ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ လီဗာပူးလ်ရဲ့ အိမ်ကွင်း အန်ဖီးလ်မှာသွားရောက် ယှဉ်ပြိုင်ခဲ့ရပါတယ်။ ပထမပိုင်း ၂၄မိနစ်မှာ ရှာခါအထုတ်ခံခဲ့ရတာကြောင့် အာဆင်နယ်ဟာ လက်ကျန်မိနစ်တွေကို ကစားသမား ဆယ်ယောက်တည်းနဲ့ အိမ်ရှင်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲပြီးခရာ မှုတ်ချိန်မှာတော့ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
ပွဲတစ်ပွဲအကြောင်းပြောတဲ့အခါ နည်းဗျူဟာတွေ ၊ စိတ်ဓါတ်တွေ ၊ တစ်ဦးခြင်းအရည်အသွေးတွေ စသည်ဖြင့် ပေါင်းစပ်ထားတဲ့အားထုတ်မှုတစ်ခုရဲ့ နောက်ဆုံးထွက်ကုန်တွေအကြောင်းကိုပဲ ကျွန်တော်တို့ဟာ ရှာဖွေထုတ်နှုတ်တင်ပြရတာဖြစ်ပါတယ်။ ဒါပေမယ့် အချက်တစ်ချက်ချက်ကတော့ ထူးခြားပြီး ရှေ့ထွက်နေတတ်တာပါပဲ။ ပြန်ပြောစရာ စကေးတစ်ကွက် ၊ သိပ်လှတဲ့ ဂိုးတစ်ဂိုး ၊ ဒါမှမဟုတ် အံ့အားသင့်စရာလူစားလဲမှု .. လူထုတ်ပုံ စသည်ဖြင့် ။ ဒီပွဲကတော့ စိတ်ဓါတ် အကြောင်းကိုပဲပြောရမှာဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာ နော်တန်ဟမ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်အတွက် ပထမဆုံးကစားခဲ့တဲ့ ပွဲစဉ် ဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ လူစာရင်းက အာဆင်နယ် လူစာရင်းထဲ ပိုပြီးတောင့်တင်းခဲ့သလို လက်ရှိရာသီမှာ လီဗာပူးလ်နဲ့ တွေ့ဆုံမှုမှာလည်း အာဆင်နယ် ဂိုးပြတ်ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ အာဆင်နယ်ဟာ လီဗာပူးလ်ကို ထပ်ပြီး ဒူးထောက်ရဦးမလားဆိုတဲ့ အတွေးတွေဟာ ပရိသတ်တွေဆီမှာ ရှိနေခဲ့ပါတယ်။ ထိုးနှက်ချက်အဖြစ် လူနဲရတဲ့ကြားထဲ အဓိက ကစားသမားတွေက ပွဲနားကပ်မှလွဲချော်ပြန်ပါတယ်။ ပွဲအကြောင်းသွားရအောင်။
ပွဲချိန် ၂၄မိနစ်မှာ ရှာခါ အထုတ်ခံလိုက်ရချိန်မှာတော့ ဒီပွဲမှာ အာဆင်နယ် မရှုံးအောင်ကစားဖို့ဆိုတာ မဖြစ်နိုင်သလောက် ဖြစ်သွားပါတယ်။ ဒါပေမယ့် အာဆင်နယ် ကစားသမားတွေဟာ စိတ်ဓာတ်မကျသွားခဲ့ပဲ သူတို့ရဲ့ တိုက်ပွဲ၀င်စိတ်ကို ပြသခဲ့ကာ အနိုင်ဂိုးရလုနီးပါး ဖြစ်ခဲ့ပါ သေးတယ်။ နီးစပ်တဲ့အခွင့်အရေးများဖြစ်ကြတဲ့ ဆာကာရဲ့ ကန်ချက်ကို အလစ်ဆင်ဘတ်ကာ ကာကွယ်နိုင်ခဲ့သလို မီနာမီတိုရဲ့ အပိုင်ကန်ချက်ကလည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့တာကြောင့် ပွဲအပြီးမှာ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မာတင်နယ်လီနဲ့ဆာကာဟာ ထူးထူးခြားခြားကောင်းမွန်ခဲ့ပြီး ၊ လီဗာပူးနောက်တန်းကို အလုပ်ရှုတ်စေခဲ့တာ တစ်ပွဲလုံးပဲဖြစ်ပါတယ်။ ၁၁ ယောက် စီကစားနေကြကတည်းက