နောက်ဆုံးရ အာဆင်နယ် သတင်းများ (19Jan)

မာဆေးလ်အသင်းကို အပြီးသတ်ပြောင်းရွှေ့သွားတဲ့ ကိုလာစီနက်

အသက် ၂၈ နှစ်အရွယ် ဘယ်နောက်ခံလူ ကိုလာစီနက်ဟာ  အာဆင်နယ်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး  မာဆေးလ်အသင်းကို အပြီးပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။  ကစားသမားဖက်ကလည်း ပရီတ်သတ်နဲ့ကစားဖော်များအားလုံးကို သူ့ရဲ့ Account ကနေ နှုတ်ဆက်သွားခဲ့ပြီး အသင်းဖက်ကလဲ တရားဝင်သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကထဲက အသင်းကိုရောက်ရှိနေတဲ့  ကိုလာစီနက်ဟာ ပွဲပေါင်း ၁၁၈ ပွဲကစားပေးခဲ့ပြီး ၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဂါနာအသင်းအုပ်စုက ထွက်ရတာကြောင့် အာဆင်နယ်အသင်းနဲ့စောစောဆီးဆီးပြန်ပေါင်းနိုင်မယ့် ပါတေး

ကိုမိုရိုစ်အသင်းကို  ၃-၂ နဲ့ရှုံးနိမ့်ပြီး  ပါတေးတို့ရဲ့ ဂါနာအသင်းကတော့ အုပ်စုအဆင့်ကနေ အိမ်ပြန်ခဲ့ရပြီဖြစ်ပါတယ်။  ဒီရလဒ်ကြောင့် ပါတေးရဲ့ နိုင်ငံတကာ တာဝန်တွေဟာ စောလျင်စွာပြီးဆုံးသွားခဲ့ပြီး အာဆင်နယ်အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်တော့မှာဖြစ်ပါတယ်။

ဖာဘရီဂတ်စ် ချီးကျူးသွားတဲ့ ဘာကာလူငယ်

အာဆင်နယ်အသင်းရဲ့ အထင်ကရကွင်းလယ်လူဟောင်းဖာဘရီဂတ်စ် က  ဘာစီလိုနာလူငယ်လေး Riqui Puig ရဲ့အရည်အသွေးတွေကို ထုတ်ဖော်ချီးကျူးသွားခဲ့တာကြောင့်  အာဆင်နယ်အတွက် စဥ်းစားစရာတစ်ခုဖြစ်လာကြောင်း Football London က သုံးသပ်ရေးသားလာခဲ့ပါတယ်။  ဖာဘရီဂတ်စ် က  “ နည်းပြကသာ ယုံကြည်ပေးမယ်ဆိုရင် Riqui က  အင်နစ္စတာလို ကစားသမားဖြစ်လာမှာပါ။  အင်ဒရေ လိုကစားသမားနဲ့ ခိုင်းနှိုင်းပြောတယ်ဆိုတာ နဲနဲတော့များသလိုရှိနေပေမယ့်  ဒီနေ့ကစားသမားစျေးကွက်မှာ ထွန်းတောက်လာဖို့က အခွင့်အရေးရဖို့လဲ လိုပါတယ် “  လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

Advertisements

စပိန်ကို ပြန်ဖြစ်တဲ့အကြောင်းကို သေချာရှင်းပြလာတဲ့ ဘယ်လာရင်

အာဆင်နယ်နောက်ခံလူဘယ်လာရင် က သူ့အနေနဲ့စပိန်ကိုပြန်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရတဲ့အကြောင်းကို အီယန်ရိုက်ရဲ့  Wrighty’s House podcast  မှာ အခုလိုပဲ ပြန်ပြောင်းပြောပြလာခဲ့ပါတယ်။

“ ကိုဗစ်ကာလ အိမ်တွင်းအောင်းလိုက်ရတာဟာ ကျွန်တော့်ဘဝရဲ့  တကယ့်ကို  အူကြောင်ကြောင်အချိန်ပါပဲဗျာ။ သိတဲ့အတိုင်း အဲ့ဒီ ၃ လအတွင်းမှာလဲ ဘဝက အတက်အကျများစွာနဲ့ပေါ့။ ဆိုးရွားတဲ့အချက်တွေရှိခဲ့သလို ကောင်းတဲ့အချက်ကတော့   အရာရာကို ပြန်စဥ်းစားသုံးသပ်ဖို့အချိန်ရသွားခဲ့တာပါပဲ။ ဘောလုံးသမားအနေနဲ့ မဟုတ်ဘူးနော်  .. လူသားတစ်ယောက်အနေနဲ့ပြောတာပါ။  ဒီကာလထဲမှာ မိသားစုနဲ့ပိုနီးစပ်လာခဲ့တယ်။ ပြီးတော့ မလွမ်းစဖူး ၈-၉ နှစ်လောက်အတွင်းမှာ  စပိန်ကိုလွမ်းလာခဲ့တယ်။  စပိန်သီချင်းတွေနားထောင်လိုက် ၊ စပိန်ရုပ်ရှင်တွေကြည့်လိုက် ၊ စပိန်အစားအစာတွေစားလိုက်နဲ့ပေါ့ဗျာ “  လို့ပြောကြားခဲ့ပြီး  သူ့ရဲ့ အိမ်ပြန်ချင်စိတ်က အသင်းကိုစွန့်ခွာဖို့ ဖြစ်လာခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။

အာဆင်နယ်အမျိုးသမီးအသင်း ရဲ့  တတိယမြောက်ခေါ်ယူမှု

တရုတ်ကလပ်အသင်း  Changchun Zhuoyue  ကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ အသင်းကိုရောက်လာတဲ့  ရာဖယ်လာဆိုဇာ ဟာ   အာဆင်နယ်အမျိုးသမီးအသင်းအတွက်  ပထမဆုံး ဘရာဇီးကစားသမားဖြစ်လာခဲ့ပါတယ်။  အသက် ၃၀ အရွယ်ဗဟိုနောက်ခံလူဟာ  ဒီလထဲမှာ အမျိုးသမီးအသင်းက စာချုပ်ခေါ်ယူခဲ့တဲ့  ၃ ယောက်မြောက်ကစားသမားဖြစ်ပြီး  သူ့အရင်  ဆွီဒင်တိုက်စစ်မှုး စတီနာ ဘလက်စတင်နီးယပ်စ်နဲ့  အော်စတြီးယား နောက်ခံလူ လော်ရာ ဝီယင်ရိုသာ တို့ကိုလည်း ခေါ်ယူထားပါသေးတယ်။

U-23 အဆင့်မှာ ခြေစွမ်းပြနေတဲ့  ဖလိုရက်စ်

U-23 အဆင့်မှာ ပွဲစထွက်တာ မကြာသေးတဲ့ လူငယ်လေး ဖလိုရက်စ်ဟာ  ဘုန်းမောက်အသင်းကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ Premiere League Cup မှာ ခြေစွမ်းပြပြီး  ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ မက္ကဆီကိုသားလေး ဖလောရက်စ်နဲ့အတူ ဟတ်ချီဆန်ကိုလည်း U-23 ပွဲစဥ်တွေမှာ စတင်အသုံးပြုနေပြီဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: