ပြီးခဲ့တဲ့ ရက် ၃၀ လောက်အတွင်း ဆာကာနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေရဲ့ တုန့်ပြန်ပုံတွေ ၊ ထွက်လာခဲ့တဲ့ သတင်းတွေကို ပြန်လေ့လာကြည့်ရအောင်။
ပထမဦးဆုံး ဆာကာ ရဲ့ သွင်းဂိုးနှုန်းတက်လာတဲ့အပေါ်မှာ ပရိတ်သတ်တွေက စိုးရိမ်ကြပါတယ်။ အဲံ့ဒီရက်ပိုင်းတွေတုန်းက ဆာကာ က အလိမ်အလှဲ့တွေနဲ့ကစားတယ်။ လူသိပ်မပေးဘူး။ ကိုယ်တိုင်ဂိုးသွင်းချင်တယ်။ ဒီတော့ စိတ်ပူကြပါတယ် … ဒီလူငယ်လေးက တစ်ကိုယ်ကောင်းများဆန်သွားပြီလားဆိုပြီးပေါ့။
နောက်တော့ လီဗာပူးအသင်းက သဘောကျနေတယ်ဆိုတဲ့သတင်းထွက်လာပြန်တဲ့အခါ မီဒီယာတွေက ဝိုင်းဖွကြရင်း ၊ ပရိတ်သတ်တွေစိတ်ပူရပြန်တယ်။ စိတ်မရှည်တော့တဲ့ ဂန္တဝင်အချို့ဆိုရင် သတင်းတွေဟာ အဓိပ္ပါယ်မရှိတဲ့အရာတွေဖြစ်ကြောင်း ပြောဆိုကြတာမျိုးအထိရှိလာတယ်။
ဒါပေမယ့် ဆာကာနဲ့ပတ်သတ်တဲ့အခြေအနေအားလုံးအတွက် အာတီတာက အဖြေရှိနေပုံပါပဲ။ Metro ရဲ့ အပြောင်းအရွေ့ သတင်းထောက်က ဆာကာအကြောင်းတွေကိုမေးတဲ့အခါသူက အခုလိုဖြေခဲ့ပါတယ်။
“ ကျွန်တော် အခုလိုသတင်းတွေကြားနေရာတာကို သဘောကျပါတယ်။ ကိုယ့်ကစားသမားကို လိုချင်နေကြတယ် ၊ လူအများကသူ့အကြောင်းပြောနေကြတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပါ။ ကစားသမားတွေအနေနဲ့လည်း သူတို့လုပ်နေတဲ့အားထုတ်မှုတွေအတွက် ဂုဏ်ယူရတာပေါ့ “ လို့ဆိုပါတယ်။ ဆိုလိုရင်းကတော့ ဘယ်လိုကောလာဟာလထွက်ထွက် ဆာကာနဲ့အသင်းကြားထဲမှာ ဆက်ဆံရေးခိုင်မြဲ နေတယ်ဆိုတဲ့သဘောပါပဲ။ တော်လို့ကျော်တာ ကိစ္စမရှိဘူးဆိုတဲ့သဘောပေါ့။
ဆက်လက်ပြီး ကစားသမားလေးက ကမ္ဘာ့အဆင့်စွမ်းဆောင်ရည်တွေပြသနိုင်နေပြီလားဆိုတဲ့အချက်အပေါ်ကို –
“ ကျွန်တော်ကတော့ အဲ့ဒီလိုမျိုး ခေါင်းစဥ်မတပ်ချင်ပါဘူး ။ သူလက်ရှိစွမ်းဆောင်နေတာတွေအတွက် ကျွန်တော်ကျေနပ်ပါတယ်။ နောက်ပြီး သူကတိုးတက်လာနေတယ်။ ဒါကအသင်းအတွက်အရေးကြီးပါတယ်။ အရေးအကြီးဆုံးအချက်အနေနဲ့ကတော့ တစ်ပွဲခြင်းမှာ စွမ်းဆောင်မှုကောင်းကောင်းတွေရှိနေဖို့ပါပဲ။ အသင်းဖက်ကလည်း ဒီအတွက် သူ့ကို ကူညီနေပါတယ်။ သူကလည်း တကယ်ပဲ လုပ်နိုင်စွမ်းအပြည့်ရှိပါတယ် “
ဒီအချက်က ပရိတ်သတ်တွေ ပူပန်နေတဲ့ကိစ္စကို သွယ်ဝိုက်ပြီးအဖြေပေးသွားတယ်လို့ ယူဆနိုင်ပါတယ်။ ဆာကာနဲ့အတူ လုပ်စရာရှိတာတွေလုပ်နေတယ်ဆိုတဲ့သဘောပါပဲ။
