ဒဏ်ရာကြောင့်အသင်းကို ပြန်ပို့ခံရတဲ့ အငှားချလူငယ်
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အငှားချထားတဲ့ အာဆင်နယ်လူငယ်လေး အိုဆီတုတု ကို ဒဏ်ရာပြသနာတွေကြောင့် စာချုပ်ဖျက်သိမ်းကာ မိခင်အသင်းထံပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါနောက်ခံလူငယ်လေးဟာ နော်တင်ဟမ်အတွက်ပွဲဦးထွက်ကစားပေးစဥ်က Man Of The Match ရတဲ့အထိအစွမ်းပြနိုင်ပေမယ့် နောက်ပိုင်းမှာတော့ ကာလအတော်ကြာ အနားယူနေခဲ့ရပါတယ်။
ဟိုးဒင်းနဲ့ နယူးကာဆယ် သတင်းပြန်ထွက်
လောလောလတ်လတ် နောက်ခံလူထရစ်ပီယာကို ခေါ်ယူထားတဲ့ နယူးကာဆယ်အသင်းဟာ အာဆင်နယ်ရဲ့ ဟိုးဒင်းကိုလည်း စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းဌာန Fichajes ကဖော်ပြသွားပါတယ်။ ယခင်ကတည်းက ဟိုးဒင်းကိုခေါ်ယူဖို့ကြိုးစားဖူးတာဖြစ်လို့ တန်းဆင်းဇုန်ကနေရုန်းနေရချိန်မှာ ပိုမိုတိုးမြှင့်ကြိုးစားလာဖွယ်ရှိပေမယ့် ကစားသမားဟာ အာတီတာရဲ့ အရံအင်အားထဲမှာတော့ပါဝင်နေဆဲဖြစ်ပါတယ်။
ဆာကာနဲ့လီဗာပူးသတင်းတွေကို မေ့ပစ်လိုက်ဖို့ ဂန္တဝင်ကြီးပြော
ဂန္တဝင်ကြီး ကိဗင်ကင်းဘဲလ်က အာဆင်နယ်လူငယ်လေးဆာကာ ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေဟာ အဓိပ္ပါယ်မရှိကြောင်း တုန့်ပြန်သွားခဲ့ပြီး ၊ ကစားသမားလေးကို စာချုပ်သစ်ချုပ်ဖို့လဲ Hibury Squad အစီအစဥ်မှတဆင့်တိုက်တွန်းသွားပါတယ်။
ဒါတွေပဲနေ့တိုင်းမြင်နေရတာပဲဗျာ .. လိဗာပူးနဲ့သတင်းတွေကို ခေါင်းထဲကထုတ်လိုက်စမ်းပါ။ ဆာကာ ဟာ ဘယ်စျေးမှမပေါက်ဘူး .. ရောင်းဖို့လဲမဟုတ်ဘူး။ သူလဲ ဘယ်မှမသွားဘူး။ အာဆင်နယ်အနေနဲ့လဲ နောက်ထပ်စာချုပ်သစ်တစ်ခုချုပ်ပြီးသာ အားလုံးကို ပါးစပ်ပိတ်ထားလိုက်စေချင်တယ် ဆိုပြီးပြောသွားခဲ့တာပါ။
ရီနာတိုဆန်းချက်စ် ဟာ ဘာကာနည်းပြဇာဗီရဲ့ အဓိကပစ်မှတ်လို့ဆို
Daily Mail သတင်းစာရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ပစ်မှတ်ဖြစ်သူ ရီနာတိုဆန်းချက်စ်ကို ဘာစီလိုနာအသင်းကလဲ ကြိုးစားဖို့ရှိတယ်လို့ သိရပါတယ်။ အဆိုပါကစားသမားဟာ အာဆင်နယ်နဲ့အလွန်နီးစပ်နေပြီလို့ သိရပေမယ့် ကွင်းလယ်လူဖြည့်တင်းချင်နေတဲ့ ဘာစီလိုနာကလည်း ခေါ်ယူလိုနေတာဖြစ်ပါတယ်။ Mirror ရဲ့ရေးသားချက်အရ ဆန်းချက်ဟာ ဇာဗီရဲ့ ဦးစားပေးကစားသမားဖြစ်တယ်လို့လဲသိရပါတယ်။
ဗလာဟိုဗစ်ကို ချဲလ်ဆီးက ကြားဖြတ်ကြိုးစားဖွယ်ရှိ
CBS Sports ရဲ့ သတင်းထောက်ဖြစ်သူ ဘင်ဂျက်ကော့်ဘ်ရဲ့အဆိုအရ ချဲလ်ဆီးအသင်းဟာလည်း ဗလာဟိုဗစ်ကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ အာဆင်နယ်နဲ့ ဗလာဟိုဗစ်ရဲ့ အပြောင်းအရွှေ့ဟာ ခေါ်ယူလိုသူဖက်က လှုပ်ရှားမှုတွေသာစိပ်နေခဲ့ပြီး ကစားသမားဖက်က တုန့်ပြန်မှုမရှိသလောက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးသတင်းတွေအရ တော်ရဲရားနဲ့ အလဲအထပ်သဘောလုပ်ဆောင်ဖို့ရှိနေပေမယ့် သတင်းအဖြစ်သာရပ်တန့်နေဆဲဖြစ်ပါတယ်။
ကော်တင်ဟိုကို စိတ်ဝင်စားသူများပြားလာ
Football London ရဲ့ဖော်ပြချက်အရ အာဆင်နယ် နဲ့ သတင်းထွက်နေတဲ့ ကော်တင်ဟို ကို အသင်းဟောင်းလီဗာပူး ၊ မြို့ခံပြိုင်ဖက် အဲဗာတန်အပါအဝင် စတီဗင်ဂျာရတ် ရဲ့ အက်စတွန်ဗီလာတို့လည်း ပါဝင်လာပြီလို့သိရပါတယ်။ အဆိုပါ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ကစားခွင့်ရတဲ့အသင်းတစ်သင်းထံပြောင်းရွေ့ဖို့အတွက် လစာကိုပါလျှော့ပေါ့ယူဖို့အသင့်ရှိနေတယ်လို့ သတင်းများက ဖော်ပြကြပါတယ်။