ဘာကြောင့် ဗလာဟိုဗစ်ကို  မရမက  ခေါ်ယူသင့်တာလဲ  

ဒီညနေဟာ နောက်ထပ် ဗလာဟိုဗစ်ရဲ့ ညနေလို့ ဆိုရမလားပါပဲ။ အာဆင်နယ်တို့ဟာ  အဆုံးစွန်လိုက်ရောမှုလို့ ပြောလို့ရတဲ့အနေအထားတွေနဲ့  (စိတ်ကြိုက်လစာအပါအဝင်) ဗလာဟိုဗစ် ကိုကမ်းလှမ်းပြီလို့   The Athletic ကဖော်ပြနေသလို ၊ အလားအလာ အကောင်းဆုံးအနေအထားမှာရှိနေပြီလို့ လဲသိရပါတယ်။

ပရိတ်သတ်တွေအနေနဲ့  ဒီတိုက်စစ်မှုးခေါ်ယူရေးနဲ့ပတ်သတ်ပြီး အကြမ်းအားဖြင့် အစု ၂ စုကွဲနေပါတယ်။  ပထမတစ်စုကတော့  ဒီလောက်တောင် မလာချင်သူကို ဘာလို့ ဇွတ်ကြိုးစားနေရတာလဲ .. စိတ်ဓါတ်ရှိတဲ့သူကိုပဲခေါ်စမ်းပါ ဆိုတာက အယူအဆတစ်ခုဖြစ်ပြီး ၊ ကျန်တစ်ခုကတော့ ထူးမခြားနားတွေကိုခေါ်နေမယ့်အစား  သူ့ကိုသာ ရအောင်သာခေါ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။  ကျွန်တော်ကလဲ အဲ့ဒီ နှစ်ခုထဲမှာ တစ်ခုကို ပြတ်ပြတ်သားသား သဘောကျသူဖြစ်ပါတယ်။

ဗလာဟိုဗစ်အကြောင်းနဲနဲပြောကြရအောင်။

သူက အာဆင်နယ်လိုအပ်နေတဲ့ တိုက်စစ်မှုးစစ်စစ်ဖြစ်ပါတယ်။ ဂိုးသွင်းတည်ငြိမ်တယ်။ သေချာတယ်။ ဂိုးလာဘ်လဲရှိတယ်။  တန်ပြန်တိုက်စစ်သမားတွေနဲ့အတူ  လျှင်မြန်စွာကစားနိုင်သလို  ၊ အရေးကြီးတဲ့ ပိတ်ကစားတဲ့နောက်တန်းကို ဆွဲထုတ်နိုင်တဲ့ အရည်အချင်းလဲရှိပါတယ်။ ဒီအချက်ဟာ သဘောကျစရာအကောင်းဆုံးဖြစ်ပါတယ်။ ဂိုးသွင်းအားကတော့ သူ့ရဲ့ကစားသမားဘဝ ပွဲပေါင်း ၁၄၅  ပွဲမှာ ၅၇  ဂိုးသွင်းပေးထားနိုင်တဲ့သူဖြစ်ပါတယ်။  စီးရီအေသွင်းဂိုးကတော့  ၄၇ ဂိုးပါ။ အားလုံးလဲသူ့ကို သိပြီးသားပဲမို့ သူ့အကြောင်းက ဒီလောက်ဆိုရင်ရပြီ။ 

ကျန်တဲ့အပြောင်းအရွေ့ကိစ္စကလဲ အားလုံးသိကြတဲ့အတိုင်း  အာဆင်နယ်က ခေါ်ချင်တယ် ၊ ဖီအိုကလဲ  ဒီလို World Class  ကိုအလွတ်နဲ့ ပေးရမှာကို စိုးရိမ်နေတယ်။ ဒါကြောင့် ဆက်ထားဖို့လည်းအသဲအသန်ကြိုးစားခဲ့တယ်။ ဒါပေမယ့်မအောင်မြင်ခဲ့။  ဥက္ကဌဖြစ်သူဆိုရင်  ကျွန်တော်တို့ ကလပ်အသင်းရဲ့ သမိုင်းမှာ ဘယ်သူ့ကိုမှ မကမ်းလှမ်းဖူးတဲ့ အနေအထားနဲ့ ကမ်းလှမ်းခဲ့ပါတယ်  လို့ တောင်ဖွင့်ပြောခဲ့ရတယ်။ ဗလာဟိုဗစ် လက်မခံခဲ့။ ဒီတော့ ထွက်အောင်ရောင်းရမယ့်အနေအထား။