အခုနောက်ပိုင်း ထွန်းတောက်လာတဲ့လူငယ်ကစားသမားလေးတွေအများကြီးရှိပါတယ်။ သူတို့တွေဟာ ခြေစွမ်းပြလာနိုင်တာနဲ့အမျှ မီဒီယာတွေကမြှောက်စားကြတယ်။ ပြီးတော့ တစ်ကိုယ်ရည်ကျော်ကြားမှုတွေရှိလာတယ်။ ဒါနဲ့အတူ သူတို့ရဲ့စရိုက်တွေကလည်း ယိမ်းယိုင်လာကြတယ်။ အဲ့ဒိနောက်မှာ ကွင်းထဲကခြေစွမ်းကိုပါထိခိုက်လာကြတာပါပဲ။
အာတီတာက ဆာကာရဲ့ခြေစွမ်းကို ကမ္ဘာ့အဆင့်လို့မပြောခဲ့ပါဘူး။ တိုးတက်လာနေတယ်ဆိုတာကိုသာ အသိအမှတ်ပြုခဲ့ပါတယ်။ ဒီမှတ်ချက်ဟာ အလွန်အရေးပါပါတယ်။ ကစားသမားရဲ့ ပုခုံးပေါ်ကို ဘာတစ်ခုမှ ပစ်မတင်လိုက်သလို ဆက်လက်တိုးတက်ဖို့ကိုလဲ အဆုံးမဲ့လမ်းဖွင့်ပေးလိုက်တာပါပဲ။ တကယ်တန်းပြန်တွေးကြည့်ရင် ခိုင်းနှိုင်းမှုတွေကြားထဲမှာ ပျက်စီးကြွေလွင့်သွားကြတဲ့ လူငယ်ကစားသမားလေးတွေအများကြီးပါ။ အာတီတာ ဟာ ဆာကာကို လွတ်လပ်စွာပဲ ပျံသန်းခွင့်ပေးထားခဲ့ပါတယ်။
အခုရာသီဟာ ဆာကာရဲ့ စီနီယာကစားသမားဘဝ တတိယရာသီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ တစ်ရာသီလုံး သွင်းဂိုးကို အခုတော့ ရာသီဝက်နဲ့သွင်းထားနိုင်ခဲ့ပါပြီ။ ကစားပုံအားဖြင့်လည်း ပိုပြီးတိုးတက်လာခဲ့ပါပြီ။ ကမ္ဘာ့ဖလားမှာကြုံခဲ့ရတဲ့ စိတ်ပျက်စရာအဖြစ်တွေကိုလည်း ဆာကာ တစ်ယောက်ကျော်လွှားနိုင်ခဲ့ပါပြီ။
ဒီအကြောင်းကို ဒီဇင်ဘာလတုန်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အခုလိုပဲဖြေခဲ့ပါသေးတယ်။
“ သူနဲ့ပတ်သတ်တဲ့ ကိစ္စအားလုံးအတွက်စိုးရိမ်မိခဲ့တာပါ။ ဒါပေမယ့် ပိတ်ရက်ကာလတွေပြီးသွားတော့ သူနဲ့ဆုံတဲ့အခါမှာ ဆာကာဟာ အခြေအနေတွေကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်လို့ သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာ ဆာကာဟာ ဘောလုံးလောကတစ်ခုလုံးရဲ့ အထောက်အပံ့တွေကိုရခဲ့ပါတယ်။ ကျွန်တော်က တော့ အဲ့ဒီအထောက်အပံ့တွေဟာ သူ့ကိုရှေ့ဆက်ဖို့အတွက် ခွန်းအားကောင်းတွေ ဖြစ်စေခဲ့တယ်လို့ ယုံကြည်ပါတယ် “
ဆာကာ ဟာ အခြေခံအားဖြင့်လည်း ရင့်ကျက်တဲ့နေထိုင်မှုရှိပါတယ်။ ဒါ့အပြင် အာတီတာ နဲ့ အာဆင်နယ်အသင်းကလဲ သူ့အတွက်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်နေပုံပါပဲ။ ဆာကာ တစ်ယောက် မာနတွေထောင်လွှား ၊ ခြေစွမ်းတွေယိမ်းယိုင်လာတယ်ဆိုတဲ့ ကံကြမာဆိုးမျိုးနဲ့တော့ မတွေ့ကြုံရဘူးလို့ ယုံကြည်ရမယ်ထင်ပါတယ်။