ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်အတွင်းမှာ ကစားသမားအချို့ဟာ အောင်မြင်မှုတွေနဲ့ မြင့်မားတဲ့လစာငွေတွေ ရှာဖွေဖို့ အာဆင်နယ်ကနေ ထွက်ခွာခဲ့ဖူးကြပါတယ်။ အချို့ကလည်း အောင်မြင်ခဲ့သလို အချို့ကလည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ အဖြစ်တွေ ကြုံတွေ့ခဲ့ရပါတယ်။
ဥပမာအနေနဲ့ ဗန်ပါစီဟာ မန်ယူကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဖလား ရယူနိုင်ခဲ့ပေမယ့် သူ့နည်းတူ မန်ယူကို ပြောင်းရွှေ့သွားခဲ့တဲ့ အလက်ဆစ်ဆန်းချက်အတွက်ကတော့ ဘာအောင်မြင်မှုမှမရခဲ့ပဲ အင်္ဂလန်မြေကို နှုတ်ဆက်ပြီး အီတလီမြေကို ထွက်ခွာခဲ့ရပါတယ်။
ဒီလို အာဆင်နယ်ကနေ အမြင့်မားဆုံး ပြောင်းရွှေ့ကြေးတွေနဲ့ ထွက်ခွာခဲ့တဲ့ ကစားသမားတွေနဲ့ သူတို့ရဲ့ အာဆင်နယ်ကစားသမားဘ၀အလွန် ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ပထမပိုင်း အဖြစ် ဖော်ပြလိုက်ရပါတယ်။
ဆန်မီနာဆရီ (ပေါင် ၂၄.၈သန်း)
နာဆရီအကြောင်း ပြောရမယ်ဆိုရင် ပရိသတ်တွေအတွက်တော့ နာကျင်စရာ ကောင်းနေဦးမှာပါ။ အသင်းရဲ့ အဓိက ကစားသမားဖြစ်နေချိန် ၊၂၀၁၀-၁၁ ဘောလုံးရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၅ဂိုး သွင်းယူခဲ့ပြီးတဲ့နောက် နာဆရီဟာ မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
နာဆရီဟာ မန်စီးတီးကို ရောက်ရောက်ချင်းမှာပဲ ပရီးမီးယားလိဂ်ဖလားရအောင်ကူညီပေးနိုင်ခဲ့သလို ၂၀၁၃-၁၄ရာသီမှာလည်း အသင်းကို ချန်ပီယံ နောက်တစ်ကြိမ် ဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ သူရဲ့ တိုးတက်မှုနဲ့ခြေစွမ်းကောင်းမွန်မှုတွေဟာ တန့်သွားခဲ့ပါတယ်။
နောက်ပိုင်းတော့ ဆီဗီးလ်လား၊ ၀က်စ်ဟမ်း၊ အန်ဒါလက် စတဲ့ အသင်းတွေကို ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ကစားသမားဘ၀ကနေ အနားယူခဲ့ပါတယ်။ မကြာသေးမီက ရန်ပုံငွေပွဲတစ်ခုမှာ တွေ့ခဲ့ရတဲ့ပုံအရတော့ နာဆရီဟာ အတော်လေး၀နေတာတွေ့ရပါတယ်။

အဒီဘာယော(ပေါင် ၂၆.၁သန်း)
အာဆင်နယ်အတွက် နောက်ဆုံး နှစ်ရာသီမှာ ၄၆ဂိုး သွင်းယူခဲ့ပြီးနောက် အဒီဘာယောဟာ ၂၀၀၉မှာ ငွေကြေးအင်အားအမြောက်အမြားသုံးပြီး ကစားသမားတွေ ခေါ်ယူနေတဲ့ မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဘက်ကို ဂိုးသွင်းယူပြီး အလွန်အကြူးအောင်ပွဲခံခဲ့တဲ့ အဒီဘာယောကို အာဆင်နယ်ပရိသတ်တွေကတော့ ခုထိ မုန်းတီးနေဦးမယ်ထင်ပါတယ်။ မန်စီးတီးမှာ ခြေစွမ်းကောင်းအချို့ပြသနိုင်ခဲ့ပေမယ့် မန်ချီနီရောက်လာချိန်မှာတော့ အဒီဘာယောဟာ ချောင်ထိုးခံရပြီး ရီးရဲလ်၊ စပါး စတဲ့ အသင်းတွေဆီ အငှားချခံထားခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ အခြား အသင်းငယ်လေးတွေဆီ ပြောင်းရွှေ့ကစားရင်း တစ်ချိန်က တောက်ပခဲ့တဲ့ တိုက်စစ်မှူးဟာ လူမသိ သူမသိပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။
ဂျိုးဝီလော့ခ်(၂၆.၅သန်း)
ဝီလော့ခ်ကတော့ အသင်းကနေ ထွက်ခွာသွားတာ သိပ်မကြာသေးဘူး ဆိုရပါမယ်။ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး တစ်ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့ ဝီးလော့ခ်ဟာ နယူးကာဆယ်မှာ အငှားထွက်ကစားချိန်မှာတော့ ပရီးမီးယားလိဂ် ၁၄ပွဲမှာ ၈ဂိုးအထိ သွင်းယူခဲ့ပါတယ်။
ဝီးလော့ခ်ရဲ့ ခြေစွမ်းကြောင့် ရာသီကုန်မှာ နယူးကာဆယ်ဟာ သူ့ကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီး ခုထိ ဝီးလော့ခ်ဟာ ဂိုးပေါက်ပျောက်နေခဲ့တာဖြစ်ပါတယ်။

အီဝိုဘီ (ပေါင် ၂၇.၃သန်း)
အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားဖြစ်သူ အီဝိုဘီဟာ တစ်ချိန်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်အဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထင်သလောက်မဖြစ်လာခဲ့တဲ့ လူငယ်တစ်ယောက်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
၂၀၁၉ မှာတော့ အဲဗာတန်ဟာ အီဝိုဘီကို စိတ်၀င်စားကြောင်း ပြသခဲ့သလို ပီပီကို ပြောင်းရွှေ့ကြေးအများအပြားနဲ့ ခေါ်ယူထားတဲ့ အာဆင်နယ်ကလည်း မဆိုင်းမတွပဲ ရောင်းချခဲ့ပါတယ်။ အဲဗာတန်မှာလည်း အီဝိုဘီဟာ အခုထိ သူ့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း ပြသဖို့ ရုန်းကန်နေရဆဲပါပဲ။

ရော်ဘင်ဗန်ပါစီ (ပေါင် ၂၂.၅ သန်း)
အသင်းအတွက် ဂန္တ၀င်တိုက်စစ်မှူးတစ်ဦးလို့တောင်ဆိုရမယ့်သူဖြစ်ပေမယ့် မန်ယူကို ထွက်ခွာသွားချိန်မှာတော့ ပရိသတ်တွေရဲ့ ရင်ထဲကနေနယ်သာလန်တိုက်စစ်မှူးကြီးဟာ ထွက်ခွာသွားခဲ့ရပါတယ်။မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ အိုးထရက်ဖိုဒ် နေ့စွဲတွေက သိပ်မကြာခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ဗန်ပါစီရဲ့နာမည်ဟာ ပရီးမီးယားလိဂ်ကနေ ပျောက်ကွယ်သွားခဲ့ရပြန်ပါတယ်။
ဒုတိယပိုင်းဆက်လက်ဖော်ပြပါမယ်။