Advertisements

ကျွန်တော်နားလည်သလောက် အာဆင်နယ်လိုအပ်နေတဲ့ ကစားသမားက ၂ မျိုးရှိတယ်ဗျာ။ ပထမတစ်မျိုးက  ပိုမိုတိုးတက်စေတဲ့ ကစားသမား ၊ နောက်တစ်မျိုးကတော့  လှန်ချသလိုပြောင်းလဲစေမယ့်ကစားသမား။ ဆိုရရင်တော့ Improvement နဲ့  Game Changer ပေါ့ဗျာ။  အာဆင်နယ်ဟာ အရှိန်အဟုန်တစ်ခုကိုရနေပါပြီ။  သူ့အတိုင်းဆိုရင်တောင် အချိန်နဲ့အမျှပိုကောင်းနေမှာပါ။ ဒီလို Squad မှာ  ပိုတိုးတက်လာစေမယ့် ကစားသမားခေါ်ယူမလား ၊ ဒါမှမဟုတ် လှန်ချသလိုပြောင်းလဲစေမယ့်သူခေါ်မလားဆိုရင် ဒုတိယရွေးချယ်မှုကိုသာ အလေးသာပါတယ်။

တိုက်စစ်မှုးတစ်ယောက်ရောက်လာမယ်။ အသင်းက ပိုတော့ အင်အားတောင့်လာမယ်။ ကစားသမားကလဲ သူ့မှာ ပါရမီရှိသရွေ့ကြိုးစားမယ်။ ဒါပေမယ့် အဆင့်တစ်ခုမှာပဲရပ်နေမယ်ဆိုရင် အဆင်မပြေပါဘူး။ အခုအချိန်မှာ လိုအပ်နေတာ လုံးဝလှန်ချသလို တိုးတက်သွားစေမယ့် တိုက်စစ်မှုး/ကစားသမားဖြစ်ပါတယ်။  ဗလာဟိုဗစ်ဟာ ဒီလိုကစားသမားမျိုး ဟုတ် ..မဟုတ် ကျွန်တော်တို့ အကဲဖြတ်ဖို့စောပါသေးတယ်။ ဒါပေမယ့်  စျေးနှုန်းသက်သာပြီး အသင်းကိုလာချင်နေတဲ့ ကစားသမားခေါ်မယ့်အစား  ၊ တန်းမြင့်ကစားသမားတစ်ယောက်ကို ရအောင်ဆွဲဆောင်တဲ့နည်းလမ်းကို ပိုကြိုက်မိပါတယ်။ အီဒူးတို့လဲ ဒီလမ်းကိုပဲရွေးထားမယ်ထင်ပါတယ်။ ပိုတော့ခက်တာပေါ့လေ။

စိတ်ဓါတ်နဲ့ ကြိုးစားတာကို သဘောကျရင်တော့ ဒီအယူအဆက သိပ်အဆင်မပြေပါဘူး။ ဒါပေမယ့်  အရည်အချင်းကသာအဆုံးအဖြတ်ပေးသွားတဲ့အချိန်တွေရှိပါတယ်။  ကစားသမားတစ်ယောက်ကို ပေးဆပ်ကစားချင်လာအောင်လုပ်ရမှာကလည်း အသင်းရဲ့တာဝန်ဖြစ်တာကြောင့် လာချင်နေပေမယ့် လိုချင်တဲ့အရည်အသွေးမမှီတမှီဖြစ်နေတဲ့ ကစားသမားအစား ..  တန်းမြင့်ကစားသမားကို သာ ခက်ခက်ခဲခဲကြိုးစားလိုက်တာက ပိုအဆင်ပြေမယ်လို့ ယူဆပါတယ်။  ဒါဟာ ဗလာဟိုဗစ်ကိုရည်ရွယ်တာမဟုတ်ပါဘူး။ မထိတထိဖြေရှင်းမှုမဖြစ်စေချင်တော့တာပါ။

ကစားသမားတကယ် ရောက်မရောက်ကတော့ ဆက်လက်စောင့်ကြည့်ရုံသာ။

Advertisements

Leave a Reply

%d bloggers like this: