ဘန်ဝှိုက် ကို အဝယ်မှား စာရင်းမှာထည့်ထားသေးလား

နောက်တန်းပြသနာများစွာကို  ဆယ်စုနှစ်တစ်ခုစာကြုံလာရတဲ့ အာဆင်နယ်အသင်းဟာ  ငွေကြေးအမြောက်အများနဲ့ ဗဟိုနောက်ခံလူတစ်ယောက်ကို ခေါ်ယူလိုက်ပါတယ်။ ခေါ်ယူပြီးပြီးချင်းမှာပဲ​ ပရိတ်သတ်တွေဟာ ကစားသမားသစ်ကို စိတ်လှုပ်ရှားပြီး မျှော်လင့်ရမယ့်အစား အော်ဟစ်ပြောဆိုသံတွေ ဆူညံသွားခဲ့ပါတော့တယ်။  ဘရိုက်တန်က ဘန်ဝှိုက်လိုကစားသမားမျိုးကို သန်း ၅၀ ပေးဝယ်ရသတဲ့လား ဆိုတဲ့ ဝေဖန်မှုတွေ ဆူညံသွားပါတယ်။ ဒါ့အပြင် အာဆင်နယ်မှာ ကစားသမားကို ဆွဲဆောင်ဖို့အတွက် ဘာအရှိန်အဝါမှ မရှိတော့ဘူးဆိုပြီးတော့လည်း ခနဲ့လာခဲ့ပါတယ်။

သို့သော် အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးချိန်မှာတော့  ချီးကျူးသံတွေဟာ  ဝေဖန်မှုတွေနေရာမှာ အစားထိုးသွားခဲ့ပါတယ်။  Ball Playing Defender  တစ်ယောက်ဖြစ်တဲ့အတွက် ဘန်ဝှိုက်ဟာ နောက်တန်းမှာ ဖြတ်တောက်မှု ၊  ပိတ်ဆို့မှုတွေပြလုပ်နိုင်သလို  ဘောလုံးကိုင်ပြီး ရှေ့တက်ကစားရာမှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြထားနိုင်ပါတယ်။  အချို့သော ဂိုးတွေမှာ   Pre Assist Role  ကနေပါဝင်ပတ်သတ်ခဲ့ပါတယ်။  ကွင်းတွင်းစွမ်းဆောင်ရည်အပြင်  ၊  လေ့ကျင့်ရေးကွင်းနဲ့ အဝတ်လဲခန်းမှာလည်း အရေးပါသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဦးဆောင်နိုင်သူတစ်ဦးအဖြစ်ပါ  သူ့ကို ရှုမြင်လာကြပါတယ်။

“ ဘန်ဝှိုက်ဟာ ဒီနှစ်မှအသင်းကိုပြောင်းလာပေမယ့်  အသင်းအတွက် စွမ်းဆောင်ပေးချင်စိတ်အပြည့်ရှိသူဖြစ်ပါတယ်။ သူ့ကိုယ်သူလဲ တိုးတက်အောင်အမြဲကြိုးစားနေတတ်သူပါ။ ပွဲတိုင်းအနိုင်ရရှိဖို့ ၊​ သူကိုယ်တိုင်ပုံစံကောင်းတစ်ခုရရှိဖို့ကိုလဲ အမြဲအလေးထားပါတယ်။

ဒီလိုအရည်အသွေးတွေဟာ အသင်းအတွက် အလွန်လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ ဒါကြောင့် သူ့လိုကစားသမားကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ် “  လို့ အာတီတာက လီဗာပူးနဲ့ပွဲမှာ  Man Of The Match ရခဲ့တဲ့ ဘန်ဝှိုက်ကို  ချီးကျူးသွားခဲ့ပါတယ်။

