၂၀၂၂ မှာ အမြင့်ဆုံးပျံတက်လာမယ့် အာဆင်နယ်ရဲ့ အကယ်ဒမီ ကြယ်ပွင့်ကစားသမားလေးများ

စမစ်ရိုး၊ ဆာကာတို့ကို မွေးထုတ်ပေးခဲ့တဲ့ အာဆင်နယ်အကယ်ဒမီကနေ အခြားသော ကြယ်ပွင့်ကစားသမားတွေကိုလည်း ၂၀၂၂မှာ ထပ်မံမြင်တွေ့ရဖို့ ရှိနေပါတယ်။ သူတို့နှစ်ယောက်ရဲ့အောင်မြင်မှုဟာ ဟေးအန်း အကယ်ဒမီအပေါ် အားလုံးရဲ့မျှော်လင့်ချက်တွေက တိုးလာလျှက်ရှိပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့အငယ်ဆုံးပွဲထွက်လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ အာတီတာရဲ့ လမ်းညွှန်မှုအောက်မှာ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေရရှိထားသလို အနာဂတ်မှာ အားကိုးရမယ့် နောက်ထပ် လူငယ်ကစားသမားအင်အားစုကိုလည်း အသင်းရဲ့အကယ်ဒမီကနေ မွေးထုတ်ပေးနေတာဖြစ်ပါတယ်။ နှစ်သစ်မှာ အသင်းနဲ့အတူ အကောင်းဆုံးတောက်ပလာမယ့် လူငယ်ကြယ်ပွင့်တွေကို လက်လှမ်းမှီသလောက်ရွေးထုတ်ပေးလိုက်ပါတယ်။

ချာလီပါတီနို 

‌ပါတီနိုဟာ အသင်းရဲ့ အတော်ဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အလားအလာရှိတဲ့ ကြယ်ပွင့်ကစားသမားဖြစ်ပါတယ်။  အသက်၁၈နှစ်အရွယ် အင်္ဂလန်သားဟာ လက်ရှိရာသီမှာ အသင်းကြီးနဲ့အတူ EFL Cupပွဲစဉ်တစ်ပွဲ ကစားခွင့်ရခဲ့ပြီး သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။သူ့ရဲ့ အရည်အသွေးတွေကြောင့် များမကြာမီ အာဆင်နယ်ရဲ့ ကွင်းလယ်မှာ မြင်တွေ့ရမယ့် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ 

အိုမာရီ ဟတ်ချင်ဆန် 

ဟတ်ချင်ဆန်ဟာ အသက်၁၈နှစ်သာရှိသေးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပါတယ်။အသင်းရဲ့ ဘောလုံးစွမ်းရည် အပြည့်၀ဆုံး ကစားသမားတွေထဲ တစ်ဦးဖြစ်ပြီး နည်းပြတွေရဲ့ သဘောကျနှစ်သက်မှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။  အသက်၁၂နှစ်အရွယ်ကတည်းက သူ့ရဲ့ ဘောလုံးစွမ်းရည်ကို ပြသထားတဲ့ ဗီဒီယိုကြောင့် ဟတ်ချင်ဆန်ဟာ သတိထားခံခဲ့ရပြီး စောင့်ကြည့်ရမယ့် ပါရမီရှင် လူငယ်တစ်ယောက်ဖြစ်ပါတယ်။ 

မီဂွယ် အက်ဇ်ဇိ

မီဂွယ်ဟာ လက်ရှိမှာ လိဂ်၀မ်းကလပ် ပို့စ်မောက်မှာ အငှားထွက် ကစားနေတာဖြစ်ပါတယ်။ ယူရိုပါလိဂ် အုပ်စုပွဲစဉ်တစ်ခုမှာ အသင်းကြီးအတွက် ပါ၀င်ပွဲထွက်ခွင့်ရထားတဲ့ မီဂွယ်ဟာ အသက်၁၉နှစ်သာ ရှိသေးပြီး ကွင်းလယ်ကစားသမား တစ်ဦးဖြစ်ပါတယ်။  နောက်လာမယ့် ရာသီမှာတော့ သူ့ကို အတွေ့အကြုံပိုများအောင် အငှားဆက်ချထားမလား ဒါမှမဟုတ် အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းသွားမလားဆိုတော့ မသေချာသေးပါဘူး။ ကစားသမားဟာ အသင်းရဲ့အနာဂတ်အတွက် အရေးပါတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာကတော့ အသေအချာပါပဲ။ 

ဘာလိုဂန် 

အကယ်ဒမီကစားသမားတွေထဲမှာ အတွေ့ အကြုံအများဆုံးဖြစ်တဲ့ ဘာလိုဂန်ဟာ မကြာသေးမီးကပဲ အသင်းနဲ့အတူ နှစ်ရှည်စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ 

ပထမဦးဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ ရာသီအဖွင့် ပွဲစဉ်မှာ ပါ၀င်ခွင့်ရထားခဲ့ပါတယ်။  EFL Cup ပွဲစဥ်နှစ်ပွဲမှာ အသင်းအတွက် နှစ်ဂိုး သွင်းယူပေးထားနိုင်ခဲ့တဲ့ ဘာလိုဂန်ဟာ အနာဂတ်မှာ အသင်းအတွက် အားကိုးရမယ့် တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။လက်ရှိဇန်နဝါရီလမှာတော့ ပွဲထွက်ခွင့်နဲ့ အတွေ့အကြုံရဖို့ အာဆင်နယ်က သူ့ကိုအငှားချသွားဖို့ ရှိနေနိုင်ပါတယ်။ 

မီကာဘိုင်ရတ် 

မီကာဘိုင်ရတ်ဟာအာဆင်နယ် ယူ၂၃မှာ ဘာလိုဂန်နဲ့အတူ တွဲဖက်ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆွီဒင်သား တိုက်စစ်မှူးဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီမှာ လိဂ်တူး ကလပ် ဖူလ်ဟမ်အတွက် ၂၁ပွဲကစားပြီးချိန်မှာ ၂၁ဂိုးသွင်း ၁၃ဂိုးဖန်တီးခဲ့ပြီးနောက် အာဆင်နယ်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။ 

မီဟာဘိုင်ရတ်ဟာ အသင်းဖော်ဘာလိုဂန်လိုပဲ အငှားထွက်ကစားရဖို့ရှိနေပြီး သူ့ရဲ့အဆုံးသတ်စွမ်းရည်ကောင်းမွန်မှုကြောင့် အသင်းအတွက် အားကိုးရမယ့် တိုက်စစ်မှူးတစ်ဦးအဖြစ် ထင်ကြေးပေးခံထားရပါတယ်။

ဒီအချက်အလက်တွေဟာ ပရိတ်သတ်တွေသိထားပြီးသားများမှာဆိုပေမယ့် ပြန့်ကျဲနေတဲ့အချက်အလက်တွေကို ပြန်လည်စုစည်းပေးလိုက်တာဖြစ်ပါတယ်။ စမစ်ရိုး နဲ့ ဆာကာတို့ရဲ့ခြေရာနင်းနိုင်မယ့် ကစားသမားလေးတွေထပ်ဖြစ်လာမလားကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: