အီဆက်ကို ခေါ်ဖို့ မခက်ခဲတဲ့ အာဆင်နယ်
Football Insider ရဲ့ဆောင်းပါးရှင် နိုဝယ်ဝီလျှံက အာဆင်နယ်အသင်းဟာ အူဘာမီယန်ရဲ့ စရိတ်စက ကိုသာလျှော့ချနိုင်ခဲ့မယ်ဆိုရင် ဆိုစီဒက်တိုက်စစ်မှုး အီဆက်ခ် ကို ၄၈ နာရီအတွင်းစာချုပ်နိုင်တဲ့အနေအထားမှာ ရှိနေတယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ ဗလာဟိုဗစ်နဲ့ အီဆက်ခ် တို့နှစ်ဦးနဲ့ အာဆင်နယ်အသင်းရဲ့ သတင်းတွေဟာ ဆက်တိုက်ထွက်ပေါ်နေပါတယ်။
ကူလူဆက်စကီကို ပြီးခဲ့တဲ့ရက်သတ္တပတ်က အာဆင်နယ်ဆက်သွယ်ခဲ့တယ်လို့ အီတလီသတင်းစာဖော်ပြ
အီတလီသတင်းဌာန Calciomarcarto ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ လွန်ခဲ့တဲ့ရက်အနဲငယ်အတွင်းမှာ ကူလူဆက်စကီအတွက် ဆက်သွယ်မှုတွေပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြလာပါတယ်။ ကစားသမားအတွက် ဆက်သွယ်လာတဲ့အထဲမှာ စပိန်ကလပ် ဆီးဗီးလားလဲပါဝင်ခဲ့ပေမယ့် ဂျူဗင်တပ်စ်တို့ဖက်က အပြီးသတ်သာရောင်းချလိုတာကြောင့် ဆီးဗီးလားတို့ဟာ ပြန်လည်သုံးသပ်သွားမယ်လို့ သိရပါတယ်။
အာတီတာကို စာချုပ်သစ်ချုပ်ဖို့ အလောတကြီးမလုပ်ဖို့ သုံးသပ်
ဘောလုံးသုံးသပ်သူများဖြစ်ကြတဲ့ ခရစ်ဒေဗီဆင်နဲ့ တွမ်ကာတွန်တို့ဟာ အာတီတာအတွက် စာချုပ်သစ်တစ်ရပ်ကို အစောတလျှင်မချုပ်ဆိုသင့်ကြောင်း The Arsenal Way Talkshow မှာ ထည့်သွင်းဆွေးနွေးသွားကြပါတယ်။ တွမ်ကာတွန်က “ တကယ်လို့သာ ရာသီကုန်မှာ ထိပ်ဆုံး ၄ သင်းဝင်ခဲ့တယ်ဆိုလို့ရှိရင်တော့ ချက်ချင်းပဲစာချုပ်သစ်ကို ကမ်းလှမ်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် ၆ သင်းပဲဝင်ခဲ့ရင်တော့ ဆက်လက်စောင့်ကြည့်သွားဖို့သင့်ပါတယ်။ ပြီးခဲ့တာရာသီတွေမှာလည်း အဆင့် ၈ နဲ့ပဲ ရာသီသိမ်းခဲ့တာဖြစ်လို့ အာတီတာကို လောပြီးစာချုပ်သက်တမ်းတိုးတာမျိုးမလုပ်သင့်သေးပါဘူး” လို့ဆိုခဲ့တာပါ။
အူဘာမီယန်အတွက် ဆက်သွယ်လာတဲ့ ဒေါ့မွန်
Tutto Marcerto ရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ သူတို့ရဲ့တိုက်စစ်မှုးဟောင်း အူဘာမီယန် နဲ့ပတ်သတ်ပြီး ဆက်သွယ်မေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အူဘာမီယန်ဟာ ဒေါ့မွန်မှာ ၄ ရာသီခွဲကြာ ကစားခဲ့ဖူးပြီး ဂိုးပေါင်း ၁၄၁ ဂိုးထိသွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ နယူးကာဆယ်အသင်းက အပြီးသတ်ခေါ်ယူမှုပါဝင်တဲ့အငှားနဲ့ခေါ်ယူချင်တဲ့သတင်းဟာ ရှေ့ဆုံးက ပြေးနေပါတယ်။
နိုင်းလ်စ်ရဲ့ အပြောင်းအရွေ့ စာရွက်စာတန်းကိစ္စသာကျန်
ရိုးမားနဲ့ နိုင်းလ်စ်ရဲ့ အပြောင်းအရွေ့ဟာ ပြီးမြောက်ခဲ့ပြီဖြစ်ပြီး စာရွက်စာတမ်းကိစ္စများ ယနေ့အပြီးသတ်မှာဖြစ်တယ်လို ဖေဘရီဇီယို ရိုမာနို က ပြောလာခဲ့ပါတယ်။ စာချုပ်အရ ရာသီကုန်ထိအငှားနဲ့ပြောင်းရွေ့မှာဖြစ်ပြီး ၊ အပြီးသတ်ဝယ်ခွင့်မပါဝင်ဘူးလို့ သိရပါတယ်။ နိုင်းလ်စ်ဟာ ပြီးခဲ့တဲ့ရာသီကလဲ ဝက်စ်ဘရွန်းအသင်းကို အငှားနဲ့သွားကစားခဲ့ပါသေးတယ်။