Advertisements

ဒါက ပွဲစဥ် ၂၀ လောက်ရောက်လာပြီး ဘောလုံးရာသီရဲ့ ဒုတိယပိုင်းကို ချဥ်းနင်း ဝင်ရောက်လာချိန်မှာ ပြောတဲ့စကားဖြစ်ပါတယ်။  ဘာကြောင့်  ရာသီအစတုန်းက ငွေကြေးများများစားစားနဲ့ခေါ်ယူခဲ့တယ်ဆိုတာကိုပါ တစ်ပါတည်း အာတီတာက ရှင်းပြသွားခဲ့တာပါ။ တစ်ယောက်လျော့နဲ့ တစ်ပွဲလုံးနီးပါးအကောင်းဆုံးစွမ်းဆောင်သွားတဲ့နောက်တန်းအတွက်  ဘန်ဝှိုက်က အဓိက ကျခဲ့ပါတယ်။

စွမ်းဆောင်ရည်အကောင်းဆုံး ခံစစ်ကြောင်းရဲ့  အဓိက နောက်ခံလူဖြစ်တဲ့ ဘန်ဝှိုက်ဟာ  အာဆင်နယ်အသင်း Clean Sheet များစွာရရှိနေခြင်းတွေထဲက အကြောင်းရင်းတစ်ခုလဲဖြစ်ပါတယ်။  ဒါ့အပြင် သူ့ရဲ့ ပြင်းထန်တဲ့ စိတ်ဓါတ်ကြောင့်  အနာဂတ်အသင်းခေါင်းဆောင်ဆိုပြီးသတ်မှတ်ခံခဲ့ရတာကနေ  မထင်မှတ်ပဲဖြစ်သွားတဲ့  အူဘာမီယန်ရဲ့  ပြသနာကြောင့်  စောစောစီးစီးလဲ  ကပ္ပတိန်ဖြစ်သွားနိုင်ပါသေးတယ်။​

အာတီတာက  ဘန်ဝှိုက် ရဲ့ စွမ်းဆောင်ရည်ကိုသာမက တွဲဖက်ကစားနိုင်စွမ်းကိုပါ အခုလိုမှတ်ချက်ပေးခဲ့ပါသေးတယ်။

သူက တွဲဖက်ကစားဖော်နဲ့ကြားထဲမှာ ကြီးမားတဲ့ နားလည်မှုလဲ တည်ဆောက်ထားနိုင်ပါသေးတယ်။ သူနဲ့ ဂါဘရီယယ်တို့ ဘယ်လောက်ထိတွဲဖက်ညီညီကစားနိုင်တယ်ဆိုတာ အားလုံးမျက်မြင်ပါပဲ။ ဒီလို အချက်တွေဟာ အသင်းကောင်းတစ်ကောင်းဖြစ်လာဖို့အတွက် အလွန်အရေးပါလှပါတယ်။

ဗဟိုနောက်ခံလူအဖြစ်သာမက ပွဲကစားချိန်အတွင်းမှာလည်း ကွင်းလယ်၊  တိုက်စစ်တွေအထိလိုက်ပါကစားရင်း အသင်းရဲ့ ကစားပုံကို ပံ့ပိုးကူညီပေးနေပါတယ်။  သူနဲ့ ဂါဘရီယယ် အတွဲက အခုတော့ EPL ရဲ့ အကောင်းဆုံး ဗဟိုခံစစ်တွေထဲက တစ်တွဲဖြစ်လာပါတယ်။

ဘောလုံးခန့်မှန်းသူတွေဟာ တစ်ယောက်ပြီးတစ်ယောက် အာဆင်နယ်နဲ့ပတ်သတ်ပြီး သူတို့ခန့်မှန်းခဲ့သမျှအတွက် ပြန်လည်ပြင်ဆင်နေရပါတယ်။ ဒီထဲမှာ ဘန်ဝှိုက်ရဲ့နာမည်လဲ အပါအဝင်ပဲဖြစ်ပါတယ်။   အသက် ၂၄ နှစ်အရွယ်နောက်ခံလူတစ်ယောက်ဟာ  ဘယ်လောက်အထိ ခရီးဆက်နိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အသင်းကိုရောက်လာပြီး ကျရှုံးသွားတဲ့သူစာရင်းထဲမှာ  ဘန်ဝှိုက်ကို ထည့်စရာမလိုဘူးပြောရင်  မမှားတော့ဘူးလို့တော့ ယူဆမိပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: