ဂွီမာရေးစ်ကို ဗုဒ္ဓဟူးနေ့က အာဆင်နယ်က ဆက်သွယ်ခဲ့တယ်လို့ ဖော်ပြ
အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဂွီမာရေးစ်ကို မနေ့က (ဗုဒ္ဓဟူးနေ့) က ကမ်းလှမ်းခဲ့တယ်လို့ Football London ကဖော်ပြသွားပါတယ်။ လက်ရှိကစားသမားရဲ့ အေးဂျင့်ဟာ အာဆင်နယ်အသင်းနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ ဂျော်ရတ်ချီယန်ဖြစ်နေတာကြောင့် ကစားသမားကိုခေါ်ယူရေး လွယ်ကူဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ကစားသမားဟာ လိုင်ယွန်နဲ့အတူ ၃ ရာသီမြောက်ကိုဖြတ်သန်းနေတာဖြစ်ပြီး ၅၅ ပွဲကစားပြီး ၃ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ HITC ရဲ့ဖော်ပြချက်အရတော့ နယူးကာဆယ်နဲ့ အဲဗာတန်တို့ကလဲ ဂွီမာရေးစ်ကို စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။
ဘာလိုဂန် တစ်ယောက် မစ်ဒယ်ဘရော့ကို ပြောင်းပြီ
လူငယ်တိုက်စစ်မှုးလေး ဘာလိုဂန်ဟာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို အငှားနဲ့ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဘိုရိုတို့ဟာ ရာသီကုန်အထိ စာချုပ်ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားရဲ့ လစာကို အပြည့်အဝပေးချေသွားမှာဖြစ်တယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။
ဂါဘရီယယ်ရဲ့ အနီကတ်ကို အာတီတာ မငြင်း
ဂါဘရီယယ်ရဲ့ အနီကတ်ကို အာတီတာ ဖက်က စောဒကမတက်ပဲ လက်ခံသွားခဲ့တယ်လို့ နိုဝယ်ဝီလျှံက ဆိုပါတယ်။ အနီကတ်ပြစ်ဒဏ်ကြောင့် နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားမယ့် ပွဲစဥ်မှာ ဂါဘရီယယ် ပါဝင်နိုင်မှာမဟုတ်ပဲ အခြားပွဲစဥ်တွေမှာပြန်လည်ကစားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် သတင်းအချို့ရဲ့အဆိုအရ နော်တင်ဟမ်နဲ့ FA Cup ပွဲစဥ်ဟာလည်း ကျန်းမာရေးစစ်ဆေးမှုများကို စောင့်ကြည့်ရဦးမှာဖြစ်လို့ အခြေအနေတစ်ရပ်တော့ပြောင်းလဲနိုင်သေးတယ်လို့ သိရပါတယ်။
လင့်တေးကို စပါးကလည်းပစ်မှတ်ထား
အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတဲ့ ဘရိုက်တန်နောက်ခံလူ လင့်တေး ကို စပါးအသင်းကလဲ အပြိုင်ကြိုးပမ်းလာဖွယ်ရှိတယ်လို့ The Express သတင်းဌာနကဖော်ပြလာပါတယ်။ သန်း ၅၀ ခန့်တန်ကြေးရှိတဲ့ အဆိုပါနောက်ခံအစွန်လူကို တိုမီယာစုတစ်ယောက်ထဲရှိနေတဲ့ ညာခြမ်းခံစစ်အတွက် အာဆင်နယ်တို့က လျာထားခဲ့တာဖြစ်ပါတယ်။
ဘန်ဝှိုက်ကို ဝေဖန်နေကြတာတွေကို နားမလည်ကြောင်း ဂန္တဝင်ကြီးပြော
အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှုးဟောင်းကြီး ကီဗင်ကင်းဘဲလ်က ဘန်ဝှိုက်ကို ဝေဖန်နေကြတာတွေအပေါ်နားမလည်ကြောင်း ၊ အဓိပ္ပါယ်မရှိတဲ့ ပြောဆိုမှုတွေသာဖြစ်ကြောင်း Hibury Squad အစီအစဥ်ကနေပြောဆိုလာပါတယ်။ ဘန်ဝှိုက်က ကာကွယ်မှုတွေမလုပ်နိုင်ဘူးလို့ပြောနေကြတယ်။ သူသာမလုပ်နိုင်ဘူးဆိုပါစို့ .. မန်စီးတီးက ပထမပိုင်းထဲက ဂိုးတွေသွင်းသွားပြီဗျ။ ပထမပိုင်းမှာကန်ခွင့်တောင်မရအောင်စွမ်းဆောင်သွားခဲ့တာပဲ။ တစ်ခါတစ်လေ လူတွေက ဘာတွေပြောနေမှန်းကို မသိတာဗျ ဆိုပြီးချေပသွားခဲ့ပါတယ်။