နှစ်သင်းစလုံးရဲ့ Intensive Play ကိုမြင်ခဲ့ရပြီး အာဆင်နယ်တို့က အပြိုင်လိုက်ကစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လီဗာပူးလို high pressing သိပ်ကောင်းတဲ့အသင်းကို Zone Block ရော One On One Tackle ပါသုံးပြီး တိုက်စစ်လမ်းကြောင်းတွေကို ပိတ်နိုင်ခဲ့ပါတယ်။ ဖာမီနိုရဲ့ ခန့်မှန်းရခက်တဲ့ Through Ball အတိုလေးတွေဟာလည်း ဘန်ဝှိုက်တို့တသိုက်ရဲ့ ပါးနပ်မှုကြောင့် ၊ ပေးသာပေးနေသော်လည်း ကန်ခွင့်အတွက် လုံလောက်တဲ့ Space ကိုမရခဲ့ကြပါဘူး။
ပွဲအပြီးမှာတော့ အာတီတာက သူ့ရဲ့ကစားသမားတွေကို “အရှုံးမပေးတတ်တဲ့သူတွေ”လို့ ချီးကျူးသွားခဲ့ပါတယ်။
“ကျွန်တော်တို့ အခြေအနေကို ရင်ဆိုင်နိုင်ခဲ့ပါတယ်။ ကစားသမားတွေဟာ တိုက်ပွဲ၀င်နိုင်စွမ်း၊ စိတ်ပိုင်းဖြတ်နိုင်စွမ်းနဲ့ညီအစ်ကို စိတ်ဓာတ်တွေကို ပြသနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ခင်ဗျားတို့ တွေ့ခဲ့တာပဲ။ ကျွန်တော်တို့ အရှုံးမပေးခဲ့ဘူး။ကောင်လေးတွေကို ချီးကျူးရမှာပါ”
“အနီကဒ်က သူတို့ရဲ့ စိတ်ဓာတ်တွေကို ပိုပြီး အင်အားဖြစ်စေတာလားဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ တိုက်ပွဲစစေခဲ့တာပါပဲ။ ဒီလိုပွဲမျိုးကို ရင်ဆ်ုင်ဖို့ ဆိုတာ စိတ်ခွန်အားတစ်ခု လိုပါတယ်။ကောင်လေးတွေဟာ ဒါက်ု လုပ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ နေ့မဟုတ်ခဲ့ပေမယ့် ကျွန်တော်တို့ ကစားရမယ့်ပွဲကို ကျွန်တော်တို့ ကစားခဲ့တယ်”
“ဒီပွဲစဉ်ကနေ တော့တန်ဟမ်နဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲစဉ်အတွက် ခွန်အားတွေ ရခဲ့ပါတယ်။ ဘာဆင်ခြေမှ ပေးစရာ မရှိပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး ကစားရမှာပါ။”
ပရိသတ်တွေကလည်း အသင်းရဲ့ တိုက်ပွဲ၀င်စိတ်ကို ချီးကျူးနေကြပါတယ်။ ဒီပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကိုတော့ ဘန်ဝှိုက်က ရရှိခဲ့ပါတယ်။
အာဆင်နယ်တို့ရဲ့ ပြန်လည်တည်ဆောက်ခြင်း ခရီးစဥ်မှာ စိတ်ဓါတ်က ဘယ်အဆင့်မှာ ပါနေသလဲကတော့ အာတီတာပဲသိပါလိမ့်မယ်။ ဒါပေမယ့် ခိုင်မာတဲ့တိုက်ပွဲဝင်စိတ်ဓါတ်ကတော့ ပြန်လည်မြင်တွေ့ရစပြုနေပါပြီ။ အာဆင်နယ်မှာလိုနေတာ (လူစာရင်းကိစ္စတွေ ၊ အပြောင်းအရွှေ့တွေကို ထည့်မတွက်ရင် ) ပွဲကြီးတွေမှာ အနိုင်ရဖို့ပါပဲ။
အသင်းကြီးတွေကို နိုင်ဖို့ဆိုတာ လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့အသင်းအတွက် ဖြည့်ဆည်းဖို့လိုနေတဲ့ ကွက်လပ်တစ်ခုဖြစ်ပါတယ်။ ဒီကွက်လပ်ဆီကို အာတီတာတို့တသိုက်ချဥ်းကပ်လာနေ တာကတော့ အသေအချာပါပဲ။