အမြင့်မားဆုံးပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ် ရောင်းခဲ့တဲ့ ကစားသမားတွေ ဘာဆက်ဖြစ်ခဲ့သလဲ – အပိုင်း ( ၂)

မနေ့ကတော့  နာဆရီ၊ အဒီဘာယော  ၊ ဝီးလော့ ၊ အီဝိုဘီ နဲ့ ဗန်ပါစီတို့အကြောင်းရေးခဲ့ပါတယ်။ ဒီနေ့ကတော့ ဒုတိယပိုင်းနဲ့  အသိမ်းအဖြစ် ကျန်တဲ့ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဖာဘရီဂတ်စ်(ပေါင် ၃၀.၆သန်း) 

လာမာစီယာအကယ်ဒမီကနေ အာဆင်နယ်ကို ထွက်ခွာလာချိန်မှာ ဖာဘရီဂတ်စ်ဟာ ၁၆နှစ်ပဲ ရှိပါသေးတယ်။ အာဆင်၀င်းဂါးရဲ့ လက်အောက်မှာ ဖာဘရီဂတ်စ်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ 

၂၀၁၁ မှာတော့ ဖာဘရီဂတ်စ်သာ သူရဲ့ အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာကို ပြန်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘာစီလိုနာနဲ့အတူ ပွဲ၁၅၀ကျော် ကစားခဲ့ပြီး လာလီဂါချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့ပေမယ့် ဇာဗီနဲ့ အင်နီယေစတာတို့ရဲ့ အရှိန်အဝါကိုတော့ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ဘာစီလိုနာမှာ သုံးရာသီ ကြာပြီးတဲ့နောက်မှာတော့ လန်ဒန်ကို တကျော့ပြန်လာခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးကို ပြောင်းမလာခင် အာဆင်နယ်ဆီ ပြန်လာဖို့ စိတ်ကူးရှိခဲ့ပေမယ့် အာဆင်နယ်ကတော့ သူ့ကို ပြန်ခေါ်ယူဖို့ စိတ်ကူးမရှိခဲ့ပုံပါပဲ။ 

ဆန်းချက်ဇ်(ပေါင်၃၀.၆သန်း) 

အလက်ဆစ်ဟာ အာဆင်နယ်ရဲ့ တိုက်စစ်မှာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပေမယ့် ချန်ပီယံလိဂ်၀င်ခွင့်နဲ့ဝေးကွားခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

ချီလီသားကြီးဟာ မန်ချက်စတာယူနိုက်တက်မှာတော့ ရုန်းကန်ခဲ့ရပြီး အာဆင်နယ်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကို တဖန်ပြန်လည်ပြသဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အင်္ဂလန်မြေကို နှုတ်ဆက်ခဲ့ရပြီး ယခုလက်ရှိ အင်တာမီလန်မှာ ကစားနေတာဖြစ်ပါတယ်။ 

Advertisements

အနယ်လ်ကာ(ပေါင် ၃၁.၅သန်း) 

အသင်းအများအပြားမှာ ကစားခဲ့ဖူးတဲ့ အနယ်လ်ကာဟာ အာဆင်နယ်မှာ နာမည်စရလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈-၉၉မှာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သူကို ရီးရဲလ်မက်ဒရစ်ဟာ အဲ့ကာလက မက်လောက်စရာငွေကြေး ပမာဏဖြစ်တဲ့ ပေါင်သန်း ၃၀ကျော်နဲ့ ကမ်းလှမ်းလာခဲ့ပါတယ်။အာဆင်နယ်ဟာလည်း မငြင်းဆန်နိုင်ခဲ့ပါဘူး။ 

ရီးရဲလ်မက်ဒရစ်မှာတော့ ပြင်သစ်တိုက်စစ်မှူးကြီးဟယ ရုန်းကန်ခဲ့ရပြီး တစ်ရာသီသာ ကြာမြင့်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ PSG,လီဗာပူးလ်၊မန်စီးတီး၊ချဲလ်ဆီး၊ဂျူဗင်တပ်စတဲ့ အသင်းတွေမှာ ကစားခဲ့ပါတယ်။ 

အနယ်လ်ကာဟာ သူ့အနေနဲ့ အာဆင်နယ်ကနေ ဘယ်တုန်းကမှ မထွက်ခွာခဲ့သင့်ကြောင့် ၀န်ခံခဲ့ဖူးပါတယ်။ အွန်နရီနဲ့ အနယ်လ်ကာတို့ရဲ့ တိုက်စစ်အတွဲကို မြင်တွေ့ခွင့်မရခဲ့တာကတော့ တကယ်ကို နှမြောစရာပါပဲ။ 

ချန်ဘာလိန်(ပေါင် ၃၄.၂သန်း) 

ဆောက်သမ်တန်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ချန်ဘာလိန်ဟာ ထွန်းတောက်လာမယ့် အင်္ဂလန် ကြယ်ပွင့်တစ်ပွင့်လို့ မှတ်ယူခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် ခြေစွမ်းတည်ငြိမ်မှု မရှိခဲ့တာဟာ သူ့ရဲ့ အနားနည်းချက်ဖြစ်ခဲ့ပြီး ၂၀၁၇မှာ‌တော့ အာဆင်နယ်ရဲ့ စာချုပ်သစ်ကို ငြင်းဆန်ပြီး လီဗာပူးလ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

လီဗာပူးလ်မှာ သူ့အနေနဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် အမ်းမရိတ်ကို စွန့်ခွာခဲ့ရတဲ့အပေါ် နောင်တ ရနိုင်စရာတော့ မရှိနိုင်ပါဘူး။

Advertisements

Leave a Reply

%d bloggers like this: