တကယ်လို့ အာဆင်နယ်ဟာ သူတို့ရဲ့ကွင်းလယ်အခက်အခဲကို အာသာမယ်လို နဲ့ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်တောင် ဒါဟာရေတိုကြိုးပမ်းမှုပဲဖြစ်ပါလိမ့်မယ်။ သူဟာ အသင်းရဲ့ ရေရှည်အစီအစဥ်နဲ့ မဆက်စပ်ဘူးဆိုတာမြင်သာပါတယ်။ မီဒီယာတွေ ၊ ဆောင်းပါးရှင်တွေကတော့ ဖြစ်နိုင်ချေရှိတဲ့ကစားသမားနာမည်ပေါင်းများစွာကို ဖော်ပြလာကြတာပါပဲ။ မှန်တာရော .. မှားတာရောပေါ့။ ပြီးခဲ့တဲ့ရက်တွေတုန်းက နာမည်ထွက်ခဲ့တဲ့ ဂွီမာရေးစ် ဟာ အခုရက်ပိုင်းမှာငြိမ်သွားပါပြီ။ ဒါပေမယ့် ဒန်နီလို ၊ တိုင်လီမန်းစ် နဲ့ ဒေါက်ဂလပ်လူးဝစ်တို့ရဲ့နာမည်တွေကတော့ဖြစ်နိုင်ခြေရှိသူတွေအဖြစ် ရေးသားလာကြပြန်ပါတယ်။
နောက်ဆုံးပါဝင်လာတဲ့ တိုင်လီမန်းစ် အကြောင်းပြောချင်ပါတယ်။ အာဆင်နယ် ပရိတ်သတ်တစ်ယောက်အနေနဲ့ Pivot Player တွေအဖြစ် ပါတေးနဲ တိုင်လီမန်းစ် ရှိနေမယ်။ သူတို့ရှေ့မှာ အိုဒီဂတ်နဲ့ စမစ်ရိုး ရှိနေမယ် ဆိုတဲ့အခင်းအကျင်းကို စိတ်ကူးနဲ့မြင်ယောင်ကြည့်လိုက်ပါ။ ရင်ခုံစရာကောင်းတယ်မဟုတ်လား။ တိုင်လီမန်းစ် ဟာ ပရီတ်သတ်တွေမျှော်သင့်တဲ့ကစားသမားတစ်ယောက်ဆိုတာ အသေအချာပါပဲ။
ဒီ ဘဲလ်ဂျီယံကစားသမား ဟာ လက်စတာအသင်းမှာ သိသာထင်ရှားစွာခြေစွမ်းပြနေသူဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ မိုနာကိုအသင်းကနေ ပေါင် ၄၀.၅ သန်းနဲ့ရောက်လာကတည်းကဆိုပါတော့။ သူဟာလက်စတာအသင်းအတွက် ၁၃၁ ပွဲကစားထားပေးပြီဂ ၂၃ ဂိုးသွင်း ၊ ၂၂ ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ကွင်းလယ်ကစားသမားတစ်ယောက်အတွက် သိပ်ကောင်းပါတယ်။
Goal ကနေ အာဆင်နယ်တို့က ကစားသမားနဲ့ စကားပြောနေပြီဆိုတဲ့ သတင်းထွက်လာအပြီး မှာ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကို မေးခွန်းထုတ်ဖို့အချိန်ရောက်လာခဲ့ပါတယ်။ ရော်ဂျာကလည်း ကစားသမားဟာ ရာသီကုန်မှာထွက်ခွာနိုင်ဖွယ်ရှိတယ်လို့ အဖြေပေးခဲ့ပါတယ်။
“ ယူရီ (တိုင်လီမန်းစ်) က သူ့အသက်အရွယ်အရ အခြေအနေမျိုးစုံကိုထည့်သွင်းစဥ်းစားရမယ့် အချိန်ပါပဲ။ ကျွန်တော်သူ့ကိုအသင်းမှာရှိစေချင်ပါတယ် ဒါပေမယ့် သူ့ရဲ့တက်လမ်းအတွက်သူဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ် “ လို့ ဖြေသွားခဲ့တာပါ။
ဒီဖြေဆိုမှုဟာ အာဆင်နယ်ပရိတ်သတ်တွေအတွက် ဂီတ တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါဟာ တိုင်လီမန်းစ်တစ်ယောက် အာဆင်နယ်ကိုပြောင်းလာမယ်လို့ မဆိုလိုပါဘူး။ သို့သော် ငြင်းဆန်လိုက်တာထက်တော့ ပိုပြီး ပျော်စရာကောင်းပါတယ်။ ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ တိုင်လီမန်းစ်ရဲ့ အကောင်းဆုံးအချိန်တွေရောက်လာဖို့ရှိပါသေးတယ်။ အာဆင်နယ်ဟာ အသက် ၂၄ နှစ်အရွယ် တက်လူတစ်ယောက်ရဲ့အားအင်ကို လိုအပ်နေပါတယ်။
ရော်ဂျာကတော့ တိုင်လီမန်းစ်ရဲ့ထွက်ခွာနိုင်ချေနဲ့ပတ်သတ်ပြီး အခုလိုပဲပြောပါတယ်။
“ ကစားသမားတစ်ယောက်မရှိလို့ အခြေအနေပျက်စီးသွားတာမျိုးဖြစ်လာမှာမဟုတ်ပါဘူ။ တကယ်လို့ တစ်ယောက်မရှိတော့ရင်လဲ နောက်တစ်ယောက် ရောက်ရှိလာမှာပါ “ လို့ဆိုသွားပါတယ်။
ကြည့်ရတာ ရော်ဂျာဖက်က တစ်ခုခုပြင်ဆင်ထားပုံပါပဲ။ ဒီအခြေအနေဟာ စိတ်ဝင်စားစရာပါပဲ။