နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမှာ တာဗာရက်စ်တစ်ယောက် မိနစ် ၃၀ လောက်မှာတင် လူစားလဲခံလိုက်ရပါတယ်။ အဲ့ဒီလူစားလဲမှုအပေါမှာ လက်အိတ်တွေချွတ်ပြီးလွှင့်ပစ်လိုက်တဲ့ သူ့ရဲ့တုန့်ပြန်မှုက ပြသနာဆီကို ဦးတည်ခဲ့ပါတယ်။ အာတီတာနဲ့ သူ့ကြားမှာ ဘာတွေဆက်ဖြစ်ကြပါသလဲ။
အာတီတာကတော့ တာဗာရက်စ်ရဲံလုပ်ရပ်ကို သာမန်ဖြစ်စဥ်တစ်ခုအဖြစ်သာ သတ်မှတ်လိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားလေးဟာ ဘင်ဖီကာကနေ မြောက်လန်ဒန်ကိုရောက်လာခဲ့တဲ့ခရီးမှာ အဖွင့်လှတယ်လို့ တော့ ဆိုနိုင်ပါတယ်။ တီယာနေ ဒဏ်ရာရနေချိန်မှာဝင်အစွမ်းပြရင်း စီနီယာရဲ့ နေရာကို လုယူနိုင်လုလုပါပဲ။ ဒါပေမယ့် သင်ယူစရာတွေအများကြီးရှိနေသေးတယ်ဆိုတာလဲ လက်တွေ့မြင်နိုင်ပါတယ်။ လုပ်ပြချင်စိတ်တွေများခြင်းနဲ့အတူ ၊ အပေးအယူတွေမှားပြီး ကစားဖော်ကို ဒုက္ခရောက်စေတဲ့ လုပ်ရပ်အချို့ကိုလည်းပြုလုပ်ခဲ့ပါတယ်။ ပွဲတိုင်းမှာ အမှားနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုအတူ လုပ်ဆောင်နေဆဲပါ။
နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ လူမြင်သူမြင်ပဲ အာတီတာကိုပုန်ကန်ပြလိုက်သလိုပါပဲ။ ဒီအပေါ်မှာ အာတီတာက ရှင်းရှင်းလင်းလင်း အမြင်တစ်ခုရှိထားပုံရပါတယ်။
“ ကျွန်တော်က အသင်းအတွက် ပိုကောင်းမယ်လို့ ယူဆရတဲ့ ဆုံးဖြတ်ချက်တစ်ခုချလိုက်တာပါ။ ဒီလို ကိစ္စမျိုးလုပ်ရတာ ပျော်စရာလဲမကောင်းပါဘူး။ ဆုံးဖြတ်ချက်ချရတဲ့သူအနေနဲ့လည်း ဟာတာတာဖြစ်ပြီးကျန်ခဲ့တာပါပဲ။ ဒါပေမယ့် ကစားသမားတွေကို အဖက်ဖက်က ကူညီပေးဖို့ ဒီမှာ ကျွန်တော်ရှိနေတာပါ။
ဒီတော့ လူစားလဲမှုဟာ အသင်းသားတွေအားလုံးကောင်းကောင်းကစားနိုင်ကြဖို့အတွက် လိုအပ်တာကို လုပ်လိုက်တာပါပဲ။
ကျွန်တော်လဲ တစ်ချိန်တုန်းက ပထမပိုင်းနဲ့တင် လူစားလဲခံရဖူးပါတယ်။ လုံးဝအံ့အားသင့်သွားခဲ့တာပေါ့ဗျာ။ သို့သော် ဒါဟာလည်း ပွဲတစ်ပွဲကိုစီံမံခြင်းနဲ့ ကစားသမားတွေပိုတိုးတက်လာစေဖို့အတွက် လုပ်ဆောင်ရတဲ့ ကိစ္စ ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ပြီးတော့ လူစားလဲခံရသူအဖို့ သိပ်ပြီးပျော်စရာမကောင်းတဲ့ အတွေ့အကြုံတွေပေါ့ဗျာ။ ဒီအတွေ့အကြုံတွေကို အကျိုးရှိအောင်အသုံးချနိုင်မယ်ဆိုရင်တော့ ပိုကောင်းတဲ့လူသားတစ်ယောက် ဒါမှမဟုတ် ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်လာပါလိမ့်မယ် လို့ ဆိုသွားခဲ့တာပါ။
အာတီတာက တာဗာရက်စ်ရဲ့ အပြုအမူနဲ့ပတ်သတ်ပြီးတော့လည်း အခုလိုပြောခဲ့ပါသေးတယ်။
“ သူက လူစားလဲခံရတော့ အံ့သြသွားခဲ့ပါတယ်။ ပြီးတော့ ဒါကမမျှတဘူး .. နည်းပြကမှားတယ်လို့ လဲ ထင်သွားခဲ့ပါတယ်။ ဒါက ပုံမှန်ပါပဲဗျာ။ သူ့ရဲ့ တုန့်ပြန်မှုကို မလေးမစားပြုခဲ့တယ်လို့မမြင်ပါဘူး။ ဒါဟာ အခိုက်အတန့်တစ်ခုမျှပါပဲ။ ဒီတော့ လုပ်စရာတွေဆက်လုပ်သွားဖို့ ၊ အကောင်းဆုံးတွေဖြစ်လာအောင်ကြိုးစားဖို့ ပဲရှိပါတယ်။ ပြီးတော့ နူနိုဟာ အသင်းကိုရောက်လာကတည်းက အစွမ်းပြနေတဲ့ ကစားသမားတစ်ယောက်ပါ “ လို့ ဆိုပါတယ်။
အာတီတာရဲ့အဖြေတွေအရတော့ လူငယ်တစ်ယောက်ရဲ့ တုန့်ပြန်မှုကို အရမ်းကြီး အပြစ်လို့မှတ်ယူမယ့် ပုံစံမရှိပါဘူး။ သူ့ရဲ့မှတ်ချက်အတိုင်း တာဗာရက်စ်အနေနဲ့ အကောင်းဆုံးလက်ခံပြီး ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာဖို့ပဲ မျှော်လင့်မိပါတယ်။