လမ့်တေးအတွက် မန်ယူနဲ့ ယှဥ်ပြိုင်ရမယ့် အာဆင်နယ်
အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အဓိက ပစ်မှတ်နောက်ခံလူ တာရစ် လမ့်တေး အတွက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြင်းအထန်ယှဥ်ပြိုင်ရမှာဖြစ်တယ်လို့ Daily Mirror ကဖော်ပြသွားပါတယ်။ ဘရိုက်တန်လူငယ်ကစားသမားဟာ တိုမီယာစုတစ်ယောက်ပဲရှိနေတဲ့ ညာနောက်ခံနေရာအတွက် အာဆင်နယ် အရေးတကြီးခေါ်ယူဖို့ ကြိုးစားနေတဲ့ ကစားသမားဖြစ်ပါတယ်။
ဘစ်ဆူးမားကို ခေါ်ယူသင့်ကြောင်း ကစားသမားဟောင်းက တိုက်တွန်း
အာဆင်နယ်ကစားသမားဟောင်း ကီဗင်ကင်းဘဲလ်က အသင်းအနေနဲ့ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆူးမား ကိုအရခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားပါတယ်။ Football Insider နဲ့ပုံမှန်ပြောကြားနေတဲ့ အစီအစဥ်မှာ ကင်းဘဲလ်က “ အာဆင်နယ်က ကွင်းလယ်လူ ၂ ယောက်တကယ်လိုအပ်ပါတယ်။ လိုဂွန်ဂါဟာ သိပ်ကောင်းတဲ့ကစားသမားလေးပါ။ ဒါပေမယ့် သူတစ်ယောက်ထဲနဲ့ ကွင်းလယ်ကို ထိန်းကျောင်းသွားဖို့ကတော့စောလွန်းပါသေးတယ်။ ကျွန်တော်တို့ နောက်ထပ် အတွေ့အကြုံရင့် ကစားသမားလိုနေပါသေးတယ်။ ဘစ်ဆူးမား ဟာ ငယ်ရွယ်ပြီး အတွေ့အကြုံလဲရှိနေပါတယ်။ သူက အာဆင်နယ်ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်သင့်ပါတယ်။ ဒုတိယရာသီအတွက် တောင့်တင်းတဲ့လူစာရင်းတစ်ခုဖြစ်လာဖို့ သူကူညီပေးနိုင်ပါတယ် “ လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
အသင်းကြီးတွေကို ကျော်လွန်ပြီး အာဆင်နယ်ကို ပဲရွေးဖြစ်ကြောင်း ပြောပြလာတဲ့ ဆာကာ
တောင်ပံကစားသမားလေး ဆာကာ ဟာ အာဆင်နယ်အသင်းကိုမပြောင်းရွှေ့မီ ချဲလ်ဆီးအသင်းထံကိုရောက်ဖို့ နီးစပ်ခဲ့တယ်လို့ Football London ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဆာကာက “ ကျွန်တော်ငယ်ငယ်တုန်းက အာဆင်နယ် ၊ ချဲလ်ဆီး ၊ ဝက်ဖို့ဒ်နဲ့ စပါးအသင်းတွေထဲက တစ်သင်းရွေးချယ်ဖို့ ဖြစ်ခဲ့ပါတယ်။ ဒါက ကျွန်တော်မှတ်မိသလောက်အသင်းတွေပါ။ အာဆင်နယ်က ကျွန်တော်အမြဲတမ်းရွေးချယ်ခဲ့တဲ့နေရာပါပဲ။ သူတို့ဟာ လူငယ်တွေအပေါ်အလေးထားတယ်။ ဒါကြောင့်ရွေးချယ်ဖို့လမ်းက ရှင်းရှင်းလင်းလင်းပဲရှိခဲ့ပါတယ် “ ဆိုပြီး ပြန်ပြောင်းပြောပြခဲ့တာပါ။
အီဆက်ကို စိတ်ဝင်စားလာကြတဲ့ လန်ဒန်အသင်းများ
အာဆင်နယ်အသင်းရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ဆိုစိဒက် တိုက်စစ်မှုး အလက်ဇန်းဒါးအီဆက်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းနဲ့ စပါးအသင်းတို့ကလည်း စောင့်ကြည့်နေကြပြီလို့ Fichajes သတင်းဌာနကဖော်ပြသွားပါတယ်။ အထူးသဖြင့် တိုက်စစ်မှုးဟယ်ရီကိန်းခြေစွမ်းပျောက်နေမှုကြောင့် အခက်အခဲဖြစ်နေတဲ့ စပါးအသင်းက ပိုပြီး လှုပ်ရှားဖွယ်ရှိတယ်လို့ သိရပါတယ်။
ပေပေ ကို ခြေစွမ်းပြန်ပြဖို့ မျှော်လင့်နေကြတဲ့ ပရိတ်သတ်များ
အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့်ဆုံးရှုံးနေတဲ့ တောင်ပံလူ ပေပေဟာ AFCON ပြိုင်ပွဲမှာ ခြေစွမ်းပြပြီး သွင်းဂိုးလည်း ရယူနိုင်ခဲ့ပါတယ်။ အိုင်ဗရီကို့စ် ကစားသမားပေပေက ဆီရီယာလီယွန်နဲ့ ၂-၂ သရေကျတဲ့ပွဲမှာ MOTM ရရှိတဲ့အထိခြေစွမ်းပြနိုင်ခဲ့တာဖြစ်လို့ ပရိတ်သတ်တွေက အာဆင်နယ်မှာလည်း ဒီလိုခြေစွမ်းတွေပြန်ယူလာနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ Football London ကဖော်ပြသွားခဲ့ပါတယ်။