခံရှိနေဆဲပါ။ ဖြစ်သင့်တာဆိုရင်တော့ နောက်တန်းရော ၊ အလယ်တန်းရော ၊ တိုက်စစ်ရောလိုပါတယ်။ တိုမီယာစုတစ်ယောက်နာသွားတာနဲ့တင် ၊ ရှာခါ မပါနိုင်တာနဲ့တင် ဘာတွေဖြစ်သွားပြီလဲ အားလုံးအမြင်ပါ။
ဒီစာကိုရေးနေချိန်မှာ အပြောင်းအရွှေ့ပိတ်ဖို့က ၁၂ ရက်လောက်ပဲလိုတော့တယ်။ ဘာတွေဖြစ်လာမှာလဲ ဒါမှမဟုတ် ဘာမှမဖြစ်တော့ဘူးလား။ ဘယ်လိုပဲဆိုစေ … အာတီတာလိုချင်တာ အတိအကျဖြစ်ရပါလိမ့်မယ်။ ဒါမှသာ သူ့ရဲ့ အရည်အသွေးအစစ်အမှန်ကို သုံးသပ်လို့ရမှာဖြစ်ပါတယ်။