အာဆင်နယ် တိုက်စစ်မှူးဟောင်း ကမ်းဘဲက အာတီတာကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ကစားသမားနှစ်ဦးကို မဖြစ်မနေခေါ်ယူသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။
ထိုက်သင့်တဲ့ကမ်းလှမ်းမှုရခဲ့ရင် အာဆင်နယ်ဟာတိုက်စစ်မှူးအော်ဘာမီယန်းကို ရောင်းချသွားနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်မယ့် အန်ကက်တီးယားနဲ့ လာကာဇက်တို့ရဲ့ အမ်းမရိတ်အနာဂတ်ကလည်း အခုထိမရေမရာ ဖြစ်နေဆဲပါပဲ။
ကမ်းဘဲလ်ကတော့ ဒီကစားသမား သုံးဦးစလုံးဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ယုံကြည်နေပြီး သူတို့နေရာမှာ အစားထိုးဖို့ အာတီတာအနေနဲ့ တိုက်စစ်မှူးနှစ်ဦးကို ခေါ်ယူရမယ်လို့ အကြုံပြုခဲ့တာ ဖြစ်ပါတယ်။
“ ကျွန်တော်တို့ တိုက်စစ်မှူးသစ်နှစ်ယောက်လိုပါတယ်။ အော်ဘာမီယန်း၊လာကာဇက်၊အက်ဒီအန်ကက်တီးယားတို့က အသင်းက ထွက်ခွာမှာမို့လို့ တကယ်ပဲ တိုက်စစ်မှူးသစ်နှစ်ဦးလိုတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘာလိုဂန်ကလည်း အတွေ့အကြုံရဖို့ အငှားထွက်ကစားဖို့ လိုသေးတယ်မလား” လို့ဆိုပါတယ်။
အာဆင်နယ်ဟာလည်း တိုက်စစ်မှူးသစ်ခေါ်ယူဖို့ အပူတပြင်းကြိုးစားနေတာဖြစ်ပါတယ်။ ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းကတော့ အကျယ်လောင်ဆုံးဖြစ်နေပြီး အချို့သတင်းတွေအရတော့ ကစားသမားဟာ ချဲလ်ဆီး ဒါမှမဟုတ် မန်စီးတီးကိုပဲ ပြောင်းရွှေ့ဖို့ များနေတယ်လို့ သိရပါတယ်။ ဒီနေ့ညနေပိုင်းမှာတော့ အာဆင်နယ်က ရွက်ကုန်ဖွင့်ပြီး ကမ်းလှမ်းထားတယ်လို့ The Athletic က ဖော်ပြထားပါတယ်။ အာတီတာကလည်း တိုက်စစ်မှုးခေါ်ယူရေးဟာ အသင်းရဲ့ ထူးခြားတဲ့အခြေအနေတစ်ခုထဲရောက်နေတယ်လို့ ဆိုထားပါတယ်။ နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာတော့ အာတီတာရဲ့အဆိုအရ ကွင်းလယ်လူခေါ်ဖြစ်ဖို့က သေချာသလောက်ပါပဲ
အဲဗာတန်နဲ့ အင်္ဂလန်တိုက်စစ်မှူးဖြစ်သူ ကဲလ်ဘာ့ လီ၀င်းကိုလည်း ခေါ်ယူဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေခဲ့ပါတယ်။ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် ပရီးမီးယားလိဂ် ကစားဟန်နဲ့ အသားကျပြီးဖြစ်တဲ့ အဲဗာတန်တိုက်စစ်မှူးကို ခေါ်ယူတာဟာ သင့်လျော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ သို့သော် အီဆက်ခ် နဲ့ကလည်းကျယ်ကျယ်လောင်လောက်သတင်းထွက်နေသလို ၊ BT Sports ရဲ့ Pundit ဖြစ်တဲ့ ရီယိုဖာဒီနန်ကလည်း အီဆက်ခ်ကိုခေါ်ဖို့ ထောက်ခံချက်ပေးထားပြန်ပါတယ်။
အာဆင်နယ်ဟာ ဈေးကွက်မှာ တိုက်စစ်မှူးတွေကိုသာမက ကွင်းလယ်လူတွေကိုသာ ရှာဖွေနေတာ တွေ့ရပါတယ်။ ဘယ်သူတွေရောက်လာမလဲဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။