တိုမီယာစု ဟာ တွဲကစားခဲ့သမျှထဲမှာအကောင်းဆုံးလို့ ချီးကျူးလိုက်တဲ့ ဘန်ဝှိုက်
အာဆင်နယ်အသင်းရဲ့ ဗဟိုခံစစ်သမား ဘန်ဝှိုက်က အသင်းဖော်တိုမီယာစုဟာ ကမ္ဘာ့အဆင့်နောက်ခံအစွန်လူတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ DAZN Japan နဲ့တွေ့ဆိုရာမှာ ဘန်ဝှိုက်က “ တိုမီက သိပ်ပြီးအံ့သြစရာကောင်းတဲ့ ကစားသမားမျိုးပါ။ ကျွန်တော်တွဲကစားဖူးတဲ့ ညာနောက်ခံလူအားလုံးထဲမှာ သူအကောင်းဆုံးပါပဲ။ သူက ပွဲအပေါ် အမြဲအာရုံစူးစိုက်နေတဲ့သူပါ။ တိုမီယာစုနဲ့ တွဲကစားရလို့ ဂုဏ်ယူမိပါတယ်။ ရိုးရှင်းတဲ့အရာလေးတွေကို ကမ္ဘာ့အဆင့်စွမ်းဆောင်ပြနိုင်တယ်။ တိုမီ တစ်ယောက်ပွဲထဲမှာ အာရုံပြန့်လွင့်တယ်ဆိုတာ မရှိဖူးပါဘူး။ စကစားကြတည်းက ပရီးမီးယားလိဂ်ပုံစံကို နားလည်နေတဲ့သူပါပဲ “ လို့ ချီးကျူးခဲ့တာပါ။
ဂွီမာရေးစ်ကို ခေါ်ဖို့ ကြိုးစားနေပြီလို့ Football London ဖော်ပြလာ
ဘရူနိုဂွီမာရေးစ်ကို ခေါ်ယူဖို့အတွက် အာတီတာနဲ့ အီဒူးတို့ဟာ အသင်းရဲ့ အုပ်ချုပ်ရေးပိုင်းထံက ခွင့်ပြုချက်ရရှိထားပြီးဖြစ်တယ်လို့ Football London ကဖော်ပြသွားခဲ့ပါတယ်။ အဆိုပါကစားသမားရဲ့ စွမ်းဆောင်ရည်ကို ပါတေး နဲ့ ရှာခါတို့နှစ်ဦးစလုံးနဲ့ တွဲဖက်ကစားနိုင်မှာဖြစ်တယ်လို့ အာတီတာက ယုံကြည်နေကြောင်း အဆိုပါသတင်းက ဆိုပါတယ်။
နိုင်းလ်စ် ပြန်မလာတော့ဘူးလို့ ခန့်မှန်း
Football Insider ရဲ့ အားကစားတင်ဆက်သူလည်းဖြစ် ၊ လိဒ်စ်အသင်းရဲ့ ကစားသမားဟောင်းလဲဖြစ်တဲ့ ကော်နာဝှိုက်တလေက အာဆင်နယ်ကစားသမားမိတ်လန်းနိုင်းလ်စ်ဟာ အသင်းကိုပြန်လာတော့မှာ မဟုတ်ဘူးလို့ ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။ ကော်နာက “ ဒီအပြောင်းအရွေ့က အံ့သြစရာကောင်းသလားလို့မေးရင် No လို့ပဲဖြေရမှာပါပဲ။ အာဆင်နယ်မှာ သူ့နေရာနဲ့သူ ကစားသမားတွေကရှိနေတော့ ကစားခွင့်ရဖို့ကခက်ပါတယ်။ ဒါကိုသူလည်းသိပါတယ်။ နိုင်းလ်စ်က သိပ်ကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် အာဆင်နယ်က ဆက်ထိမ်းထားဖို့ထက် လက်လွတ်ဖို့ပဲ ဖြစ်သွားခဲ့ပါတယ် လို့ဆိုခဲ့တာပါ။
အာဆင်နယ်တို့ ကွင်းလယ်လူ အမြန်ခေါ်ယူသွားလိမ့်မယ်လို့ ခန့်မှန်းနေကြ
အာဆင်နယ်အသင်းဟာ ယခုအပတ်ထဲမှာပဲ ကွင်းလယ်ကစားသမားတစ်ယောက်ကို အပူတပြင်းခေါ်ယူသွားမှာဖြစ်တယ်လို့ Daily Express က သုံးသပ်သွားခဲ့ပါတယ်။ အဓိက ကစားသမားတွေကို လက်လွတ်ထားရချိန်မှာ အရံကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးနိမ့်ပါးနေခဲ့ပြီး ၊ FA ဖလားပွဲကနေလဲ စောစောဆီးဆီးထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ လီဗာပူး ၊ စပါးအသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။
တာဗာရက်စ်ကိုလဲတာ လိုအပ်လို့ဖြစ်ကြောင်း အာတီတာရှင်းပြ
နည်းပြအာတီတာဟာ ပထမပိုင်းပွဲချိန်တွေမှာတင် တာဗာရက်စ်ကို လူစားလဲခဲ့တဲ့အပေါ်မှာ အခုလိုပဲ တုန့်ပြန်သွားခဲ့ပါတယ်။
“ ကျွန်တော်က အသင်းရဲ့ စွမ်းဆောင်ရည်တိုးတက်လာဖို့ပဲ လုပ်ဆောင်ခဲ့တာပါ။ ဒီကိစ္စဟာ ပြောစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမယ်ဆိုတာကို သိပါတယ် ဒါပေမယ့် ကွင်းထဲမှာ ကစားနေပုံကအဆင်မပြေရင်တော့ ဒီလိုဆုံးဖြတ်ချက်မျိုးတွေ ချဖို့လိုပါတယ် “ ဆိုပြီးရှင်းလင်းသွားခဲ့ပါတယ်။
လူစုံမထုတ်လို့ ဝေဖန်ခံနေရတဲ့ အာတီတာ
TalkSports ရဲ့တင်ဆက်သူ အဲလက်စ်ဂရွတ်က နော့တင်ဟမ်အသင်းကိုရှုံးခဲ့တဲ့ပွဲက အာတီတာရဲ့လူထုတ်ပုံကို ဝေဖန်ပြောကြားလိုက်ပါတယ်။ ဂရွတ်က “ သူတို့ဒီနေ့ကစားတာမကောင်းခဲ့ပါဘူး။ ဒါပေမယ့် တီယာနေဟာ အရံခုံမှာရှိနေတယ်။ လာကာဇက်အစား အန်ကတ်တီယာက ပွဲထွက်လာတယ် ။ ဂိုးသမားကလဲ ရမ်းစ်ဒေးလ် မဖမ်းဘူးဗျာ ။ အာဆင်နယ်ဟာ လီဗာပူး ၊ မန်စီးတီး ၊ ချဲလ်ဆီးတို့လိုမဟုတ်ပါဘူး။ သူတို့မှာ အင်အားကောင်းတဲ့အရံအသင်းမရှိပါဘူး။ ညကကစားသွားတဲ့အသင်းဟာ ဖော်ရက်စ်ကို နိုင်ဖို့မလုံလောက်ပါဘူး “ လို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။