ကော်စတာကို ကောလာဟာလအဖြစ်တောင်လက်မခံချင်ကြတဲ့ ချဲလ်ဆီးပရိတ်သတ်များ
Goal Brazil ရဲ့ဖော်ပြချက်အရ အီဒူးဟာ ချဲလ်ဆီးတိုက်စစ်မှုးဟောင်း ဒီယေဂိုကော်စတာကို စောင့်ကြည့်နေတယ်ဆိုပြီး သတင်းထွက်လာတဲ့အပေါ်မှာ ပရီတ်သတ်တွေဟာ ဝိုင်းဝန်း ဝေဖန်ခဲ့ကြတယ်လို့ သိရပါတယ်။ သတင်းအချို့မှာတော့ အဆိုပါဘရာဇီးတိုက်စစ်မှုးကို အာဆင်နယ်တို့ဟာ အလွတ်သဘောဆက်သွယ်မေးမြန်းခဲ့တယ်လို့လဲ ဖော်ပြထားပြီး ပရိတ်သတ်တွေကတော့ ဒီလိုသတင်းမျိုးကို ကောလာဟလအဖြစ်တောင်မမြင်ချင် မကြားချင်ဘူးဆိုပြီးတုန့်ပြန်ထားကြပါတယ်။ ကော်စတာဟာ ချဲလ်ဆီးအသင်းမှာရှိစဥ်တုန်းက အာဆင်နယ်ဖက်ကို ဂိုးမကြာခနသွင်းတတ်သူဖြစ်သလို ပြသနာများလည်းရှိဖူးသူဖြစ်ပါတယ်။
အဇီးကို အသင်းထံပြန်ခေါ်ခဲ့တဲ့ အာဆင်နယ်
ပွဲကစားချိန်နဲပါးနေမှုကြောင့် အငှားချကစားသမားလေး မီဂွယ်အဇီး ကို အာဆင်နယ်က ပြန်လည်ခေါ်ယူသွားမှာဖြစ်တယ်လို့ ပို့စ်မောက်အသင်းဖက်က ထုတ်ပြန်ခဲ့ကြောင်း သတင်းများက ဖော်ပြနေကြပါတယ်။ လောလောဆယ်အထိတော့ အာဆင်နယ်အသင်းရဲ့ U23 လူစာရင်းမှာ အဇီးကို ပြန်လည်ထည့်သွင်းခြင်းမပြုသေးပါဘူး၊။
ထရာအိုရေးကို ခေါ်ဖို့ မာတင်ကီအွန်တိုက်တွန်း
ဂန္တဝင်ကစားသမားကြီး မာတင်ကီအွန်က ဝုဗ်အသင်းရဲ့တောင်ပံလူ အဒမ်မာ ထရာအိုရေးကို ခေါ်ယူဖို့ အာဆင်နယ်အသင်းကိုတိုက်တွန်းလိုက်ပါတယ်။ ထရာအိုရေးဟာ ဒီရာသီမှာ ဂိုးပေါက်ပျောက်နေခဲ့သူဖြစ်ပြီး ယခုအပတ် စိန့်အသင်းနဲ့ပွဲကျမှသာ စံချိန်ဆိုးကို ရပ်တံ့နိုင်ခဲ့တာဖြစ်ပါတယ်။ ကီအွန်က BBC ရဲ့ Final Score အစီအစဥ်မှတဆင့်အခုလိုပြောခဲ့တာပါ။ “ ထရာအိုရေးက အမြဲတန်းလိုလိုပဲ အံ့အားသင့်စရာစွမ်းဆောင်ရည်ကို ပြသနိုင်တဲ့သူဖြစ်ပါတယ်။ ကျွန်တော်တို့လို အားပေးသူတွေအနေနဲ့လည်း စိတ်ကျေနပ်စရာအခိုက်အတန့်တွေကို မကြာခနခံစားရပါတယ်။ အခုသွင်းဂိုးကလည်းသိပ်ကောင်းပါတယ်။ ကျွန်တော်သာ မန်နေဂျာဆိုရင် သူ့ကို စာချုပ်ပြီးခေါ်ယူလိုက်ပါပြီ။ အာဆင်နယ်ရေ .. သူ့ကိုသာ ဝယ်လိုက်စမ်းပါ “ ဆိုပြီးအသင်းဟောင်းကို တိုက်တွန်းသွားတာဖြစ်ပါတယ်။
အူဒီးနီးစ်ကို မာရီ ပြောင်းရွှေ့မယ်လို့ ရိုမာနိုပြော
ပါဘလိုမာရီဟာ အူဒီးနီးစ် အသင်းကိုအငှားနဲ့ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ ဖေဘရီဇီယို ရိုမာနိုက အီတလီကလပ်တာဝန်ရှိသူရဲ့ စကားကို ကိုးကားပြီးဖော်ပြသွားပါတယ်။ အူဒီးနီးစ် ရဲ့ ဒါရိုက်တာ မာရီနိုက “ ကျွန်တော်တို့ နောက်ထပ် ဗဟိုနောက်ခံလူတစ်ယောက်ကို ခေါ်ယူတော့မှာပါ။ ဒါက ကျွန်တော်တို့ရဲ့ အစီအစဥ်ပါပဲ. အခုလတ်တလောမှာ သူနဲ့ဆွေးနွေးနေပြီဆိုတာအတည်ပြုပေးနိုင်ပါတယ် “ လို့ Sky Italia ကို ပြောသွားခဲ့တာဖြစ်ပါတယ်။
ပွဲဦးထွက်မှာ ဂိုးသွင်းတဲ့ အာဆင်နယ် ဆယ်ကျော်သက်လေး
အာဆင်နယ်အကယ်ဒမီကစားသမားလေး ခါယွန်အက်ဒွက်ဟာ U23 အသင်းအတွက်ပွဲဦးထွက်ကစားပေးခဲ့ပြီး သွင်းဂိုးတစ်ဂိုးလဲရယူနိုင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ကစားသမားလေးဟာ အကယ်ဒမီအဆင့်မှာ ၁၇ ဂိုးထိသွင်းယူနိုင်ခဲ့ပြီး ဝက်စ်ဟမ်း U23 နဲ့ပွဲမှာ စတင်ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူ ဖလောရက်စ် ဟာလည်း ထိုပွဲမှာ သူ့ရဲံ ဒုတိယမြောက် U23 ပွဲစဥ်အဖြစ် ပွဲထွက် ကစားခဲ့ပါတယ်။